ဗုံလုံသီး (ပဲလင်းမြွေသီး) ကြိုက်ကြလား

unnamed1.png

ပုစွန်ခြောက်လေးနဲ့ပဲ နှပ်နှပ်၊ အသားသွပ်ပြီးပဲချက်ချက် စားလိုက်ရင် ချိုချိုလေးလေးအရသာလေးကြောင့် ထမင်းပူပူလေးနဲ့ တွဲစားရင် အရသာအရမ်းရှိတဲ့ ဗုံလုံသီးလေးကို ကြိုက်ကြတဲ့သူတွေများရှိလား။ ဒီစားကောင်းတဲ့ ဗုံလုံသီးလေးက အရသာတင်ကောင်းတာမဟုတ်ဘဲ စားသုံးလိုက်တဲ့အခါ ခန္ဓါကိုယ်အတွက် အခုလိုကျန်းမာရေး အကျိုးကျေးဇူးတွေရရှိနိုင်ပါတယ်။ အစာလည်းဆေး ဆေးလည်းအစာဆိုသလိုပေါ့။

ဗုံလုံသီး (ပဲလင်းမြွေသီး) ဆိုတာက

သခွား၊ ဗူး၊ ဖရုံအနွယ်ဝင်အပင်တစ်မျိုးပေါ့။ ကျန်းမာရေးအာဟာရများသလို စားရတာလည်းအရသာရှိပါတယ်။ အဖြူရောင်ခပ်ရှည်ရှည် အသီးတစ်မျိုးပေါ့။ ဈေးဝယ်တိုင်း နှစ်ပိုင်းချိုးပြီး သယ်လာရတဲ့အသီးလေးပါ။ အပေါ်ယံအလွှာလေးကို ဓါးနဲ့ခြစ်လို့ အရွယ်တော်လေးတွေတုံးပြီးရင် အလယ်အူတိုင်ကို ဇွန်းအမြီးနဲ့ ရစ်ထုတ်ပြီး အလယ်မှာအဆာသွတ်လို့ မေမေချက်ကျွေးလေ့ရှိတဲ့ ဟင်းတစ်မျိုးပေါ့။

ဗုံလုံသီးက ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ တရုတ်နဲ့ မလေးရှားအပါအဝင် တောင်အာရှ နဲ့ အရှေ့တောင်အာရှဒေသတွေမှာ ပေါက်ရောက်လေ့ရှိပြီး အာရှဒေသတွင်းနိုင်ငံအများစုမှာ ဟင်းလျာတစ်ခွက်အနေနဲ့ နှစ်နှစ်ခြိုက်ခြိုက်စားသုံးလေ့ရှိကြပါတယ်။

သွင်ပြင်ထူးခြားတဲ့ ဗုံလုံသီးလေးက ပေးတဲ့ ကျန်းမာရေး အကျိုးကျေးဇူး

သူမတူတဲ့ အသွင်အပြင်နဲ့ အရသာရှိလှတဲ့ ဗုံလုံသီးကို စားသုံးပေးမယ်ဆိုရင်

  • ဆီးချိုကာကွယ်နိုင်တယ် – ကယ်လ်လိုရီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်ကို ထိန်းညှိပေးနိုင်တာကြောင့် အမျိုးအစား – ၂ ဆီးချိုရောဂါရှိသူတွေအတွက် အထူးသင့်တော်ပါတယ်။ ဆီးချိုရှိသူတွေစားသုံးပေးလို့ရသလို ဆီးချိုကာကွယ်လိုသူတွေလည်း စားသုံးပေးလို့ရပါတယ်။
  • အသားဝါ သက်သာစေနိုင်တယ် – ဗုံလုံသီးပင်ရဲ့ အရွက်ကို ဒန့်သလွန်ရွက်နဲ့တွဲစားပေးမယ်ဆိုရင် bilirubin လို့ခေါ်တဲ့ (သွေးတွင်းအဝါဓါတ်) ကိုကျဆင်းစေနိုင်ပြီး အသားဝါတာကို သက်သာစေနိုင်ပါတယ်။
  • ကိုယ်အလေးချိန်ကျစေတယ် – ကယ်လ်လိုရီ နဲ့ အဆီပါဝင်မှုနည်းပြီး ရေဓါတ်နဲ့အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အဆာခံစေနိုင်ပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်မှာပါ။ ဝိတ်ချချင်သူတွေစားပေးသင့်တဲ့ အရသာရှိတဲ့ ဟင်းလျာတစ်မျိုးပါ။
  • ကိုယ်တွင်းက အဆိပ်အတောက်တွေဖယ်ရှားပေးတယ် – ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေမှာရှိနေတဲ့ အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ အသီးအနှံတစ်မျိုးပါ။ ဆီးရွှင်စေနိုင်ပြီး ဆီးကနေတဆင့် အဆိပ်အတောက်တွေကို ဖယ်ရှားပေးတာပါ။ အသည်းရဲ့လုပ်ဆောင်မှုကိုလည်း ကောင်းစေနိုင်ပါတယ်။
  • နှလုံးကျန်းမာစေနိုင်တယ် –နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေကင်းစေဖို့အတွက်လည်း ဗုံလုံသီးကို စားပေးလို့ရပါတယ်။ စိတ်ဖိစီးမှုနဲ့ ခန္ဓါကိုယ်က နာကျင်မှုတွေကြောင့် နှလုံးမှာ သက်ရောက်မှုရှိစေတာမျိုးကိုလည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။
  • ဝမ်းမှန်စေနိုင်တယ် –အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်နေတာကြောင့် အစာခြေစနစ်ကို ကျန်းမာသန့်စင်စေပြီး ဝမ်းမှန်စေနိုင်ပါတယ်။ နေ့စဉ်ဝမ်းမှန်စေဖို့ဆိုရင် မနက်ခင်းတိုင်းမျာဗုံလုံသီးကြိတ်ရည်ကို ၁ ဇွန်း ကနေ ၂ ဇွန်းထိသောက်ပေးလို့ရပါတယ်။
  • အရိုးနဲ့ သွားတွေကို ကြံ့ခိုင်စေတယ် – ကယ်လ်ဆီယမ်ပါဝင်မှုကြောင့် အရိုးနဲ့သွားတွေကိုလည်း ကြံ့ခိုင်စေနိုင်ပါတယ်။
  • ဗောက်ပျောက်စေတယ် – ဗုံလုံသီးကို အရည်ညှစ်ပြီး ဦးရေပြားမှာ လိမ်းပေးလို့ နာရီဝက်၊ တစ်နာရီလောက်ထားလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ချလိုက်ပါ။ ဦးရေပြားကို အစိုဓါတ်ထိန်းပေးပြီး ဗောက်ပြဿနာကင်းစေမှာပါ။ ခေါင်းလျှော်တိုင်း လုပ်ပေးလို့ရပါတယ်။
  • ဗုံလုံသီးက အရသာရှိရင်ရုံတင်မဟုတ်ဘဲ အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုပါ ပေးနိုင်ပါသေးတယ်နော်။

Ref : HelloSayarwon
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top