ကမ္ဘာ့အပြင်းထန်ဆုံး ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကို ဆန့်ကျင်နေကြသူများ

170622154929-el-salvador-abortion-rights-demonstration-super-169.jpg

အလယ်အမေရိက ဒေသရှိ အယ်လ်ဆာဗေးဒေါနိုင်ငံ (El Salvador) နိုင်ငံဟာ လူဦးရေ ၆ သန်းကျော်ကျော် သာရှိတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကမ္ဘာအပြင်းထန်ဆုံး ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေရှိနေတဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အယ်လ်ဆာဗေးဒေါ အမျိုးသမီးတစ်ယောက်ဟာ ကိုယ်ဝန်ပျက်ကျခြင်း၊ သားလျှောစေခြင်းစတဲ့ ပြစ်မှုများ ကျုးလွန်မိရင် ထောင်ဒဏ် အနှစ် ၅၀ အထိ အကျဉ်းကျနိုင်ပါတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံရဲ့တင်းကျပ်တဲ့ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ ဥပဒေကြောင့် ၂၀၀၀ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း အမျိုးသမီး ၁၂၉ ယောက်ခန့် ထောင်ဒဏ်ကျခံခဲ့ရပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းဟာ ဘယ်လိုအခြေအနေမျိုးမှာ မဆို တရားမဝင်လုပ်ရပ် တစ်ရပ်ဖြစ်ပြီး မုဒိမ်းအကျင့်ခံရပြီး ကိုယ်ဝန်ဖျက်ချမယ် ဆိုရင်တောင် တရားဥပဒေအရ ဖမ်းဆီး အပြစ်ပေးနိုင်တယ်လို့ သိရပါတယ်။ ယခုဆိုရင် အယ်လ်ဆာဗေးဒေါနိုင်ငံမှာ ကိုယ်ဝန်ဖျက်ချခြင်းဆိုင်ရာ  ဥပဒေကို ပြောင်းလဲပေးရန် အယ်လ်ဆာဗေးဒေါနိုင်ငံသားများ၊ တက်ကြွလှုပ်ရှားသူများ၊ ဆရာဝန်များနဲ့ နိုင်ငံတကာ အဖွဲ့အစည်းများက တောင်းဆိုနေကြပြီး  ဥပဒေပြုအမတ်များနဲ့ နိုင်ငံရေးသမားများကတော့ ဥပဒေကို လျှော့ပေါ့ပေးရန် စဉ်းစားနေကြတယ် လို့သိရပါတယ်။

ဒါ့ကြောင့် လက်ဝဲနိုင်ငံရေးပါတီဖြစ်တဲ့  Farabundo Martí National Liberation Front ပါတီကတော့ လိင်ကျွန်အပြုခံရသူများနဲ့ မုဒိမ်းမှု ကျုးလွန်ခံရသူများအတွက် ကိုယ်ဝန်ဖျက်ခြင်းခွင့်ပြုရန်  ဥပဒေမူကြမ်းကို တင်သွင်းရန် ပြင်ဆင်နေပေမဲ့ လက်ယာပါတီဖြစ်တဲ့ Nationalist Republican Alliance နဲ့ အယ်လ်ဆာဗေးဒေါ ကက်သလစ်ကျောင်းတော်တို့ကတော့  ကိုယ်ဝန်ဖျက်ချခြင်းကို ဘယ်နည်းနဲ့မှ ခွင့်မပြုဖို့ ဆုံးဖြတ်ထားကြပါတယ်။ အယ်လ်ဆာဗေးဒေါနိုင်ငံမှ ဩဇာအာဏာကြီးမားတဲ့ ကက်သလစ်ကျောင်းတော်ကတော့ ကိုယ်ဝန်ဖျက်ချခြင်းကို ဆန့်ကျင်ပြီး “ကိုယ်ဝန်ဖျက်ချခြင်းဟာ  အပြစ်ကင်းစင်တဲ့ ဘဝတစ်ခုကို အဆုံးသတ်ပစ်တဲ့အတွက် ကြီးလေးတဲ့ အပြစ်တစ်ခုဖြစ်ကြောင်း ” ပြောဆိုခဲ့ပါတယ်။

အယ်လ်ဆာဗေးဒေါနိုင်ငံဟာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပွားနှုန်း မြင့်မားတဲ့နိုင်ငံ ဖြစ်ပြီးတော့ တက်ကြွလှုပ်ရှားသူများကတော့ ဒါဟာ လိင်ပိုင်းဆိုင်ရာ အခြေခံအသိ မရှိတဲ့အတွက် ဖြစ်ရတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ဒါ့အပြင် ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်ခြင်းများ ဖြစ်ပွားရခြင်းရဲ့  အဓိက အကြောင်းရင်းတစ်ခုကတော့ မုဒိမ်းမှုများကြောင့်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တစ်ခုတည်းမှာတင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်ခြင်း တိုင်ကြားချက်ပေါင်း ၃၉၄၇ မှုကို  ရဲတပ်ဖွဲ့မှ လက်ခံရရှိခဲ့ပြီး ၁၀၄၉ မှုဟာ မုဒိမ်းမှုဖြစ်ကြပါတယ်။ ဆယ်ကျော်သက် ကလေးတစ်ယောက်ဟာ မုဒိမ်းကျင့်ခံရပြီး ကိုယ်ဝန်ဖျက်ချဖို့ ကြိုးစားမယ်ဆိုရင် သူမဟာ ဆယ်စုနှစ်ပေါင်းများစွာ ထောင်ကျနိုင်ပြီး မုဒိမ်းမှုကျုးလွန်သူ ကတော့ ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၆ နှစ်မှ ၁၀  နှစ်အထိသာ ကျခံရနိုင်ပါတယ်။

တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တဲ့ မာရီယာ ထရီဆာ ရီဗာယာ (María Teresa Rivera) ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာဆိုရင် အသက် ၂၈ နှစ်အရွယ်မှာ ကိုယ်ဝန်ပျက်ကျခဲ့ပြီး ဆေးရုံရောက်သွားတဲ့အခါမှာတော့ ဆရာဝန်များက ဆေးကုသပေးရမဲ့အစား ရဲခေါ်ပြီး ဖမ်းဆီးစေခဲ့ကြပါတယ်။ ရဲများဟာ သူမကို ကလေးငယ်ဘာဖြစ်သွားပြီလဲလို့ စစ်ဆေးမေးမြန်းခဲ့ပြီး ရီဗာယာက သူမ ကိုယ်ဝန်ရှိကြောင်း အဲ့ဒီအချိန်မှ သိခဲ့တာ ဖြစ်ပေမဲ့ ရဲများကတော့ ကိုယ်ဝန်ဖျက်ချတယ်ဆိုတဲ့ အမှုနဲ့ ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ခဲ့ပါတယ်။

“ထောင်ထဲမှာက ငရဲလိုပါပဲ။ ဝမ်းနည်းဖို့ အကောင်းဆုံးကတော့ ကျွန်မတို့ ကျုးလွန်ခြင်းမရှိတဲ့ ပြစ်မှုအတွက် တရားစီရင်ခံခဲ့ရတာပါပဲ။ ကျွန်မ တခြားဘယ်မိန်းကလေးကိုမှ ဒီလိုပြစ်မှုကြောင့် ထောင်ထဲမသွားစေချင်တော့ဘူး။ ကျွန်မတို့ အမျိုးသမီးတွေရဲ့ လွတ်လပ်ခွင့်နဲ့ ကျန်းမာရေးကို ကာကွယ်ရမဲ့အစား အယ်လ်ဆာဗေးဒေါနိုင်ငံဟာ ကျွန်မတို့လို ဆင်းရဲတဲ့အမျိုးသမီးတွေကို ဥပဒေနဲ့ ပြစ်ဒဏ်ချထားပါတယ်။ ”လို့ ပြောဆိုခဲ့ပါတယ်။

Ref : CNN News : The people fighting the world’s harshest abortion law

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top