သခင်မြပန်းခြံထဲတွင် သက်တံ့ရောင်မျိုးစုံဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည့် Yangon Pride 2020 ပွဲတော်

Photo-8-1.jpg

၂၀၂၀ – Yangon Pride အမည်ဖြင့် မြန်မာနိုင်ငံတွင် (၆) ကြိမ်မြောက် ကျင်းပသည့် LGBTIQ အခမ်းအနားတွေကို နေရာပေါင်း ၁၀ နေရာတွင် စတင်ကျင်းပခဲ့ပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ ရန်ကုန်မြို့ သခင်မြပန်းခြံထဲတွင် သက်တံ့ရောင်မျိုးစုံဖြင့် နိုင်ငံကျော် အဆိုတော်များဖြစ်သည့် ထွန်းအိန္ဒြာဗို၊ နီနီခင်ဇော်နှင့် ဖြူဖြူကျော်သိန်းတို့၏ ဖျော်ဖြေမှုများနှင့်အတူ အကများ၊ ရုပ်ရှင်များ၊ ဓာတ်ပုံ ပြပွဲများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားခဲ့သည်။ အဆိုပါ ရန်ကုန်မြို့တွင်း၌ ၃ ပတ်ကြာ လှုပ်ရှားမှုများကို &PROUD မှ ဦးဆောင်ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ LGBTIQ အသိုင်းအဝိုင်းများအပေါ် ညီတူညီမျှ ဆက်ဆံပေးရန် Yangon Pride မှတစ်ဆင့် တိုက်တွန်းခဲ့သည်။

ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အမျိုးသားချင်း ချစ်ခင်မြတ်နိုးသူများ၊ အမျိုးသမီးချင်း ချစ်ခင်မြတ်နိုးသူများ၊ အမျိုးသားနှင့် အမျိုးသမီး ၂ မျိုးစလုံး ချစ်ခင်မြတ်နိုးသူများ၊ ဆန့်ကျင် ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူ ဝတ်ဆင် နေထိုင်သူများ၊ Intersex များနှင့် Queer အသိုင်းအဝိုင်းတို့၏ စည်းလုံးမှုကို ဖော်ဆောင်သည့်အနေဖြင့် “အချစ်မှာ အပြစ်မရှိ” ဆိုသည့် Campaign တစ်ခုကို စတင်ခဲ့သည်။

လွန်ခဲ့သည့် ၃ နှစ်မှ စတင်၍ ပန်းခြံထဲသို့ ပြောင်းလဲကျင်းပပြီးခဲ့သည့်နောက်ပိုင်း Pride ပွဲတော်သည် မြန်မာနိုင်ငံ၏ LGBTIQ အသိုင်း အဝိုင်းအတွက် အရေးအကြီးဆုံးနှင့် အမြင်သာဆုံးပွဲတစ်ခုဖြစ်လာခဲ့သည်။ ပွဲ၏ အမာခံပရိတ်သတ်များမှာ ရန်ကုန်မြို့နေ မိဘပြည်သူများ ဖြစ်သည်။ “ပြည်သူလူထုတွေ ကြားထဲမှာ လက်ခံမှုတွေ တိုးပွားလာတာကို ရန်ကုန်မြို့မှာတင် မဟုတ်ဘဲ တခြားမြို့နယ်တွေမှာပါ တိုးလာတာကို တွေ့မြင်ရပါတယ်” ဟု &PROUD ၏ ပူးတွဲ ဒါရိုက်တာ ဖြစ်သူ ကိုလှမြတ်ထွန်းမှ ပြောပါသည်။

“အချစ်မှာ အပြစ်မရှိ” Campaign သည် လူမှုကွန်ယက်များပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ပြီး LGBTIQ တို့အား လူ့ဘောင်အတွင်း နှင့် ဥပဒေအရ တန်းတူညီမျှ ဆက်ဆံခံရရေးအတွက် တောင်းဆိုမှုများ ရှိနေပြီဖြစ်သည်။

“လူတိုင်း မိမိရဲ့ လက်သန်းလေးတွေကို ပန်းရောင်ခြယ်ပြီး ဓာတ်ပုံရိုက်ပြီး တင်ဖို့၊ အဲဒီလို လုပ်ခြင်းအားဖြင့် မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ LGBTIQ တွေရဲ့ လိင်စိတ်တိမ်းညွတ်မှုနဲ့ လိင်စိတ်ဝိသေသခံယူမှုတို့ဟာ ဘယ်လိုပဲ ကွဲပြားနေပါစေ သူတို့ကို ချစ်ခင်ကြောင်း ထောက်ခံကြောင်း ပြသပြီးသွားသလို LGBTIQ တို့ရဲ့ တန်းတူညီမျှမှုအတွက်လည်း အသိအမြင် မြှင့်တင်ရာ ရောက်ပါတယ်။ မြန်မာတစ်ပြည်လုံးမှာရှိတဲ့ ဘယ်သူမဆို လက်သန်းထိပ်မှာ ပန်းရောင် ပြောင်းထား တဲ့ပုံကို Facebook ပုံ ပြောင်းတင်ပြီး Yangon Pride မှာ တစ်စိတ်တစ်ပိုင်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကိုလှမြတ်ထွန်းက ပြောကြားခဲ့သည်။

Pride ပွဲတော်၏ နောက်ဆုံးရက်သတ္တပတ်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ပြင်သစ် ယဉ်ကျေးမှု ဌာနတွင် ရုပ်ရှင်များ၊ စကားဝိုင်းများ၊ ပြဇာတ်များ၊ မြန်မာနိုင်ငံအဆိုတော် Ar-T ၊ ထိုင်းနိုင်ငံ နာမည်ကြီး Drag Queen များ ဖြစ်ကြသည့် Annee Maywong နှင့် Dearis Doll တို့၏ ဖျော်ဖြေတင်ဆက်မှုများနှင့်တကွ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပ သွားမည်ဖြစ်ပါသည်။ ပွဲများအားလုံသည် လက်မှတ်မလိုသည့် အခမဲ့ပွဲများဖြစ်သည်။

Yangon Pride ကို နယ်သာလန်သံရုံး၊ ယူကေသံရုံး နှင့် HBF ဖောင်ဒေးရှင်းတို့မှ ကူညီပံ့ပိုးပေးထားသည်။

&PROUD ကို ၂၀၁၄ ခုနှစ်မှ စ၍ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့သည်။ &PROUD သည် မြန်မာနိုင်ငံအတွင်းရှိ LGBTIQ အသိုင်းအဝိုင်းတို့၏ ဖြစ်တည်မှုနှင့် မတူကွဲပြားမှုများ ကို အများပြည်သူများ သိရှိနားလည်လက်ခံပေးနိုင်ရန်၊ မြန်မာ့လူ့ဘောင် အသိုင်းအဝန်းများ ကြားတွင် LGBTIQ တို့၏ အခွင့်အရေးအကြောင်းကို ပိုပြီးဆွေးနွေးလာစေရန်နှင့် ၎င်းတို့နှင့် ပိုမိုခိုင်မာသော ရင်းနှီးမှုများ တိုးလာစေရန် ရည်ရွယ်၍ ပွဲများကို ကျင်းပပေးလျက်ရှိ သည်။

Yangon Pride ကို ဦးဆောင်ကျင်းပပေးသည့်အပြင် &PROUD သည် စမ်းချောင်းမြို့နယ် တွင် Community စင်တာ တစ်ခု ဖွင့်ထားပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်နားထောင်ပေးသည့် “ရင်ဖွင့်ရာ” အစီအစဉ် နှင့် မြန်မာနိုင်ငံရှိ မြို့ကြီးများသို့ LGBT တို့၏ ဘဝပုံဖော်ရုပ်ရှင်များ သယ်ဆောင်သွားပြသပေးသည့် On The Road အစီအစဉ် ကို လည်း ဦးဆောင်ကျင်းပပြု လုပ်ပေးလျက်ရှိသည်။

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top