ရုရှားအစိုးရကို ရှုတ်ချကြောင်း နဲ့ ရုရှားကျူးကျော်စစ်အကြောင်း ရုရှားပြည်သူတွေ အမှန်သိစေဖို့ ဗီဒီယိုနဲ့တကွ ထုတ်ပြောလာခဲ့တဲ့ မင်းသားကြီး အားနိုး

18-2-2022-yyl04.jpg

ကမ္ဘာကျော်အက်ရှင်မင်းသားကြီးလည်းဖြစ်တဲ့၊ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးဟောင်းလည်းဖြစ်တဲ့ အာနိုးရှဝါဇနက်ဂါ (Arnold Schwarzenegger) ဟာ ရုရှားအစိုးရရဲ့မှားယွင်းတဲ့ဝါဒဖြန့်မှုတွေကို ဖိနှိပ်ဖို့ ကြိုးစားတဲ့အနေနဲ့ရော ရုရှားကျူးကျော်စစ်အကြောင်းနဲ့ပတ်သက်ပြီး ရုရှားပြည်သူတွေကို အမှန်သိစေဖို့အတွက်ပါ ၉ မိနစ်စာ ဗီဒီယိုမက်ဆေ့ချ်တစ်ခုကို တွစ်တာအကောင့်မှာ တင်ခဲ့ပါတယ်။ အာနိုးက သူ့ရဲ့ဗီဒီယိုမက်ဆေ့ချ်ကို ရုရှားလူမျိုးတွေဆီ ရောက်သွားစေချင်တယ်လို့ ဆိုပါတယ်။

” မင်းတို့ကို ဖုံးကွယ်သိုဝှက်ထားတဲ့ အရာတွေရှိတဲ့အတွက် ဒီနေ့ မင်းတို့ကို ပြောပြနေတာပါ။ မင်းတို့ သိထားသင့်တဲ့ ကြောက်ဖို့ကောင်းတဲ့အရာတွေပါ” လို့ အာနိုးက ပြောခဲ့ပါတယ်။ ရုရှားပြည်သူတွေအပေါ် ထားတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာနဲ့ လေးစားမှုအကြောင်းတွေ ပြောကြားရင်း ရုရှားအစိုးရရဲ့လုပ်ရပ်တွေကို ရှုတ်ချတယ်ဆိုပြီး နိဒါန်းပျိုးခဲ့ပါတယ်။

မင်းသားကြီး အာနိုး ငယ်ဘဝတုန်းက သူ့ရဲ့ဟီးရိုးက ရုရှားလူမျိုး အလေးမချန်ပီယံ ယူရီ ဗီထရိုဗစ်ဗလာစ့ဗ်ဖြစ်ခဲ့တဲ့အတွက် သူ့ရဲ့ဖခင်က အခြားဟီးရိုးကို ပြောင်းကြိုက်ဖို့ သူ့ကိုတိုက်တွန်းခဲ့တယ်လို့လည်း ထုတ်ပြောခဲ့ပါတယ်။ သူ့ရဲ့အဖေက ဒုတိယကမ္ဘာစစ် အတွေ့အကြုံတွေကြောင့် ရုရှားလူမျိုးတွေကို မကြိုက်နှစ်သက်ခဲ့ဘူးလို့ ဆိုပါတယ်။ အာနိုးရဲ့ ရုရှား-အင်္ဂလိပ်နှစ်ဘာသာနဲ့ စာတန်းထိုးထားတဲ့ ဗီဒီယိုက အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ယူကရိန်းနိုင်ငံသား ၃ သန်းခန့်ရှိတဲ့ ယူကရိန်းနိုင်ငံက အခြေအနေတွေကို လူတွေ အာရုံစိုက်လာစေခဲ့ပါတယ်။

အာနိုးက ရုရှားသမ္မတ ဗလာဒီမာပူတင်ကိုလည်း “မင်းရဲ့ကိုယ်ပိုင်ရည်မှန်းချက်အတွက် ဒီငယ်ရွယ်တဲ့လူတွေကို ဘာကြောင့်စတေးရမှာလဲ။ သမ္မတပူတင် ကျွန်တော် ပြောမယ်။ “မင်း ဒီစစ်ပွဲကို စတင်ခဲ့တယ်။ မင်း ဒီစစ်ပွဲကို ဉီးဆောင်နေတယ်။ ဒီစစ်ပွဲကို မင်းရပ်တန့်နိုင်တယ်” လို့ ပြောကြားရင်း စစ်ပွဲရပ်တန့်ဖို့ တောင်းဆိုခဲ့ပါတယ်။ ယူကရိန်းသမ္မတ ဗိုလော့ဒီမာ ဇယ်လန်းစကီး (Volodymyr Zelenskyy) က ဂျူးလူမျိုးဖြစ်ပြီး Holocaust မှာ ဆွေးမျိုးတွေ ဆုံးရှုံးခဲ့ရတယ်ဆိုတာကို ထောက်ပြပြီး ယူကရိန်းနိုင်ငံမှာရှိတဲ့ နာဇီဝါဒနဲ့ သူတို့ရဲ့လွှမ်းမိုးမှုကို ဖယ်ရှားဖို့ ကြိုးစားနေတယ်ဆိုတဲ့ ရုရှားအစိုးရရဲ့ပြောဆိုချက်က လုံးဝမမှန်ပါဘူးလို့လည်း အာနိုးက ပြောကြားခဲ့ပါတယ်။

“ရုရှားအစိုးရက သူတို့ရဲ့နိုင်ငံသားတွေကိုရော သူ့တို့ရဲ့စစ်သားတွေကိုလည်း လိမ်ညာခဲ့တယ်” လို့ အာနိုးက ဆိုပါတယ်။ အဲဒီနောက်မှာ အာနိုးက အစိုးရရဲ့လိမ်ညာမှုမှာ နစ်မွန်းခဲ့ရတဲ့ သူ့အဖေရဲ့ဇာတ်လမ်းကို ပြောပြခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်တုန်းက သူ့ရဲ့အဖေက ရုရှားနိုင်ငံရဲ့လီနင်ဂရက်မြို့ကို ရောက်တဲ့အချိန် သူ့ရဲ့အစိုးရရဲ့လိမ်ညာမှုမှာ နစ်မွန်းခဲ့ရတယ်။ လီနင်ဂရက်ကနေ ထွက်သွားခဲ့တဲ့အချိန်မှာလည်း ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ထိခိုက်ခဲ့ရပြီး ဘဝတစ်လျှောက်လုံး နာကျင်မှုတွေနဲ့ နေထိုင်ခဲ့ရတယ်။

ထိခိုက်ထားတဲ့ ကျောရိုးနာကျင်မှု ဝေဒနာ၊ ဆိုးရွားခဲ့တဲ့ အဲဒီအချိန်ကာလအဖြစ်အပျက်တွေက သူ့ကို အမြဲသတိပေးနေခဲ့တဲ့ နာကျင်မှုနဲ့ အပြစ်ရှိတယ်ဆိုတဲ့စိတ်ကြောင့် ခံစားခဲ့ရတဲ့ နာကျင်မှုနဲ့ နေထိုင်ခဲ့ရတယ်လို့ အာနိုးက ပြောခဲ့ပါတယ်။
အာနိုးက ရုရှားစစ်သားတွေကိုလည်း “ဒီဗီဒီယိုကို နားထောင်နေတဲ့ ရုရှားစစ်သားတွေအတွက် မင်းတို့ ငါပြောနေတဲ့ အမှန်တရားကို တော်တော်များများသိပြီးလောက်ပါပြီ။ ဒါကို မင်းတို့ရဲ့မျက်စိနဲ့ မြင်အောင်ကြည့်ပါ။ ငါ့ရဲ့အဖေလိုမျိုး မင်းတို့ ထိခိုက်ခံစားရမှာကို မလိုချင်ဘူး” လို့ ပြောကြားခဲ့ပါတယ်။

ယူကရိန်းကို ရုရှားကျူးကျော်မှုကို ကန့်ကွက်ဆန္ဒပြနေတဲ့ ရုရှားနိုင်ငံသားတွေအတွက်လည်း အားပေးစကားပြောကြားရင်း ဗီဒီယို အဆုံးသတ်ခဲ့ပါတယ်။ “မင်းတို့ရဲ့ရဲစွမ်းသတ္တိရဲ့အကျိုးဆက်တွေကို ခံစားခဲ့ရတယ်ဆိုတာ ငါတို့သိပါတယ်။ မင်းတို့ ဖမ်းဆီးခံခဲ့ရတယ်။ အချုပ်ကျခံခဲ့ရတယ်။ ရိုက်နှက်ခံခဲ့ရတယ်၊။ မင်းတို့က ငါ့ရဲ့ဟီးရိုးအသစ်တွေပါ။ ယူရီ ဗီထရိုဗစ်ဗလာစ့ဗ်ရဲ့ခွန်အားတွေ မင်းတို့မှာရှိတယ်။ မင်းတို့က ရုရှားရဲ့နှလုံးသားအစစ်အမှန်ပါ”။

Ref: CBSNews “Arnold Schwarzenegger speaks to Russians in emotional plea against war in Ukraine”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top