ခန္ဓာကိုယ် အလေးချိန် ပေါင်တစ်ဝက်သာသာပဲရှိတဲ့ ကမ္ဘာ့အသေးဆုံး ကလေးငယ် ဆေးရုံမှ ပြန်ဆင်းလာ

i1.jpg

မွေးခါစက ခန္ဓာကိုယ်အလေးချိန် (၉.၄၅) အောင်စပဲရှိပြီး ကမ္ဘာ့အသေးဆုံး ယောကျာ်းလေးလို့ သတ်မှတ်ထားကြတဲ့ ဂျပန်နိုင်ငံက ကလေးငယ်ဟာ ကုသမှုအောင်မြင်ခဲ့တဲ့အတွက် ဆေးရုံက ပြန်ဆင်းနိုင်ခဲ့ပါပြီ။

၂၀၁၈ ခုနှစ် သြဂုတ်လက ခွဲမွေးခဲ့ရတဲ့ ကလေးငယ်ဟာ လူကြီးလက်ဖဝါး နှစ်ဖက်စာလောက်ပဲ ရှိခဲ့ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် (၂၄) ပတ်နဲ့ မွေးဖွားခဲ့တဲ့ ကလေးငယ်ဟာ ဆေးရုံမှာ (၅) လကြာ နေရခဲ့ပြီး အထူးကြပ်မတ်ကုသမှု ခံယူခဲ့ရပါတယ်။ အခုချိန်မှာတော့ ခန္ဓာကိုယ်အလေးချိန် (၃.၂) ကီလိုဂရမ် (၇.၀၅ ပေါင်)အထိ ရှိလာခဲ့ပြီး ပုံမှန်အတိုင်း နို့တိုက်ကျွေးလို့ရတဲ့ အနေအထားဖြစ်လာခဲ့ပါပြီ။

”ပွင့်ပွင့်လင်းလင်း ပြောရရင် သူ အသက်ရှင်ပါ့မလားဆိုတာ တပ်အပ်မပြောနိုင်ခဲ့ပါဘူး။ သူ ဒီလောက် ကြီးထွားလာတဲ့အတွက် ပျော်တယ်ဆိုတာပဲ ပြောနိုင်ပါတော့တယ်” လို့ ကလေးငယ်ရဲ့မိခင်က ပြောပါတယ်။ အရင်တုန်းကတော့ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့တဲ့ ယောကျာ်းလေးဟာ ခန္ဓာကိုယ်အလေးချိန် (၂၇၄) ဂရမ် (၈.၇ အောင်စ) ပဲရှိပြီး ကမ္ဘာ့အသေးဆုံး ယောကျာ်းလေးအဖြစ် စံချိန်တင်ထားတာပါ။

ဂျပန်နိုင်ငံမှာ ခန္ဓာကိုယ်အလေးချိန် (၁) ကီလိုဂရမ်မပြည့်ဘဲ မွေးဖွားလာတဲ့ ကလေးငယ်တွေဟာ အသက်ရှင်သန်နိုင်ခြေ (၉၀) ရာခိုင်နှုန်းနီးပါးရှိပေမဲ့ အလေးချိန် (၃၀၀) ဂရမ်အောက်နဲ့ မွေးဖွားလာသူတွေကတော့ အသက်ရှင်နိုင်ခြေ (၅၀) ရာခိုင်နှုန်းအောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ မွေးခါစအရွယ်မှာ ခန္ဓာကိုယ်အလေးချိန် အရမ်းနည်းလွန်းတဲ့ ကလေးတွေထဲမှာ မိန်းကလေးတွေထက် ယောကျာ်းတွေက အသက်ရှင်နိုင်ခြေ ပိုနည်းပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲဆိုတာကို ဆေးပညာရှင်တွေလည်း တပ်အပ်မပြောနိုင်ကြပါဘူး။ ယောကျာ်းလေးတွေရဲ့ အဆုတ်ဖွံ့ဖြိုးမှုက မိန်းကလေးတွေထက် ပိုနှေးကွေးတာကြောင့် ဖြစ်လိမ့်မယ်လို့ တချို့တွေက ယူဆထားကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top