ဗြိတိန်က ဧရာမ မိသားစုကြီး

46118454_353840882039325_7249708180635123712_n.jpg

ဒီမိသားစုက ဗြိတိန်ရဲ့ အကြီးဆုံးသော ဧရာမ မိသားစုကြီးအဖြစ် မှတ်တမ်းတင်ထားခဲ့ပြီး ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ၂၁ ဦးမြောက် မိသားစုဝင် ရင်သွေး ရတနာလေးကို ထပ်မံ မွေးဖွားခဲ့ပြန်ပါပြီ။ မိသားစုက ပိုမိုကြီးထွားလာခဲ့ပြီဖြစ်ပြီး အံ့အားသင့်စရာ လင်မယားနှစ်ဦးကတော့ အသက် ၄၇ နှစ်အရွယ် ဖခင်နိုဝယ်လ်ရက်ဖို့ (Noel Radford) နဲ့ အသက် ၄၃ နှစ်အရွယ် မိခင် ဆူးရက်ဖို့ (Sue Radford) တို့ပဲ ဖြစ်ပါတယ်။

ကလေးလေးဟာ ၈ ပေါင် ၄ အောင်စ နဲ့ လုံးလုံးကစ်ကစ်လေးဖြစ်ပြီး နာမည်ကတော့ ဘွန်နီ (Bonnie) လို့ခေါ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ် အင်္ဂါနေ့က တော်ဝင်လန်ကတ်ရှိုင်းယား ဆေးရုံမှာ ဆူးဟာ ဘွန်နီလေးကို အခက်အခဲမရှိ မွေးဖွားခဲ့တာဖြစ်ပြီး ကျန်းမာရေး ဒေါင်ဒေါင်မြည်၊ ပေါင်အပြည့်နဲ့ မချူမချာ မွေးဖွားလာခဲ့တဲ့ ဘွန်နီလေးကို ချစ်စဖွယ် မြင်တွေ့ကြရမှာပါ။ ဒီဆေးရုံမှာတင်ပဲ သူတို့မိသားစုရဲ့ ကလေး ၁၄ ယောက်ကို လာရောက်မီးဖွားခဲ့တာဖြစ်လို့ သူတို့စုံတွဲဟာ ဆေးရုံရဲ့ မိသားစုဝင်တွေလိုတောင် ဖြစ်နေပါပြီ။ အသည်းယားစရာ ဘွန်နီလေးကို တစ်မိသားစုလုံးက ချီပွေ့ဖို့ မစောင့်နိုင်အောင် ဖြစ်နေကြပြီး ဘွန်နီလေး အိမ်ရောက်လာချိန်မှာတော့ တန်းစီပြီး ချီပွေ့နှုတ်ဆက်ကြပါတော့တယ်။

အာဂမိခင်ကြီး ဆူးက သူ့တစ်သက်တာရဲ့ ရက်သတ္တပတ်ပေါင်း ၈၁၁ ပတ် တိတိဟာ ကိုယ်ဝန်ဆောင်ဘဝနဲ့ နေထိုင်ပြီး ကိုယ်ဝန်လွယ်ခဲ့ရသူပါ။ အခုတော့ သူ့ရဲ့သားသမီးတွေ၊ မြေးမြစ်တွေနဲ့သာ ဘဝကို အေးအေးဆေးဆေးပဲ နေထိုင်သွားဖို့ ဆုံးဖြတ်ထားပါပြီတဲ့။

ကလေးထပ်မယူတော့မှာ သေချာသွားပြီလို့ သူတို့လင်မယားနစ်ဦးစလုံးက အတိအလင်း ပြောပေမယ့် သူတို့ရဲ့ သားသမီးတွေကတော့ သူတို့ကို အယုံအကြည် မရှိတော့ပါဘူး။ မနှစ်ကလည်း ဒါနောက်ဆုံးကလေးပါ၊ ထပ်မယူပါဘူးလို့ Youtube မှာ လူသိရှင်ကြား ကြေညာပြီးမှ အယောက် ၂၀ မြောက် ကလေးကို မွေးဖွားခဲ့ပြီး ဒီနှစ်မှာ ဘွန်နီ ကို ထပ်မွေးဖြစ်ခဲ့တာကိုး။ မိသားစုဝင်ကတော့ မိဘတွေဟာ နောက်ထပ်ကလေး မွေးကိုမွေးဦးမှာလို့ ယူဆနေကြပါတယ်။

“သုံးယောက်ပဲ မွေးမယ်လို့ တွက်ထားတာ…။ ဒါပေမယ့်ပေါ့ဗျာ…၂၁ ယောက်အထိ မွေးဖြစ်သွားတယ်ဆိုပါတော့။ ဆေးရုံက သားဖွားဆရာဝန်ကိုလည်း နောက်နှစ်တော့ထပ်မလာဖြစ်တာ သေချာပါတယ်ဗျာလို့ ကတိပေးခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ဝတ်စုံတွေကိုလည်း ကျွန်တော်တို့ လွှင့်ပစ်တော့မှာပါ” လို့ လင်မယားနှစ်ယောက်စလုံးက ပြောပြခဲ့အပြင် တစ်အိမ်လုံးမှာ ရယ်သံတွေ လွှမ်းနေပြီး ပျင်းရတဲ့အချိန်ဆိုတာကို မရှိဘူးလို့လည်း ဆိုပါသေးတယ်။

ဆူးဟာ ပထမဆုံးသားဦးလေးကို စမွေးချိန်က အသက် ၁၄ နှစ်သာ ရှိပါသေးတယ်။ အကြီးဆုံးသားကြီး ခရစ်စ်ကတော့ အသက် ၂၈ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။ အခုချိန်မှာတော့ ဖခင်ကြီး နိုဝယ်လ်ဟာ မုန့်တိုက်တစ်ခု ဖွင့်ပြီး တစ်လ ယူရို ၅သောင်း ဝင်ငွေနဲ့ မိသားစုဝမ်းရေးအတွက် ရပ်တည်နိုင်နေကြသလို ယူကေကနေ သတ်မှတ်ပေးအပ်တဲ့ ကလေးထောက်ပံ့ကြေးငွေကိုပါ မိသားစုက လက်ခံရရှိကြပါတယ်။ မိသားစုကြီးရဲ့ တစ်နေ့တာ အာဟာရအတွက် နွားနို့ ၁၈ ပိုင့်၊ အသီးဖျော်ရည် ၃ လီတာ၊ အာဟာရမုန့် ၃ သေတ္တာ နေ့စဉ်စားသောက်ကြရပါတယ်။

သူတို့ ဇနီးမောင်နှံမှာ လက်ရှိဧရာမမိသားစုကြီးအပြင် ၂၀၁၄ ခုနစ်က မွေးဖွားပြီးမှ အဖတ်မတင်ဖြစ်ခဲ့တဲ့ သားလေး အယ်ဖီ (Alfie) ကို တစ်ခါ ဆုံးရှုံးခဲ့ရဖူးပါတယ်။ အခုမွေးဖွားလာတဲ့ ဘွန်နီဟာ သေဆုံးသွားတဲ့ အယ်ဖီလေး ဝင်စားနေတယ်လို့ သူတို့လင်မယားက မှတ်ယူကြပြီး အယ်ဖီနဲ့ ဘွန်နီက ထူးခြားတဲ့ ရေစက်ရှိနေတယ်လို့လည်း ဆိုခဲ့ပါတယ်။

Ref: DailyMail ” Britain’s biggest family gets even bigger! The Radfords welcome baby number 21″

AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top