မူးယစ်ဆေးလွန်ပြီး ၁ နှစ်ကလေးငယ် သေဆုံးခဲ့တဲ့ မူကြိုကျောင်း ကြမ်းပြင်ကနေ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

22.9.23-yyl-16.jpg

အမေရိကန်နိုင်ငံ နယူးယော့ခ်မြို့ မူကြိုကျောင်းမှာ တစ်နှစ်အရွယ် ကလေးငယ်တစ်ယောက် မူးယစ်ဆေး လွန်လို့ သေဆုံးခဲ့ပြီးနောက် ရှာဖွေရာမှာ မူးယစ်ဆေး အများအပြား ရှာဖွေတွေ့ရှိခဲ့ပါတယ်။ နယူးယော့ခ်မြို့ ဒီဗီနိုနီနို မူကြိုကျောင်းမှာ သိမ်းဆည်းရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဟာ လူ ၅ သိန်းကို အသက်ဆုံးရှုံးစေနိုင်တဲ့ ပမာဏရှိတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

မူးယစ်ဆေး လွန်ပြီး သေဆုံးခဲ့တဲ့ ကလေးငယ်ဟာ လွန်ခဲ့တဲ့ တစ်ပတ်ကမှ မူကြို စတက်ခဲ့တဲ့ ၁ နှစ်သားကလေးငယ် နီကိုလက်စ် ဖြစ်ပါတယ်။ ကလေးတွေ အိပ်တဲ့အခန်း ကြမ်းပြင်အောက်မှာ ဖန်တနဲလ်အပါအဝင် မူးယစ်ဆေးဝါး အများအပြား သိုဝှက်ထားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ နီကိုလက်စ် သေဆုံးခဲ့ပြီး အခြားကလေးငယ် ၃ ယောက်လည်း ဆေးရုံ ရောက်ခဲ့ပါတယ်။

ဒီဖြစ်ရပ်ကြောင့် မူကြိုကျောင်းပိုင်ရှင် ဂရိုင်မန်ဒက်ဇ်နဲ့ ငှားရမ်းနေထိုင်သူ ဘရစ်တိုတို့ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ပြည်ထောင်စု တရားရုံးကနေ စွဲချက်တင်ဖို့ ရှိနေပါတယ်။ စောင့်ကြည့်ကင်မရာ မှတ်တမ်းနဲ့ ဖုန်းမှတ်တမ်းတွေအရ ဂရိုင်မန်ဒက်ဇ်ဟာ ကလေးငယ်တွေ မူးယစ်ဆေးလွန်ပြီးတဲ့နောက် အရေးပေါ်အဖွဲ့ထံ ဖုန်းမဆက်ခင် သူ့ခင်ပွန်းဖြစ်သူထံ ကြိမ်ဖန်များစွာ ဖုန်းခေါ်ခဲ့တာ တွေ့ရပါတယ်။ အဲဒီနောက်မှာ ဂရိုင်မန်ဒက်ဇ်ရဲ့ ခင်ပွန်း ရောက်လာပြီး ဈေးဝယ်အိတ် အများအပြားနဲ့ ပစ္စည်းတွေ သယ်ထုတ်သွားတာ တွေ့ရတယ်လို့ ရဲအရာရှိတွေက ဆိုပါတယ်။

ဂရိုင်မန်ဒက်ဇ်ဟာ အဖမ်းမခံရသေးခင်အချိန်အတွင်း မက်ဆေ့ပေါင်း ၂၀၀၀၀ ဝန်းကျင်ကို ဖျက်ပစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ အာဏာပိုင်တွေက အဲဒီမက်ဆေ့တွေကို ပြန်လည်ရှာဖွေနိုင်ခဲ့ပါတယ်။ ဂရိုင်မန်ဒက်ဇ်ရဲ့ခင်ပွန်းကတော့ ထွက်ပြေးတိမ်းရှောင်နေဆဲပါ။ သူတို့အိမ်မှာ ငှားရမ်းနေထိုင်သူ (ခင်ပွန်းဖြစ်သူရဲ့ အစ်ကို) ဘရစ်တိုက မူးယစ်ဆေးဝါးတွေ ဝှက်ထားတာကို ဂရိုင်မန်ဒက်ဇ်က မသိခဲ့ဘူးလို့ သူ့ရဲ့ရှေ့နေက လျှောက်လဲထားပါတယ်။ ဘရစ်တိုကတော့ ရှေ့နေခေါ်ခွင့် ရ၊ မရ မသိရသေးပါဘူး။

ဖန်တနဲလ်ဆိုတဲ့ အကိုက်အခဲပျောက်ဆေးဟာ ဘိန်းဖြူထက် အဆ ၅၀ ပိုပြင်းပြီး အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးလွန်လို့ သေဆုံးမှုတွေ မြင့်တက်လာတာလည်း ဖန်တနဲလ်ကြောင့်လို့ ဆိုကြပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း အမေရိကန်နိုင်ငံမှာ မူးယစ်ဆေးလွန်လို့ သေဆုံးသူ ၁ သိန်းကျော်ရှိခဲ့တဲ့အနက် ၆၆ ရာခိုင်နှုန်းကတော့ ဖန်တနဲလ်နဲ့ ဆက်နွှယ်နေပါတယ်။

Ref: New York Police find drugs in trapdoor at fentanyl nursery

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top