အရှူံးမပေးတတ်တဲ့စိတ်ဓာတ်ကြောင့် တက္ကသိုလ်ဘွဲ့ရခဲ့တဲ့ အိမ်ရာမဲ့ကျောင်းသူ

melson-abc-ps-190510_hpMain_2_16x9_992.jpg

ရာရှမာ မယ်ဆို (Rashema Melso) ဆိုတဲ့ ကျောင်းသူအတွက်ကတော့ အခက်အခဲဆိုတာ ပခုံးဖက်ပေါင်းရတဲ့သူငယ်ချင်းလို ဖြစ်နေပါတယ်။ မယ်ဆိုက အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန် ဒီစီက အိမ်ရာမဲ့တွေနေတဲ့ဂေဟာမှာ (၃) နှစ်ကြာ နေထိုင်ခဲ့ဖူးပါတယ်။ သူဟာ ပညာရေးကိုလိုက်စားခဲ့တဲ့အတွက် (၂၀၁၄) ခုနှစ်က အထက်တန်းကျောင်းပြီးတဲ့အချိန်မှာ တက္ကသိုလ်တက်ဖို့ပညာသင်ဆုရရှိခဲ့ပါတယ်။

အရင်အပတ် စနေနေ့မှာ မယ်ဆိုက ပညာသင်ဆု အပြည့်အဝနဲ့တက်ခဲ့ရတဲ့ ဂျော့ချ်တောင်တက္ကသိုလ် (Georgetown University) ကနေ “တရားမျှတရေး နဲ့ ငြိမ်းချမ်းရေး” ဘွဲ့ကို ရယူခဲ့ပါတယ်။ သူက ဝါရှင်တန် ဒီစီမြို့က ဝန်ဆောင်မှုကုမ္ပဏီမှာ အလုပ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း ပြောခဲ့ပါတယ်။ သူဘွဲ့ရဖို့အတွက် သူ့ရဲ့ဘဝမှာ ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ခဲ့ရတာလဲဆိုတာကို ပြီးခဲ့တဲ့အပတ်က ပြန်လည်ဝေမျှပေးခဲ့ပါတယ်။

မယ်ဆိုက ကလေးဘဝတုန်းက အိမ်ရာမဲ့တွေ နေထိုင်ကြတဲ့ ဝါရှင်တန်ဒီစီ အရှေ့တောင်ပိုင်းက အိမ်ရာမဲ့ဂေဟာမှာ နေထိုင်ခဲ့ရပါတယ်။ သူ နေထိုင်ခဲ့တဲ့ “အိမ်ရာမဲ့ဂေဟာ”က အစာအဟာရအပြည့်၀ မပေးနိုင်တော့တဲ့အတွက် မနှစ်က အောက်တိုဘာလမှာ ပိတ်ခဲ့ရပါတယ်။ သူက “စွန့်ပစ်ခံအိမ်” မှာလည်း နေခဲ့ဖူးပြီး ကျောင်းပြောင်း ရတာ၊ နံဟောင်တဲ့ အိမ်ရာက နိုးထရတာ၊ အစားအစာ ခက်ခဲတာတွေနဲ့ သူ ကျင့်သားဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

သူက “ကျွန်မရဲ့ ဘဝက အမြဲတမ်း ကြမ်းတမ်းနေခဲ့တာပါ။ အိမ်ရာမဲ့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အရှေ့တောင်ပိုင်းမှာက ကြမ်းတမ်းပါတယ်။ ကျွန်မတို့မှာက တခြားသူတွေလို ပစ္စည်းမရှိတဲ့အတွက် ခက်ခဲကြမ်းတမ်းပါတယ်”လို့ ပြောခဲ့ပါတယ်။ သူက စာအုပ်တွေဖတ်ပြီး ပညာရေးကို လိုက်စားခဲ့တဲ့အတွက် သူ့ဘဝကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ ဒါက စာဖတ်ခြင်း နဲ့ ပညာရေးက ဘဝတစ်ခုကို ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို သက်သေပြနေတာပါပဲ။

Ref: ABCNews “Former homeless student overcomes extraordinary odds to graduate from Georgetown University”
Ah Ko Latt (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top