တစ်ချိန်လုံး အိပ်ငိုက်နေသူလေးတွေရှိလား…

yyl-017-6.jpg

မနက်အိပ်ရာထချိန်ကနေစလို့ ညအိပ်ရာဝင်ခါနီးအထိ လန်းဆန်းမှုမရှိဘဲ တစ်ချိန်လုံး လိုလို အိပ်ချင်လိုက်တာ ခေါင်းမကြည်ဘူးဆိုပြီး ခံစားနေရသူလေးတွေရှိလား။ ဒါဆိုရင် သင့်ကို တစ်ချိန်လုံး အိပ်ငိုက်တယ်လို့ ခံစားရစေတဲ့ အချက်က ဘာများလဲ တူတူကြည့်ရအောင်လား…..

တစ်ချိန်လုံး အိပ်ငိုက်နေတာ ဘယ်တစ်ချက်ကြောင့်လဲ

တစ်ချိန်လုံး အိပ်ငိုက်နေတယ်လို့ ခံစားနေရတာက

သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေ အများကြီးစားမိတာ

ကာဗိုဟိုက်ဒရိတ်က ခန္ဓာကိုယ်ကို မြန်မြန်အားပြည့်စေတယ်ဆိုတာကတော့ အမှန်ပါ။ ဒါပေမယ့် စားပြီးချိန်မှာ ခန္ဓာကိုယ်က သကြားဓာတ်အဖြစ် ဖြိုခွဲလိုက်ပါတယ်။ ဒါမှ လှုပ်ရှားမှုတိုင်းအတွက် အားပြည့်နေစေမှာပါ။ အားဖြစ်တာထက် ကျော်လွန်အောင် စားမိပြီဆိုရင်တော့ ထိုင်းမှိုင်းသလို ခံစားလာရပါလိမ့်မယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို အများကြီးစားမိတာက တစ်နေ့တာလုံးမှာ ပင်ပန်းပြီး အိပ်ငိုက်တယ်လို့ ခံစားရစေနိုင်ပါတယ်။ သန့်စင်ထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေက သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်စေပြီး အိပ်ငိုက်တာမျိုးခံစားရစေနိုင်ပါတယ်။

အထိုင်များတာ

လှုပ်ရှားမှုနည်းပြီး အထိုင်များတာက ကိုယ်တွင်းမှာ အားမရှိသလို ပင်ပန်းသလို ခံစားရစေပြီး သင့်ကို အိပ်ငိုက်လာရစေတဲ့ အချက်တစ်ခုပါ။ မကြာသေးခင်က လေ့လာမှုတွေအရ ကိုယ်လက်လှုပ်ရှားမှုနည်းတဲ့ သတ်လတ်ပိုင်းတွေနဲ့ သက်ကြီးရွယ်အိုတွေဟာ တစ်နေ့တာလုံးမှာ အိပ်ငိုက်တယ်လို့ ခံစားရနိုင်ခြေများတယ်၊လို့ တွေ့ရှိခဲ့ရပါတယ်။ တစ်နေ့တာလုံး ဘာမှကို မလုပ်နိုင်ဘူး အိပ်ငိုက်တာပဲသိတယ်ဆိုရင်တော့ အထိုင်များနေတာလား ဆန်းစစ်ပါ။ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။

အိပ်ရေးမဝတာ

အိပ်ရေးမဝတာက သင့်ကို တစ်ချိန်လုံးအိပ်ငိုက်စေတဲ့ အချက်တစ်ခုပါ။ အကြောင်းကတော့ အိပ်နေချိန်မှာ ခန္ဓာကိုယ်က စွမ်းအင်တွေကိုပြန်လည်ပြည့်ဖြိုးအောင်လုပ်ဆောင်ပေးပြီး မှတ်ဉာဏ်တွေကို သိမ်းဆည်းတည်ဆောက်တာနဲ့ ဟော်မုန်းထုတ်လွှတ်မှုတွေကို ထိန်းညှိတာမျိုးတွေကို လုပ်ဆောင်ပါတယ်။ ဒါကြောင့် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မှ တစ်နေ့တာမှာ အိပ်ငိုက်မှုကင်းပြီး လန်းဆန်းတက်ကြွနေမှာပါ။

အစားအသောက်တုံ့ပြန်မှု များလွန်းတာ

အစားအသောက်တွေကို တုံ့ပြန်မှုမြင့်လွန်းတာကလည်း သင့်ကို တစ်ချိန်လုံးအိပ်ငိုက်စေတဲ့ အချက်တွေထဲကတစ်ခုပါ။ gluten ပါတဲ့ အစားအစာတွေ၊ နို့ထွက်ပစ္စည်းတွေ၊ ဥအမျိုးမျိုး၊ ပဲပိစပ် နဲ့ ပြောင်းဖူးလိုမျိုး အစားအစာတွေက သင့်ကို အိပ်ငိုက်တယ်၊ ပင်ပန်းတယ်လို့ ခံစားရစေနိုင်ပါတယ်။

ကယ်လ်လိုရီ လုံလောက်အောင် မစားသုံးမိတာ

တစ်နေ့တာ စားသုံးမှုမှာ ကယ်လ်လိုရီပါဝင်မှု နည်းတာကလည်း သင့်ကို အိပ်ငိုက်စေတဲ့အချက်တစ်ခုပါ။ ကျန်းမာနေတဲ့ လူတစ်ယောက်အနေနဲ့ တစ်နေ့တာမှာ ကယ်လ်လိုရီပမာဏ ၁၂၀၀ လောက်စားသုံးဖို့လိုပါမယ်။ ဒီပမာဏထက်နည်းနေမယ်ဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာ အားမရှိသလို ခံစားရပြီ တစ်နေ့လိုလို အိပ်ငိုက်နေနိုင်ပါတယ်။

အိပ်ချိန်မမှန်တာ

အိပ်ရေးမဝတာ၊ အိပ်ချိန်မမှန်တာတွေက သင့်ကို အားအင်ကုန်ခမ်းစေနိုင်ပြီး မအီမသာခံစားရတာ၊ အိပ်ငိုက်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို ပုံမှန်သတ်မှတ်လို့ တစ်ညတာမှာ အများဆုံး ၈ နာရီ အနည်းဆုံး ၆ နာရီ ရအောင်အိပ်ပါ။

ပရိုတင်း မလုံလောက်တာ

နေ့စဉ်စားသုံးမှုမှာ ပရိုတင်း မလုံလောက်တာကလည်း အားမရှိသလို ခံစားရတာ၊ တစ်ချိန်လုံး အိပ်ငိုက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ပရိုတင်းကြွယ်ဝတဲ့ ငါး၊ အသား၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုးတို့ကို စားသုံးပေးပါ။

ရေဓာတ် မလုံလောက်တာ

ရေဓာတ်က ခန္ဓာကိုယ်ကျန်းမာဖို့ရော လန်းဆန်းတက်ကြွစေဖို့ပါ အားဖြည့်ပေးထားပါတယ်။ ဒါကြောင့် တစ်နေ့တာမှာ အိပ်ငိုက်မှုကင်းပြီး လန်းဆန်းတက်ကြွ နေစေဖို့ဆိုရင် ရေဓာတ်ပြည့်ဝလုံလောက်ဖို့လိုပါမယ်။ ချွေးထွက်သွားတိုင်း၊ ဆီးသွားပြီးတိုင်းနဲ့ ရေဓာတ်ဆုံးရှုံးစေမယ့် လှုပ်ရှားမှုတစ်ခုခုလုပ်ပြီးတိုင်း ရေပြန်သောက်ပေးပါ။

အားဖြည့်အချိုရည် အလွန်အကျွံသောက်တာ

အိပ်ငိုက်တယ်၊ ပင်ပန်းတယ်ဆိုတဲ့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အားဖြည့်အချိုရည်ကို တရစပ်သောက်သုံးမိမယ်ဆိုရင်လည်း အိပ်ငိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ အားဖြည့်အချိုရည်တွေမှာ
ကဖင်း
သကြား
အမိုင်နိုအက်ဆစ်
ဗီတာမင် B (ပမာဏများများ) တို့ပါဝင်နေတာကြောင့်ပါ။ ဒါတွေက ယာယီအားပြည့်တယ်လို့သာ ခံစားရစေပြီး ကဖင်းနဲ့ သကြားပါဝင်မှုများတာက ရေရှည်မှာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးမှု များတာ

စိတ်ဖိစီးမှုကသင့်ရဲ့ အိပ်စက်မှုကိုရော နေ့စဉ်ဘဝကိုပါ ထိခိုက်စေနိုင်တာပါ။ ဒါကြောင့် နေ့စဉ်တရားထိုင်တာ၊ ယောဂလေ့ကျင့်တာမျိုးလုပ်ပြီး စိတ်ဖိစီးမှုကို ဖြေလျော့ပေးပါ။ စိတ်ဖိစီးမှုကင်းတာက ပျော်ရွှင်စေပြီး အိပ်ရေးဝစေပါတယ်။ ဒါဆိုရင် နေ့ရက်တိုင်းမှာ အိပ်ငိုက်မှုကင်းပြီး တက်ကြွလန်းဆန်းလို့ ပျော်ရွှင်နေစေမှာပါ။

Ref : HelloSayarwon

ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top