“တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့”

tasaung-mone-fullmoon.jpg

ဘုရားရှင်သည် အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသောကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သာမညဖလအခါတော်နေ့”အဖြစ် သတ်မှတ်ကျင်းပခဲ့ကြလေသည်။ “သာမညဖလ” ၏ အဓိပ္ပာယ်မှာ “ရဟန်းပြုရခြင်း၏အကျိုး” ဟု အဓိပ္ပာယ်ရသည်။ရဟန်းပြုခြင်း၏အကျိုးကို ဟောကြားသောနေ့ဖြစ်ခြင်းကြောင့် တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုလျှင်လည်း ရနိုင်သည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လရာသီပွဲတော်များ အနက် တန်ဆောင်မုန်းလတွင် ပြုလုပ်ကျင်းပလေ့ရှိသောပွဲတော်များသည်

-တန်ဆောင်တိုင် မီးထွန်းပွဲတော်၊
-ကထိန်သင်္ကန်း အလှူပွဲတော်၊
-မသိုးသင်္ကန်း ရက်လုပ်ပွဲတော်၊
-မဲဇလီဖူးသုပ် ဝေငှသောပွဲတော်၊
-ကျီးမနိုး ပွဲတော်၊
-သာမညဖလအခါတော်နေ့ ပွဲတော်များ ဟူ၍ ခုနှစ်မျိုးခန့်ရှိသဖြင့် တန်ဆောင်မုန်းလသည် ရိုးရာပွဲတော် အများဆုံးလဟု ဆိုရပေတော့မည်။

မြတ်စွာဘုရားရှင်က အဇာတသတ်မင်းအား တန်ဆောင်မုန်းလပြည့်နေ့တွင် သာမညဖလသုတ္တန်တရားကို ဟောကြားတော်မူသည်ကို
အကြောင်းပြု၍ တန်ဆောင်မုန်လပြည့်နေ့၌သာမညဖလအခါတော်နေ့ အထိမ်းအမှတ် ကျင်းပရခြင်း ဖြစ်ပါသည်။

(၁) သာမညဖလဆိုသည်မှာ ရဟန်းပြုရခြင်း၏အကျိုးဟု အဓိပ္ပါယ်ရပါသည်။

(၂) ရဟန်းပြုရခြင်း၏ အကျိုးကို ဟောကြားသောနေ့ဖြစ်၍ တန်ဆောင်မုန်းလပြည့်နေ့ကို “သံဃာတော်များနေ့”ဟု ခေါ်ဆိုနိုင်ပါသည်။

(၃) သာမညဖလသုတ်သည် ဒီဃနိကာယ် သီလက္ခန္ဓဝဂ္ဂ ပါဠိတော်၌ လာရှိပါသည်။

(၄) သာမညဖလသုတ်သည် ရဟန်းသံဃာတော်များအဖို့ ကြေးမုံမှန်ချပ်ကြီးသဖွယ် ဖြစ်၍ ကိုယ်ကျင့်သီလ ရှိသည် ၊မရှိသည်ကို ဤသုတ်ဖြင့်
ထင်ဟပ်စေနိုင်ပါသည်။

(၅) သာမညဖလသုတ်သည် လူဒါယကာများအဖို့ပြဒါးချိန်ကြီး သဖွယ်ဖြစ်၍ မိမိတို့ ကိုးကွယ်နေသော ဆရာသမားများ၏ ကျင့်ကြံမှု ဟုတ်မဟုတ်၊မှန်မမှန်ကို ဤသုတ္တန်ဖြင့် ချိန်ကိုက်ကြည့်နိုင်ပါသည်။

(၆) အဇာတသတ်မင်းသားသည် ဒေဝဒတ်ကို ဆရာတင်မိ၍ အပေါင်းမှားပြီး ဖခင်ဖြစ်သူ ဗိမ္ဗိသာရမင်းကြီးကို သတ်မိသောကြောင့်ကံကြီးထိုက်ပြီး အိပ်မပျော်သောဝေဒနာ စွဲကပ်ခဲ့ပါသည်။

(၇) ယင်းဝေဒနာကို ကုစားရင်း အမတ်များ၏အကြံပြုချက်အရ တိတ္ထိဆရာကြီး ၆-ယောက်ထံသွားရောက်ပြီး ရဟန်းပြုခြင်း၏အကျိုး
(သာမညဖလ)ကို စုံစမ်းမေးမြန်းရာ ကျေနပ်သောအဖြေကို မရရှိခဲ့ပါ။

(၈) နောက်ဆုံး သမားတော်ကြီးဇီဝက၏ အကြံပြုချက်အရ ရာဇဂြိဟ်မြို့အနီး ဆရာဇီဝကလှူထားသောသရက်ဥယျာဉ်တော၌ သီတင်းသုံး
လျက်ရှိသောမြတ်စွာဘုရားထံသို့ သွားရောက်ပြီး၊လျှောက်ထားသောအခါမှ သူသိလိုသော ရဟန်းပြုခြင်း၏အကျိုး(သာမညဖလ)ကို သိရှိရပါတော့သည်။

(၉) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရသည့်အချိန်မှ စ၍ ဗုဒ္ဓသာသနာတော်ကို သက်ဝင်ယုံကြည်လာပြီး ပုထုဇဉ်များထဲမှ ရတနာသုံးပါးကို အကြည်ညိုဆုံးပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပါသည်။

(၁၀) အဇာတသတ်မင်းသည် သာမညဖလသုတ်တရားတော်ကို ကြားနာရ၍ သူ၏အပြစ်ကို ကုစားခဲ့သောကြောင့် အပြစ်ကြီးလေးသော
မဟာအဝီစိငရဲတွင် မကျတော့ဘဲ၊အပြစ်ဒဏ်ပေါ့သောလေဟ ကုမ္ဘီငရဲ၌သာ ကျရောက်ပြီး နောင်သောအခါ “ဝိဇိတာဝီ” မည်သော ပစ္စေကဗုဒ္ဓါ
ဖြစ်၍ ကျွတ်တမ်းဝင်ရပါလိမ့်မည်။

(၁၁) အဇာတသတ်မင်းတရားသည်
-ပထမသင်္ဂါယနာတင် ဒါယကာအဖြစ်ခံယူခဲ့ခြင်း၊
-မြတ်စွာဘုရား၏ ဓာတ်တော်များကို စုဆောင်း
သိမ်းဆည်း၍ ဓာတ်တော်တိုက်ကြီး တည်ထားခဲ့ခြင်း၊
-ဗုဒ္ဓသာသနာနှစ်ကို အတိအကျသတ်မှတ်ခဲ့ခြင်း၊ သာသနာပြုလုပ်ငန်းကြီးသုံးရပ်ကို လုပ်ဆောင်သွားခဲ့သည်မှာ ဗုဒ္ဓဘာသာဝင်များအတွက်
ကျေးဇူးကြီးလှပါပေသည်။

(၁၂) ပိဋကတ်တော်များကို မပျက်စီးရအောင် သင်္ဂါယနာအဆက်ဆက်တင်၍ ယနေ့တိုင်အောင်ထိန်းသိမ်းထားနိုင်ခြင်းမှာ အဇာတသတ်မင်း၏ ကျေးဇူးဟု ဆိုထိုက်ပါပေသည်။

(၁၃) အဇာတသတ်မင်း စုဆောင်းထားသောဓာတ်တော် များကို ရှာဖွေ၍ သီရိဓမ္မာသောက မင်းကြီးက စေတီပေါင်း ရှစ်သောင်းလေးထောင်တည်ထား၍ သာသနာပြုခဲ့သောကြောင့် နှောင်းခေတ်ဗုဒ္ဓဘာသာဝင်တို့ ဖူးမြော်ခွင့် ရရှိနေကြခြင်း ဖြစ်ပါသည်။

(၁၄) ဗုဒ္ဓဘာသာဝင်တို့ သာသနာနှစ်ကို အတိအကျ သုံးစွဲခွင့်ရရှိနေသည်မှာ အဇာတသတ်မင်း၏ကျေးဇူး၊သာမညဖလသုတ်၏ အကျိုးဆက်ဟု ဆိုထိုက်ပါသည်။

Ref: အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာသာမိ(မာဂဓီ-သာစည်)
ဆရာတော်ဘုရားကြီး၏ “အခါတော်နေ့များ-နှာ၁၇၅-မှ

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top