ပြီးခဲ့တဲ့နှစ်က ပရဟိတအဖွဲ့တစ်ခုကို Tesla ရှယ်ယာထဲက ဒေါ်လာ ၅.၇ ဘီလျံကျော်လှူဒါန်းခဲ့တဲ့ အီလွန်မက်စ်

14-2-2022-yyl5.jpg

Tesla ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် (Elon Musk) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်အထိ ပရဟိတအဖွဲ့တစ်ခုကို ကုမ္ပဏီရှယ်ယာတွေထဲက အားလုံးစုစုပေါင်း ရှယ်ယာ ၅,၀၄၄,၀၀၀ လှူဒါန်းခဲ့တယ်လို့ တနင်္လာနေ့က US Securities and Enchange Commission (SEC) ထံတင်ပြခဲ့တဲ့ဖိုင်တွဲမှာ ဖော်ပြခဲ့ပါတယ်။

လှူဒါန်းမှုက စတော့ရှယ်ယာလှူဒါန်းခဲ့တဲ့ငါးရက်အတွင်း Tesla ရှယ်ယာတွေရဲ့အပိတ်စျေးနှုန်းတွေအပေါ်အခြေခံပြီး ဒေါ်လာ ၅.၇၄ ဘီလျံတန်ဖိုးရှိပါတယ်။ ပရဟိတအဖွဲ့အမည်ကိုတော့ ထုတ်ဖော်ပြောကြားခြင်းမရှိပါဘူး။ဘီလျံနာ အီလွန်မက်စ်က နို၀င်ဘာလအစောပိုင်းမှာ လျှပ်စစ်ကားထုတ်လုပ်တဲ့ကုမ္ပဏီက သူ့ရဲ့ရှယ်ယာ ၁၀ရာခိုင်နှုန်းကို ရောင်းချသင့်မသင့် တွစ်တာအသုံးပြုသူတွေဆီက စစ်တမ်းကောက်ယူခဲ့ပါတယ်။ ရှယ်ယာ ဒေါ်လာ ၁၆.၄ ဘီလျံဖိုးရောင်းချခဲ့ပြီးတဲ့နောက်မှာတော့ အခုလိုလှူဒါန်းမှုဖြစ်လာခဲ့တာပါ။

အခုနှစ်မှာသက်တမ်းကုန်ဆုံးမယ့် စတော့ရွေးချယ်ခွင့်​တွေကြောင့် ၂၀၂၁ ခုနှစ်မှာ အခွန် ဒေါ်လာ ၁၁ ဘီလီယံကျော် ပေးဆောင်ရမယ်လို့ တွစ်တာမှာ အီလွန်မက်စ်က ပြောကြားခဲ့ပါတယ်။ အီလွန်မက်စ်ဟာ ချမ်းသာသောသူတွေကို အခွန်ပိုပေးဆောင်ဖို့ တောင်းဆိုတဲ့ အထက်လွှတ်တော်အမတ်တွေဖြစ်တဲ့ ဘာနီ ဆန်းဒါးစ် (Bernie Sanders) နဲ့ အဲလီဇဘတ် ဝါရင် (Elizabeth Warren) တို့နဲ့လည်း အတိုက်အခံဖြစ်ခဲ့ပါတယ်။

ပရဟိတကို လှူဒါန်းတဲ့ အစုရှယ်ယာတွေက ရောင်းချမယ်ဆိုရင် အရင်းအနှီးအမြတ်ခွန် မပေးရတာကြောင့် အီလွန်မက်စ်က Tesla စတော့တွေကို လက်ဆောင်အဖြစ် ပေးရင် အခွန်အကျိုးအ​မြတ်ရှိနိုင်တယ်လို့ လေ့လာသူတွေက ပြောကြားခဲ့ဖူးပါတယ်။ “သူ့ရဲ့ အခွန်အကောက်အကျိုးအမြတ်က ကြီးမားလိမ့်မယ်။ သူရဲ့ ကယ်လီဖိုးနီးယားဝင်ငွေနဲ့ ဖြတ်ယူနိုင်မလားဆိုတာပေါ်မူတည်ပြီး အခွန်ငွေ ဒေါ်လာ ၇ ဘီလီယံရဲ့ ၄၀ ရာခိုင်နှုန်း နဲ့ ၅၀ ရာခိုင်နှုန်းကြား သက်သာမှာဖြစ်ပြီး စတော့ကိုရောင်းရင် သူပေးရမယ့် အမြတ်ခွန်ကို ရှောင်နိုင်မှာပါ” လို့ အခွန်မူဝါဒကို လေ့လာတဲ့ Institute for Policy Studies က တွဲဖက်လုပ်ဖော်ကိုင်ဖက် ဘော့ဘ် လော့ဒ် (Bob Lord) က ပြောကြားခဲ့ပါတယ်။

အီလွန်မက်စ်က ပရဟိတအဖွဲ့တွေကို လွတ်လွတ်ကင်းကင်းလှူဒါန်းတာမျိုးမဟုတ်ဘဲ “donor-advised funds လို့ ကြားကဆက်သွယ်ပေးသူတွေဆီ စတော့တွေကို လှူဒါန်းခဲ့တာဖြစ်နိုင်တယ်လို့ လော့ဒ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်ပြီး Tesla ကုမ္ပဏီက ချက်ချင်း တုံ့ပြန်ပြောကြားခြင်းတော့မရှိသေးပါဘူး။

အီလွန်မက်က အခြားအကြောင်းတရားတွေကြား လူသားမျိုးနွယ်အပေါ် အကျိုးရှိစေမယ့် “ဘေးကင်းသော ဉာဏ်ရည်တု ဖွံ့ဖြိုးတိုးတက်ရေး” အတွက် ထောက်ပံ့ကြေးတွေ ပေးဆောင်နေတဲ့ Musk ဖောင်ဒေးရှင်းရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ ဘီလ် ဂိတ် (Bill Gates) နဲ့ မယ်လင်ဒါဂိတ်စ် (Melinda French Gates) တို့ ပြီးရင် အမေရိကန်ရဲ့ ဒုတိယအကြီးဆုံး အလှူရှင်အဖြစ် အီလွန်မက်စ်ကို အဆင့်သတ်မှတ်ထားတယ်လို့ Chronicle of Philanthropy ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

Ref: Reuters “Musk donated over $5.7 bln in Tesla shares to charity in Nov”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top