ကွန်ကရစ်တိုင်တစ်ခုအတွင်း ပိတ်မိနေတဲ့ ဗီယက်နမ်ကလေးလေးကို (၃) ရက်ကြာတဲ့အထိ ကယ်တင်လို့ ကြိုးပမ်းနေရဆဲ

3-1-2023-yyl-33.jpg

ဗီယက်နမ်နိုင်ငံမှာ ဒီဇင်ဘာ ၃၁ ရက်နေ့က အသက် ၁၀ နှစ်အရွယ်ကောင်လေးတစ်ဦး ကွန်ကရစ်တိုင်တစ်ခုအတွင်း ကျသွားခဲ့ပါတယ်။ Thai Ly Hao Nam အမည်ရတဲ့ အဲဒီကလေးလေးကို ကယ်တင်ဖို့ ကြိုးပမ်းနေပေမဲ့ တွင်းထဲကနေ ထုတ်လို့မရသေးဘူးလို့ သိရပါတယ်။

Nam က အခြားကလေး (၃) ဦးနဲ့အတူ သံတိုသံစတွေကောက်ဖို့အတွက် Dong Thap ပြည်နယ်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုထဲ ဝင်ရောက်ခဲ့ကြတာဖြစ်တယ်လို့ ဗီယက်နမ်သတင်းက ဖော်ပြခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ Nam က အဝကျယ် ၂၅ စင်တီမီတာသာရှိပြီး ၃၅ မီတာနက်တဲ့ ကွန်ကရစ်တိုင်အပေါက်ထဲ ကျသွားခဲ့ပါတယ်။ မနက် ၁၁ ခွဲဝန်းကျင်လောက်မှာ သူ ကျသွားခဲ့တာကို အနီးနားက CCTV က ရိုက်ကူးထားနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

သူ ကျသွားပြီး နာရီဝက်လောက်မှာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်ရှိလာခဲ့ပြီး မြေတူးစက်၊ ကရိန်းစက်တွေကို အသုံးပြုပြီးကွန်ကရစ်တိုင်ကို ဆွဲထုတ်ဖို့ ကြိုးစားတာလို နည်းလမ်းအမျိုးမျိုးနဲ့ ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ကယ်ဆယ်ရေးသမားတွေလည်း နေ့ရောညပါ ကယ်တင်ဖို့ လုပ်ဆောင်နေကြပါတယ်။ အခုအချိန်အထိ Nam ရဲ့အခြေအနေကို သေချာမသိရသေးပါဘူး။

ကယ်ဆယ်ရေးအဖွဲ့က ကယ်တင်ရာမှာ လိုအပ်တဲ့ ယာဉ်တွေနဲ့ စက်ပစ္စည်းတွေ ထပ်မံရောက်ရှိလာဖို့ စောင့်ဆိုင်းဖို့အတွက် ဇန်နဝါရီ ၂ ရက်နေ့က ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခဏရပ်နားထားခဲ့ပါတယ်။ မိုးဖွဲ့ဖွဲ့လေးရွာနေတာကြောင့်လည်း ကယ်ဆယ်ရေးလုပ်ငန်းကို နှောင့်နှေးစေခဲ့ပါတယ်။ Nam အသက်ရှုနိုင်ဖို့ အပေါက်ထဲကို အောက်ဆီဂျင် ထုတ်လွှတ်ပေးထားပါတယ်။ တိုင်ကိုဆွဲထုတ်ဖို့ တိုင်ပတ်လည်က မြေကို ပျော့သွားအောင် လုပ်ခဲ့ပေမဲ့ အဲဒါက တိုင်ကို တိမ်းစောင်းသွားစေခဲ့တာကြောင့် ကယ်ဆယ်ရေးကြိုးပမ်းမှုကို ရှုပ်ထွေးစေခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂ ရက်က ငိုကြွေးပြီး အကူအညီတောင်းနေတဲ့ ကလေးလေးရဲ့အသံကို ကြားခဲ့ပေမဲ့ ဇန်နဝါရီ ၂ ရက်နေ့က ကယ်ဆယ်ရေးသမားတွေက ကင်မရာကို တိုင်အတွင်း ချခဲ့တဲ့အချိန်မှာ ကလေးလေး Nam ဆီက တုံ့ပြန်မှုမရှိခဲ့ပါဘူး။ Nam အတွက် တိုင်အတွင်း ရေချပေးခဲ့ပေမဲ့ ရေအသုံးပြုခဲ့တဲ့ အရိပ်အယောင်လည်းမရှိခဲ့ဘူးလို့ ဗီယက်နမ်သတင်းက ဖော်ပြပါတယ်။

အချင်း ၂၅ စင်တီမီတာ သာရှိတဲ့ တိုင်အတွင်း ဘယ်သူမဆိုပြုတ်ကျသွားနိုင်တယ်ဆိုတာကို သိပြီး အာဏာပိုင်တွေလည်း အံ့အားသင့်ခဲ့ရပါတယ်။ ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က တတ်နိုင်သမျှ လူအင်အားနဲ့ စက်ကိရိယာတွေနဲ့ ကလေးကို ကယ်တင်ဖို့ တိုက်တွန်းထားပါတယ်။ အမြန်ဆုံးကယ်တင်နိုင်ဖို့အတွက် ဒေသဆိုင်ရာအာဏာပိုင်တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။ အာဏာပိုင်တွေကို ကလေးရဲ့မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်မပြတ်နေဖို့လည်း တောင်းဆိုထားပါတယ်။

Ref: Mothership “10-year-old Vietnamese boy trapped in concrete pit for 3 days, rescue efforts ongoing”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top