ခြောက်လွှာက ပြုတ်ကျတဲ့ (၃) နှစ်သားလေး သေဘေးကလွတ်မြောက်

l_506410_064201_updates.jpg

တရုတ်နိုင်ငံအနောက်တောင်ပိုင်းက အဆောက်အဦးရဲ့ခြောက်လွှာကနေ ပြုတ်ကျတဲ့ (၃) နှစ်သားလေးဟာ အိမ်နီးချင်းတွေကယ်တင်လိုက်တဲ့အတွက် သေဘေးကလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီဖြစ်ရပ်ကတော့ တနင်္လာနေ့က ဖြစ်ခဲ့တာဖြစ်ပြီး ရိုက်ကူးရမိတဲ့ ဗီဒီယိုထဲမှာ (၃) နှစ်သားလေးက လက်ရန်းကို ကိုင်ထားရင်း တွဲလောင်းကြီးဖြစ်နေပြီး အပေါ်ကို ပြန်တက်ဖို့ ကြိုးစားနေတာကိုလည်း တွေ့ရပါတယ်။

ခဏကြာတော့ ကလေးလေးက ပြုတ်ကျသွားခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ အောက်မှာ စောင့်ဖမ်းပေးဖို့ လုပ်နေကြတဲ့ အိမ်နီးနားချင်းလူအုပ်ကြီးရဲ့ အဖြူရောင်စောင်ပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။

“ကျွန်မ တိုက်ပေါ်ကို မော့ကြည့်လိုက်တော့ အဲဒီမှာ ပြုတ်ကျခါနီး တွဲလောင်းကြီးဖြစ်နေတဲ့ ကလေးတစ်ယောက်ကို မြင်ခဲ့ပါတယ်။ ကျွန်မ အရင်ဆုံးဖြစ်သွားတာက သူ့ကို ဖမ်းပေးဖို့ တစ်ခုခု ရှာဖို့ပါပဲ။ ကျွန်မ အဲဒီနေရာကို မြန်မြန်သွားပြီး ကျွန်မရဲ့လက်နှစ်ဖက်နဲ့ ဖမ်းမယ်လို့ စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက အလုပ်ဖြစ်မှာမဟုတ်ဘူး”

“ကလေးကို မျက်ခြေမပြတ်ကြည့်ရင်း အခြားသူတွေနဲ့အတူ ကျွန်မ စောင်ကို ကိုင်ထားခဲ့ပါတယ်။ အန္တရာယ်ကင်းကင်းနဲ့ ကလေးကို ကျွန်မတို့ ဖမ်းနိုင်ပါမလားလို့ တွေးပူရင်းနဲ့ စောင်ကို ကြည့်ခဲ့ပါတယ်။ ကလေးကို အန္တရာယ်ကင်းကင်းနဲ့ ဖမ်းဖို့ပဲ ကျွန်မ တွေးနေတာပါ”လို့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုစီမံခန့်ခွဲရေးကုမ္ပဏီရဲ့ဝန်ထမ်းဖြစ်သူ Zhu Yanhui က CCTV ပြည်တွင်းသတင်းဌာနကို ပြောပါတယ်။

ကလေးက ဘယ်လိုထိခိုက်ဒဏ်ရာမှ မရရှိခဲ့ဘူးလို့ CCTV က ဆိုပါတယ်။ ဒီဖြစ်ရပ်က ကလေးရဲ့အဘွား အပြင်ကို ပစ္စည်းသွားဝယ်နေတုန်း ကလေးတစ်ယောက်တည်း ကျန်ခဲ့တဲ့အချိန်မှာ ဖြစ်ပွားခဲ့တာပါ။ ကလေးက လသာဆောင်က မှန်လက်ရန်းကို ဘယ်လိုဖွင့်ပြီး အခုလိုဖြစ်သွားတာလဲဆိုတာကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

ဗီဒီယိုကြည့်ရှုရန် – http://tiny.cc/hl2maz

Ref: AsiaOne “Three-year-old in China survives six-storey fall”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top