အတတ်ပညာ (သို့မဟုတ်) အနုပညာရဲ့ မမြင်သာတဲ့ တခြားဘက်ခြမ်း

mu.jpg

အနုပညာဖန်တီးမှုတစ်ခု ဆိုတာ တကယ်တမ်းမှာ နောက်ခံသိမြင်မှု၊ ကြိုးစားအားထုတ်မှု၊ စည်းစနစ်ကျနစွာ လေ့လာသင်ယူထားမှုစတဲ့ အရာတွေနဲ့ မကင်းကွာကောင်းပါဘူး။ ဂီတ ပညာရေးဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ အရေးပါပါသလဲ။ စနစ်တကျ သင်ယူတတ်မြောက်လာရတဲ့ ဂီတ ကနေ တဆင့် အနုပညာလမ်းကို ရှေ့ဆက်လျှောက်နိုင်ဖို့ ဘာတွေလိုအပ်လာမလဲ။ ဘယ်လို စိန်ခေါ်မှုတွေကို မျှော်လင့်ထားရမလဲ။

လတ်တလော အွန်လိုင်းမှာ ရေပန်းစားနေတဲ့ “ဒါမြန်မာ”ဆိုတဲ့ Music Mtv လေး တစ်ခုကြည့်မိပြီးတဲ့နောက်မှာ တွေးမိတာလေးတွေပါ။“ဒါမြန်မာ” ဆိုတဲ့ သီချင်းကို ကိုဓီရာမိုရ်က ၂၀၁၁ -၂၀၁၂ ဝန်းကျင်မှာ ရေးဖွဲ့ခဲ့ပြီး အခုမှ အွန်လိုင်းပေါ်တင်ဖြစ်ခဲ့တာပါ။ ဒီသီချင်းကို ဝိုင်းဝန်းဖန်တီးထားကြတာကတော့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် ( NUAC) က ကျောင်းသားကျောင်းသူလေးတွေပဲဖြစ်ပါတယ်။ ကိုဓီရာမိုရ်ကတော့ “ကျောင်းသားဘဝမှာ ဒီလောက်အတိုင်းအတာထိ လုပ်နိုင်တယ်ဆိုတာ တကယ်တော့ ကောင်းတဲ့ အလားအလာပါပဲ” လို့ မှတ်ချက်ပေးခဲ့ပါတယ်။

သူကိုယ်တိုင်လည်း အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်မှ ဘွဲ့ရရှိခဲ့သူတစ်ဦးဖြစ်ပြီး အခုလက်ရှိမှာတော့ မြန်မာနိုင်ငံက အနုပညာတက္ကသိုလ်မှာ လက်ရှိ ဂီတဌာနရဲ့ ပါမောက္ခ ဌာနမှူးအဖြစ်တာဝန်ယူထားသူပါ။ ဓီရာမိုရ်လို့ ဆိုလိုက်ရင် သီချင်းကောင်းတွေအများကြီး ရေးခဲ့ဖူးသူ၊ ဇော်က ကနေသည် စတဲ့ ဇာတ်ကားတွေနဲ့ ရုပ်ရှင်တေးဂီတ အကယ်ဒမီထူးချွန်ဆုတွေ ရရှိထားသူ၊ သီချင်းကောင်းတွေအများကြီး သီဆိုခဲ့တဲ့ အဆိုတော်၊ နောက်ပြီး တီးဝိုင်းတစ်ခုကို အောင်အောင်မြင်မြင် တည်ထောင်ထားနိုင်သူအဖြစ် ချက်ချင်း သတိရမိမှာပါ။ ဂီတကိုပဲ တစိုက်မတ်မတ်ချစ်ခင်ပြီး ဂီတ နယ်ပယ်မှာပဲ လုပ်ကိုင်နေတဲ့ ကိုဓီရာမိုရ်ကတော့ သူ့ကိုယ်သူ “Musician (ဂီတ သမားတစ်ယောက်)” လို့ပဲ ရိုးရှင်းစွာပြောခဲ့ပါတယ်။ ဒီလို ဂီတ သမားတစ်ယောက်က တစ်ဖက်မှာလဲ ဂီတ ပညာရေးအတွက် ဘယ်လို စိတ်ကူးတွေနဲ့ အလုပ်လုပ်နေသူဖြစ်မလဲ ဆိုတာ တကယ် စိတ်ဝင်စားစရာပါပဲ။

အနုပညာတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေနဲ့ ပက်သက်ပြီးတော့ သူက “ဒီကျောင်းသားတွေက အင်မတန်ထူးချွန်ပါတယ်။ ဒီကျောင်းသားတွေသွားနေတဲ့လမ်းကို အားလုံး ဝေဖန်သုံးသပ်ပေးကြပါ။ ဒီကျောင်းသားတွေက တချိန်မှာ နိုင်ငံတော်အတွက်အားကိုးရမယ့် လူငယ် တွေဖြစ်ပါတယ်ဆိုတဲ့ဟာကို တဖြေးဖြေးနဲ့ ပိုပြီးတော့ သိလာအောင်ကြိုးစားနေတာပါ” လို့ ပြောခဲ့ပါတယ်။ သူ့အမြင်မှာတော့ မြန်မာနိုင်ငံမှာ ဂီတဆိုတာကို ကြိုက်နှစ်သက်ကြပေမယ့် သေချာစနစ်တကျသင်ယူထားတဲ့ ဂီတ ပညာရေးက လိုအပ်နေပါတယ်။ အဲ့ဒီလို လိုအပ်နေတဲ့အတွက် သူ့အနေနဲ့  Orchestra ပွဲတွေ၊ ကျောင်းသားတွေနဲ့ တင်ဆက်တဲ့ programme တွေအပိုင်းကို ပိုကြိုးစားဖြစ်လာတာပါလို့ ဓီရာမိုရ်က ဆိုပါတယ်။

သူကိုယ်တိုင်လည်း မြန်မာနိုင်ငံက အနုပညာ တက္ကသိုလ်သာမက ဂျပန် အနုပညာ တက္ကသိုလ်မှာပါ  ပညာသင်ယူခဲ့သူမို့ ကျောင်းတွေရဲ့ကွာခြားချက်နဲ့ပက်သက်တဲ့ အကြောင်းကို “မြန်မာနိုင်ငံက ကျောင်းကတော့ ယဉ်ကျေးမှုနဲ့ အနုပညာတက္ကသိုလ်ဆိုတော့ မြန်မာ့ယဉ်ကျေးမှုကိုလည်း တစ်ဖက်ကသွားတယ် အနုပညာဆိုတဲ့ လွတ်လွတ်လပ်လပ်ဖန်တီးတဲ့ အပိုင်းကိုလဲ သွားတယ်။ ကျောင်းသားကို အဓိက focus လုပ်ပြီးသွား တယ်။ ဒီကျောင်းသားတစ်ယောက်က တကယ်ဘာလုပ်ချင်နေတာလဲ။ အဲ့တော့မှ သူတို့က လက်ခံတယ်။ တကယ်လုပ်မှလဲ အဲ့ကျောင်းသားက အလုပ်ဖြစ်တယ်။ စာမေးပွဲအောင်တယ။် အဲ့လို type နဲ့သွားတယ။် ဒီမှာကျတော့ကလေးတော်တော်များများက သင်ပေးတာကိုသင်ယူတယ်။ ကိုယ်တိုင်ဘာလုပ်ချင်တာလဲ ဆိုတာကိုတော့ တိတိကျကျပြောနိုင်ဖို့ ဒီကလေးတွေမှာ အခက်အခဲရှိတယ် ကိုယ်တိုင်လုပ်ချင်တဲ့ဟာကို ရေးတေးတေးပဲပြောနိုင်တယ်။ အဲ့ဒီကို ရောက်အောင်သွားဖို့ ဆိုတာကတော့ပိုခက်တယ်။ ဒါဒီနိုင်ငံရဲ့ background ပေါ့နော် အဲ့ဒါကတော့ အကြီးဆုံးစိန်ခေါ်မှုပဲ” လို့ ဆိုခဲ့ပါတယ်။

ကိုဓီရာမိုရ် က မြန်မာနိုင်ငံမှာ Ochrestra ဂီတကို တဖန်ပြန်အသက်သွင်းသူလို့ပြောလို့ရသူပါ။ သူ့ရဲ့ ကြိုးစားမှုတွေနောက်မှာ လူတွေရဲ့ စိတ်ဝင်စားမှုက ပိုမြှင့်တက်လာခဲ့တာပါ။ ကိုဓီရာမိုရ်တို့ အနေနဲ့ Orchestra ပွဲတွေကို နှစ်စဉ် ဖေဖော်ဝါရီလမှာ ပြုလုပ်သွားဖို့ရှိပါတယ်။ သူ့အမြင်မှာတော့ အဲ့ဒါလဲ ဂီတပညာရေးတစ်ခုပါပဲ။ သူ့အနေနဲ့ အနုပညာတက္ကသိုလ်က ကျောင်းသူကျောင်းသားတွေကို အနုပညာလမ်းမပေါ် ရောက်ပြီး အောင်မြင်စေချင်ပေမယ့် ပရိသတ်ရဲ့ အားပေးမှု ကိုလည်း လိုအပ်နေပါတယ်။ အခု အနေအထားမှာဆိုရင် သူလုပ်တဲ့ orchestra တွေ၊ သီချင်းတွေကို “ ပရိသတ်က ကျေနပ်တယ် သဘောကျတယ်ဆိုပေမယ့် နှစ်သက်တယ်ဆိုတဲ့  ပထမအဆင့်မှာ တင်အရှိန်တန့်နေပြီး ဒုတိယအဆင့် ဖြစ်တဲ့ အားပေးတဲ့ အဆင့်(support) ထိ   အခြေအနေတွေက ဖြစ်မလာဘူး” လို့သူက ပြောပြခဲ့ပါသေးတယ်။

သူက ရုပ်ရှင်နဲ့ပက်သက်ပြီး နောက်ခံတေးဂီတတွေ ဖန်တီးနေရာမှ ယဉ်ကျေးမှု အနုပညာ ဂီတ ကို ကောင်းကောင်းမိတ်ဆက်လိုတဲ့အတွက် နောက်ပိုင်းကျရင်တော့ ရုပ်ရှင်ကို ဖန်တီးထုတ်လုပ် တဲ့ အဆင့်ထိ သွားဖို့ စိတ်ကူးနေသူပါ။ အင်တာနေရှင်နယ်က အလွယ်တကူနားထောင်လို့ရတဲ့ ဂီတပလက်ဖောင်းတစ်ခု ကို ဖန်တီးချင်တဲ့ အတွက် မြန်မာ့ဂီတစပေါ်တဲ့ အချိန်ကနေစပြီးတော့ ပြီးခဲ့တဲ့နှစ် နှစ်ဆယ် သုံးဆယ်လောက်အထိ အတွင်းမှာ ရှင်သန်ခဲ့တဲ့ အကောင်းဆုံး အထင်ကရသီချင်း အပုဒ်တစ်ထောင်ကိုလဲ သွင်းနေပါတယ်လို့ သိရပါတယ်။

မြန်မာ့ဂီတနဲ့ ခေတ်ပေါ်တေးဂီတကို ပေါင်းပြီးလုပ်ဖြစ်တဲ့ အကြောင်းကို တော့ “မြန်မာ့ဂီတနဲ့ပေါင်းပြီးလုပ်ဖြစ်တာက ငယ်ငယ်ကတည်းက ကိုယ်ကြိုက်တာကို လွတ်လွတ်လပ်လပ်ပေါင်းရတာကို ၊ အဲဒီလို ပုံစံကို  သဘောကျတယ် နောက်ပိုင်း ပညာတော်သင်တွေဘာတွေ သွားပြီးပြန်လာတော့ ပိုပြီးတော့ identity ရဲ့ အကြောင်းကို နားလည်လာတယ်ပေါ့နော် Identity ဆိုတာ ကိုယ်ကဘယ်က လာသလဲ ကိုယ့်ဆီမှာ ဘာရှိလဲ ကိုယ့်ရေမြေမှာ ဘာတွေရှင်သန်လဲ အဲ့ဒါကို တတ်နိုင်သလောက်မိတ်ဆက်ပေးချင်တဲ့စိတ်ကြောင့်ပါ။ ပေါင်းစပ်တယ်ဆိုတဲ့ အဓိကအခြေခံထဲမှာ  နှစ်ချက်ရှိတယ် ။ ကိုယ်ကိုတိုင်ကိုက ကိုယ်ကြိုက်တာတွေကို လွတ်လွတ်လပ်လပ်ပေါင်းချင်တဲ့ ဆန္ဒ ဒါက မွေးရာပါ။ နောက်တစ်ချက်က ကိုယ့်ရဲ့Identity။ ဒါကတော့ သူများနဲ့ မတူတဲ့ ကွဲဲပြားတဲ့ စရိုက်လက္ခဏာ အဲ့ဒါ ကို ပြချင်တာ” လို့ သူက ပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ ဂီတ အနေအထားမှာ လက်ရှိကြုံနေရတဲ့ အခက်အခဲလေးတစ်ခုကတော့ ကိုယ်လက်ခံတဲ့ ဂီတ အမျိုးအစားကို တန်ဖိုးရှိတယ်လို့ ယူဆပြီး ကိုယ်မကြိုက်တဲ့ ဂီတအမျိုးအစားနဲ့ ပက်သက်လာရင် ချိုးနှိမ်လေ့ ရှိကြတာပါ။ ဒီပြသနာတွေက အွန်လိုင်းမှာ နောက်ပိုင်း အဖြစ်များလာတဲ့ ပြသနာတွေထဲတစ်ခုလို့တောင်ပြောလို့ရပါတယ်။ ဒီအကြောင်းတွေနဲ့ ပက်သက်ပြီး ကိုဓီရာမိုရ်ရဲ့ အမြင်ကိုတော့ အခုလို ပြောပြခဲ့ပါသေးတယ်။

“အနုပညာပိုင်းကို ကိုယ်ကြိုက်ရင် တန်ဖိုးရှိတယ် ကိုယ်မကြိုက်ရင် တန်ဖိုးမထားဘူး လို့ ဖြစ်နေတယ်  ။ တချို့ဟာတွေက တန်ဖိုး အရမ်းရှိတယ် ဒါပေမယ့် ကိုယ်ကြိုက်ချင်မှ ကြိုက်မှာပေါ့နော် ဒါပေမယ့် သူ့ရဲ့တန်ဖိုးကိုတော့ ကိုယ်မကြိုက်ရုံနဲ့တော့ တန်ဖိုးမရှိဘူးလို့ မသတ်မှတ်သင့်ဘူးပေါ့ အဲ့ဒါလေးတွေကိုတော့ လူတွေကြားထဲမှာ အဲ့လို နည်းနည်း ပိုကျယ်ကျယ်ပြန့်ပြန့် အတွေးမျိုးတွေ ဝင်လာစေချင်ပါတယ်” ။

ကဲ … အဲ့ဒီတော့ ဂီတ ပညာရေးဟာ မြန်မာနိုင်ငံမှာ ဘယ်လောက်ထိ အရေးပါပါသလဲ။ စနစ်တကျ သင်ယူတတ်မြောက်လာရတဲ့ ဂီတ ကနေ တဆင့် အနုပညာလမ်းကို ရှေ့ဆက်လျှောက်နိုင်ဖို့ ဘာတွေလိုအပ်လာမလဲ။ ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ သတ္တိနဲ့၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုနဲ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဂီတ မျိုးဆက်သစ်တွေရဲ့ အနုပညာအရည်အသွေးဟာ စိန်ကောင်းကျောက်ကောင်းတစ်ပွင့်လို ကမ္ဘာ့အလည် မြန်မာ့အလည်မှာ ဝင့်ထည်လာနိုင်မလား ၊  စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တွေပါပဲ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top