(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်ဆိုင်ရာသတင်းစာရှင်းလင်းပွဲကို အောင်မြင်စွာကျင်းပ

(၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ အထူးဖိတ်ခေါ်သည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက် သီးသန့်သတင်းစာရှင်းလင်းပွဲကို ၂၀၁၉ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် ကွမ်ကျိုးမြို့၌ ကျင်းပခဲ့ပါသည်။ တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ အထူးဖိတ်ခေါ်သည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ် ပထမဆုံးထမ်းဆောင်သည့် ဥရောပနိုင်ငံ ပိုလန်နိုင်ငံသည် တရုတ်-အာဆီယံကုန်စည်ပြပွဲကို ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ တက်ရောက်မည်ဖြစ်သည်။ သတင်းစာရှင်းလင်းပွဲကို ကွမ်ကျိုးအခြေစိုက် ပိုလန်ကောင်စစ်ဝန်ချုပ်ရုံးနှင့် တရုတ်- အာဆီယံကုန်စည်ပြပွဲ အတွင်းရေးမှူးရုံးမှပူးတွဲကျင်းပပြီး ကွမ်ကျိုးအခြေစိုက် ပိုလန်ကောင်စစ်ဝန်ချုပ် Adam Bralczyk နှင့် တရုတ်-အာဆီယံကုန်စည်ပြပွဲအတွင်းရေးမှူးရုံးမှ အတွင်းရေးမှူးချုပ် Mr. Wang Lei တို့ တက်ရောက်ခဲ့ကြပါသည်။

တရုတ်-ပိုလန် ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အရှေ့ပိုင်းနှင့်အလယ်ပိုင်းဥရောပနိုင်ငံများ ပူးပေါင်း ဆောင်ရွက်မှု၏ စံနမူနာဖြစ်သည်။ Mr. Lei ၏ မိတ်ဆက်မှုအရ ပိုလန်သည် တရုတ်နိုင်ငံမှ ဥရောပသမဂ္ဂ (EU) တွင် နဝမအကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် အရှေ့ပိုင်းနှင့် အလယ်ပိုင်းဥရောပဒေသ၏ အကြီးမားဆုံး ကုန်သွယ် ဖက်နိုင်ငံဖြစ်သည်။ “Belt and Road” နှင့် “17+1 ပူးပေါင်းဆောင်ရွက်မှု” မူဘောင်အောက်တွင် တရုတ်-ပိုလန် နှစ်နိုင်ငံသည် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်သည့်နယ်ပယ်တွင် အရေးပါသည့် တိုးတက်မှုများ ရရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ်တွင် တရုတ်-ပိုလန် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ (၂၄.၅၈) ဘီလျံရှိပြီး တရုတ် ကုမ္ပဏီများက ပိုလန်တွင်ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ (၂.၂၇) ဘီလျံရှိနေပါသည်။ တရုတ်ဘဏ် များသည်လည်း ပိုလန်တွင် ဘဏ်ခွဲအဖွဲ့အစည်းများတည်ထောင်ပြီး ပိုလန် စီးပွားရေးအတွက် အမေရိကန်ဒေါ်လာ (၁) ဘီလျံထိ အဆက်မပြတ် အရင်းအနှီးထည့်ဝင်ခဲ့ပါသည်။ နှစ်နိုင်ငံမြို့တော်များအကြား တွင် နေ့စဉ် တိုက်ရိုက်ပျံသန်းသည့်လေကြောင်းခရီးစဉ်များရှိပြီး တရုတ်-ဥရောပရထားခရီးကြောင်း (China Railway Express) ၏ ၂၀% သည် ပိုလန်သို့ရောက်ရှိ သို့မဟုတ် ဖြတ်သန်းသွားပါသည်။ ယခုအကြိမ်တွင် ပိုလန်မှ တရုတ်-အာဆီယံကုန်စည်ပြပွဲ အထူးဖိတ်ခေါ်သည့် ပူးပေါင်း ဆောင်ရွက်ရေးမိတ်ဖက်အဖြစ်ထမ်းဆောင်ခြင်းသည် နှစ်ဦး နှစ်ဖက် စီးပွား ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုးကာ လက်တွေ့ကျကျ တွန်းအားပေးနိုင်မည်ဖြစ်သည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲသည် ပိုလန်နှင့် တရုတ်နိုင်ငံ၊ အာဆီယံ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သည့် အများသုံးစင်မြင့်ပလက်ဖောင်းဖြစ်သည်။ Mr. Wang Lei ၏ မိတ်ဆက်မှုအရ တရုတ်-အာဆီယံကုန်စည်ပြပွဲ အောင်မြင်စွာကျင်းပသည့် (၁၅) နှစ်တာကာလအတွင်း၌ ပိုလန်နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်အသီးသီးသည် တရုတ်-အာဆီယံကုန်စည်ပြပွဲစင်မြင့်ကို အထူးအလေးထားပြီး တရုတ်-အာဆီယံကုန်စည်ပြပွဲသည်လည်း ပိုလန် ကုမ္ပဏီများက တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများ၏ ဈေးကွက်ပိုင်ဆိုင်မှုနှုန်းကိုတိုးချဲ့ရေးအတွက် အဆင်ပြေ ချောမွေ့စေသည့်ပေါင်းကူးတံတား တည်ဆောက်ပေးခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် ပိုလန် Podkarpackie Voivodeship ပြည်နယ်အုပ်ချုပ်ရေးမှူးမှ ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တက်ရောက်ခဲ့ပြီး မိတ်ဆက်ပွဲကိုကျင်းပခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကွမ်ကျိုးအခြေစိုက် ပိုလန်ကောင်စစ်ဝန်ချုပ်ရုံးသည် (၁၅) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ “Belt and Road” အဓိကနိုင်ငံများ မိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပြီး တရုတ်-အာဆီယံ ကုန်စည် ပြပွဲ အတွင်းရေးမှူးရုံးနှင့် နက်ရှိုင်းစွာကူးလူးဖလှယ်ခဲ့သည်။ (၁၃) ကြိမ်နှင့် (၁၄) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပိုလန်ကုမ္ပဏီများပါဝင်ပြသခဲ့ပြီး ၎င်းတို့ပြသသည့် ဝိုင်နီ၊ ပယင်း၊ စက်မှုပစ္စည်း စသည့် ထူးခြားချက်ပါသည့် ကုန် ပစ္စည်းများသည် နိုင်ငံအသီးသီးမှ ကုန်သည်များ၏နှစ်ခြိုက်ခြင်းကိုခံခဲ့ရပါသည်။

တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-ပိုလန်ပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးသည့်အခန်းကဏ္ဍတွင် ဆက်လက်ပါဝင်သွားမည်ဖြစ်သည်။ Mr. Wang Lei က ပိုလန်သည် ဥရောပနိုင်ငံအနေဖြင့် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ အထူးဖိတ်ခေါ်သည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ် ပထမဆုံးထမ်းဆောင်ခြင်းသည် အလွန် အနှစ်သာရရှိကြောင်း၊ တရုတ်-အာဆီယံကုန်စည်ပြပွဲသည် တရုတ်-ပိုလန် ပူးပေါင်းဆောင်ရွက်ရေးအတွက် ဆက်လက်ဝန်ဆောင်မှုများပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။ ပြပွဲကာလအတွင်း၌ “Belt and Road” နိုင်ငံတကာပြခန်းဇုန်၏ ထင်ရှားသည့်နေရာတွင် သီးသန့်ပြခန်းနေရာပေး၍ ပိုလန်နိုင်ငံ၏ပုံရိပ်ကို ပြသမည် ဖြစ်သည်။ တစ်ချိန်တည်းတွင် ပိုလန်မှဝင်ရောက်ပြသသည့်ကုန်သည်များအတွက် သီးသန့်ကုန်သွယ်ရေး ဆွေးနွေး မှုချိတ်ဆက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုညှိနှိုင်းရေးဝန်ဆောင်မှုကိုထောက်ပံ့ကာ နိုင်ငံမိတ်ဆက်ပွဲနှင့် ကုန်ပစ္စည်းပြပွဲ စသည့်ဆက်စပ်ပွဲအခမ်းအနားများကျင်းပသွားမည်ဖြစ်သည်။

ပိုလန်အစိုးရသည် တရုတ်-အာဆီယံကုန်စည်ပြပွဲကို အထူးအလေးထားပါသည်။ ကွမ်ကျိုးအခြေစိုက် ပိုလန် ကောင်စစ်ဝန်ချုပ် Adam Bralczyk ၏ မိတ်ဆက်မှုအရ ပိုလန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင်နှင့် နည်းပညာ ဝန်ကြီး Marcin Ociepa သည် ကိုယ်စားလှယ်အဖွဲ့ကိုဦးဆောင်၍ ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲကို တက်ရောက်မည်ဖြစ်ကြောင်းသိရှိရသည်။ ပိုလန်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို အစောဆုံး အသိအမှတ်ပြုသည့်နိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်ပြီး ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲ အထူးဖိတ်ခေါ်သည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ်ထမ်းဆောင်ခြင်းသည် ပိုလန်နှင့်တရုတ်၏ ဘက်စုံမဟာဗျူဟာ မြောက် မိတ်ဖက်ဆက်ဆံရေးကို တိုးမြှင့်ပေးနိုင်မည်ဖြစ်သည်။ ဥရောပတိုက်စီးပွားရေးတိုးတက်မှုကိုဦးဆောင်သူအနေဖြင့် ယခုနှစ်ပိုင်းတွင် တရုတ်နိုင်ငံဈေးကွက်တစ်နေ့တစ်ခြား တံခါးပွင့်လာသည်နှင့်အမျှ ပိုလန်-တရုတ် နှစ်နိုင်ငံသည် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ သိပ္ပံနည်းပညာ၊ ပညာရေးစသည့်နယ်ပယ်များတွင် ကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းကြီးမားလာသည်။ ပိုလန်သည်လည်း အာဆီယံနိုင်ငံများနှင့် စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုချဲ့ထွင်ရေးကို ကြိုးပမ်းဖော်ဆောင်ကာ နှစ်ဖက်ကုန်သွယ်ရေးကိုတိုးချဲ့နေပါသည်။

ယခုအကြိမ် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် ပိုလန်မှ သိပ္ပံနည်းပညာ၊ အလှကုန်၊ ဆေးဝါး၊ အစားအသောက်၊ ပရိဘောဂ စသည့် ဥရောပဈေးကွက်တွင်နာမည်ကျော်သော အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ပြသ သွားမည်ဖြစ်သည်။ ပြပွဲတွင် ဝင်ရောက်ပြသခြင်းမှတစ်ဆင့် တရုတ်နှင့်အာဆီယံနိုင်ငံများ၏ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် များနှင့် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ကာ နိုင်ငံအသီးသီးမှစားသုံးသူများ၏ နှစ်ခြိုက်မှုကို ဆွဲဆောင်လိုပါသည်။ ထို့အပြင် ပိုလန်နိုင်ငံသည် အရပ်ဘက်ဂီတပညာရှင်များကိုလည်းခေါ်ဆောင်လာပြီး ယခုအကြိမ် တရုတ်-အာဆီယံ ကုန်စည်ပြပွဲ၏ ဖွင့်ပွဲအခမ်းအနား၌ တင်ဆက်ဖျော်ဖြေသွားမည်ဖြစ်သည်။

အထူးဖိတ်ခေါ်သည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်သည် တရုတ်-အာဆီယံကုန်စည်ပြပွဲမှ တရုတ်-အာဆီယံ 10+1 ပူးပေါင်းဆောင်ရွက်မှု၌ ရပ်တည်သည့်တစ်ချိန်တည်းတွင် တစ်ကမ္ဘာလုံးကိုတံခါးဖွင့်သည့် ဆန်းသစ် တီထွင်သောစနစ်ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ပထမဆုံးအကြိမ်စတင်တည်ထောင်ခဲ့ပြီး သြစတြေးလျ၊ တောင်ကိုရီးယား၊ သီရိလင်္ကာ၊ ကာဇတ်စတန် နှင့် တန်ဇန်းနီးယားနိုင်ငံတို့သည် ရှေ့ဆင့်နောက်ဆင့် အထူးဖိတ်ခေါ် သည့် ပူးပေါင်းဆောင်ရွက်ရေးမိတ်ဖက်အဖြစ်ထမ်းဆောင်ခဲ့ပါသည်။ ယခုအကြိမ်တွင် ဥရောပနိုင်ငံဖြစ်သည့် ပိုလန်မှ တရုတ်-အာဆီယံကုန်စည်ပြပွဲ၏ အထူးဖိတ်ကြားသည့် ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်အဖြစ် ထမ်းဆောင်ခြင်းသည် တရုတ်နှင့် အရှေ့ပိုင်းနှင့်အလယ်ပိုင်းဥရောပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်မှု၊ လူသားကံကြမ္မာတူအသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေးမှု၊ “Belt and Road” တည်ဆောက်ရေးကို နက်ရှိုင်းစေမှုတို့အတွက် အပြုသဘောဆောင်သည့်အဓိပ္ပာယ်ရှိပါသည်။

ယခုအကြိမ် သတင်းစာရှင်းလင်းပွဲသည် ပြည်တွင်းပြည်ပမီဒီယာများ၏ အထူးဂရုပြုခြင်းကိုလည်းခံခဲ့ရပြီး အဆိုပါသတင်းစာရှင်းလင်းပွဲသို့ Polish press agency စသည့် နိုင်ငံခြားမီဒီယာများ၊ ဆင်ဟွာသတင်းဌာန၊ Economic Daily၊ Guangming Daily၊ China News Service၊ China Daily၊ CRI စသည့် ဗဟိုအဓိကမီဒီယာများ၊ Ta Kung Pao၊ Hong Kong Commercial Daily၊ Macao Daily စသည့် ဟောင်ကောင်မကာအိုမီဒီယာ များ၊ Nanfang Daily၊ Guangzhou Broadcasting Network စသည့် ကွမ်တုံးမီဒီယာများနှင့် Guangxi Daily၊ Guangxi Broadcasting System စသည့် ကွမ်ရှီးမီဒီယာများ စုစုပေါင်း မီဒီယာ (၁၄) ခုမှ သတင်းထောက် (၁၉) ဦး တက် ရောက်သတင်းယူခဲ့ကြပါသည်။

Ref: (၁၆) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top