Quarantine ကာလကို ၁၄ ရက် အဖြစ်လျှော့ချ ရောဂါသက်သာပြီး ၄ ရက်ဆို ဆေးရုံမှ ဆင်းရမယ်

7-9-2020-yyl-021.jpg

ရန်ကုန် စက်တင်ဘာ ၇
Quarantine ကာလကို ၁၄ ရက်အဖြစ် လျှော့ချသတ်မှတ်လိုက်တဲ့အပြင် အရင်ကလို နှစ်ကြိမ်ပိုးမတွေ့ စောင့်စရာမလိုဘဲ ရောဂါလက္ခဏာသက်သာပြီး ၄ ရက်ဆို ဆေးရုံမှ ဆင်းရမယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ရိုးရာလေးကို ပြောပါတယ်။

”အနည်းဆုံးတော့ ၁၄ ရက် နေရပါမယ်။ ဒါပေမဲ့ အရင်ကလို နှစ်ကြိမ်ပိုးမတွေ့အထိ စစ်စရာမလိုတော့ဘူး။ ရောဂါလက္ခဏာပေါ် မူတည်ပြီးတော့ သက်သာတယ်၊ စိတ်ချရတယ်ဆိုရင် နောက်ထပ်(၄)ရက်နေပြီး ဆေးရုံကနေ ဆင်းရပါမယ်”လို့ ၎င်းက ပြောပါတယ်။ နိုင်ငံတကာမှာ WHO ရဲ့ လမ်းညွှန်ချက်(Guideline)နဲ့အညီ ဆေးရုံဆင်းရက်တွေကို ရှစ်လပိုင်းကတည်းက ပြုပြင်ပြောင်းလဲထားတာဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာလည်း ပြုပြင်ပြောင်းလဲဖို့ သင့်တော်တဲ့အချိန်ရောက်ပြီမို့ အခုလို ဆောင်ရွက်တာလို့လည်း ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

”သုတေသနစာစောင် ၇၉ စောင်ပေါင်းစပ်ထားတဲ့ သုတေသနအနှစ်ချုပ်အရလည်း ၉ ရက်နောက်ပိုင်းမှာ မကူးဆက်နိုင်တော့ဘူးဆိုတာကို တွေ့ရှိထားတဲ့အတွက် ပိုးတွေ့လူနာကို ၁၄ ရက်ထားခြင်းဟာ လုံလောက်ပါတယ်” လို့ ၎င်းက ပြောပါတယ်။ အခုလိုဖြေလျှော့မှု တွေလုပ်လိုက်တဲ့အတွက် Quarantine Center လိုအပ်ချက်တွေ အတိုင်းအတာတစ်ခုထိ လျော့ပါးသွားပြီးတော့ Quarantine ဝင်ရတဲ့ ပြည်သူတွေအနေနဲ့လည်း စိတ်ရော၊ ကိုယ်ပါ သက်တောင့်သက်သာ ပိုရှိသွားကြလိမ့်မယ်လို့ ဒေါက်တာခင်ခင်ကြီးက ဆိုပါတယ်။

ဒါ့အပြင် ဓာတ်ခွဲပစ္စည်းတွေ၊ Sample ယူရတဲ့ပစ္စည်းတွေကအစ ပိုလျှံလာမှာဖြစ်တဲ့အတွက် လိုအပ်တဲ့ နေရာမှာ ပိုမိုအသုံးချလာနိုင်မှာဖြစ်ပြီးတော့ လူနာတွေအနေနဲ့လည်း မလိုအပ်ဘဲ ဆေးရုံမှာ အကြာကြီးနေစရာမလို တော့ဘူးလို့ ၎င်းက ပြောပါတယ်။ အရင်က Quarantine ကာလကို ၂၁ ရက်သတ်မှတ်ထားတာဖြစ်ပြီးတော့ ပိုးတွေ့လူနာကို ဓာတ်ခွဲစစ်ဆေးရာမှာလည်း နှစ်ကြိမ်ဆက်ပိုးမတွေ့ရှိမှသာ ပိုးကင်းစင်တယ်လို့ သတ်မှတ်ပြီး ဆေးရုံက ဆင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top