ကလေးရဲ့ မျက်နှာပေါ်က ကုတ်ရာမြင်ပြီး သရဲစောင့်ဖမ်းတဲ့ ဇနီးမောင်နှံ

h2.jpg

မီချီဂန်မှာ နေထိုင်တဲ့ ဂျိုရှူအာ ဟီဂန်စ် (Joshua Higgins ) နဲ့ ဟေသာဘရော့ (Heather Brough) မောင်နှံက တစ်နှစ်သားအရွယ် သမီးငယ်ရဲ့ အခန်းထဲမှာ စောင့်ကြည့် ကင်မရာလေး တပ်ပေးထားပါတယ်။ ကလေးရဲ့ မျက်နှာပေါ်မှာ ထူးဆန်းတဲ့ ကုတ်ရာကို တွေ့လိုက်ချိန်မှာတော့ အကြောင်းရင်းကို ကင်မရာထဲ အဖြေရှာရာ သရဲလို့ယူဆရတဲ့သဏ္ဍာန်တစ်ခုကို တွေ့လိုက်ကြရပါတယ်။ ကလေးပုခက်နားမှာ သရဲက လှည့်ပတ်သွားလာနေသလို အခန်းရဲ့ အခြားတစ်ဖက်ကို ဖြတ်လျှောက်သွားချိန်မှာတော့ ကလေးက လိုက်ကြည့်နေတယ်ဆိုတာ မြင်လိုက်ရပါတယ်။ ဒီလိုမျိုး ထူးထူးခြားခြား ဖြစ်ရပ်ကို မြင်လိုက်ချိန်မှာတော့ အိမ်ပြောင်းပြေးဖို့ အတွက် ဟီဂန်မောင်နှံ အပူတပြင်း ရှာဖွေရပါပြီ။

သမီးဖြစ်သူ တစ်ရေးအိပ်ပြီး နိုးလာချိန်မှာ ခရမ်းရောင်ကုတ်ရာကြီးကို ပါးပေါ်မှာတွေ့လိုက်ရတယ်လို့ ဘရော့ကတော့ ဆိုပါတယ်။ ဘာဖြစ်လို့ ဖြစ်မှန်း ဘယ်သူကမှ မသိကြသလို ကလေး ကိုယ့်ဟာကိုယ် ကုတ်တာလားဆိုပြီး စမ်းကြည့်တော့လည်း မဟုတ်တာ တွေ့ရပါတယ်။

အိမ်မှာ ဒီလိုထူးထူးခြားခြား ဖြစ်ရပ်က တစ်ကြိမ်မကတော့သလို ဒေါသတကြီးနဲ့ အမျိုးသားတစ်ယောက်ရဲ့ အော်သံတွေ၊ ရယ်သံတွေကို ကြားရတယ်လို့လည်း ဇနီးမောင်နှံက ပြောပြပါတယ်။ ရေချိုးခန်းထဲ ဝင်ချိန်မှာလည်း လှေကားကို တက်လိုက်ဆင်းလိုက် လုပ်နေတဲ့ ခြေသံရှပ်ရှပ်တွေကိုလည်း ကြားရတယ်လို့ ဆိုပါတယ်။

ဒီအိမ်ကို ပိုင်ဆိုင်သူကတော့ ဟီဂန်ရဲ့ အမေ ဖြစ်ပြီး ဒီလိုတွေ ဖြစ်ရတဲ့ အကြောင်းရင်းမှန်ကို သူလည်း မသိဘူးလို့ ဆိုပါတယ်။ လယ်တော အိမ်အဟောင်းဖြစ်သလို လွန်ခဲ့တဲ့ (၁၁) နှစ်က အိမ်ရှင်အမျိုးသမီးကြီး လှေကားပေါ်ကနေ ပြုတ်ကျပြီး တင်ပဆုံရိုး ကျိုးသွားတာကြောင့် မသေခင် အချိန်ထိ အိပ်ရာထဲ လဲနေခဲ့တယ်လို့ ဆိုပါတယ်။ ဟီဂန်ရဲ့ အဖေထင်တာကတော့ ဒီအိမ်ကြီးထဲမှာ အရင်က နေခဲ့တဲ့ အမျိုးသားက ပြတင်းပေါက်ကနေ ခုန်ချပြီး သတ်သေခဲ့တယ်လို့လည်း ယူဆကြပါသေးတယ်။

အိမ်ထဲမှာ ခြောက်နေတဲ့ သရဲက ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်း မသိရပေမဲ့ သေချာတာတစ်ခုကတော့ ဟီဂန်မောင်နှံ အိမ်ပြောင်းပြေးရမယ် ဆိုတာပါပဲ။

ရုပ်သံဖိုင်ကိုကြည့်ရှုရန် – http://tiny.cc/sdzc5y

Ref: People “Michigan Couple Says They Caught a Ghost on Nanny Cam After Finding Scratches on Baby’s Face”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top