အိမ်ကွင်းမှာ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ပြီး အေဂျက်ကို ရှုံးနိမ့်ခဲ့တဲ့ စပါး

ff1.jpg

ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ စပါးနဲ့ အေဂျက်ပွဲစဉ်မှာတော့ အေဂျက်က ဗန်ဒီဘိခ်ရဲ့ဂိုးနဲ့ အဝေးကွင်းနိုင်ပွဲရခဲ့ပါတယ်။

ဒဏ်ရာရနေတဲ့ ဟာရီကိန်း၊ ပွဲပယ်ပြစ်ဒဏ်ခံထားရတဲ့ ဆွန်ဟောင်မင်တို့ မပါဝင်နိုင်လို့ လိုရန်တီနဲ့ လူးကပ်စ်မိုရာက စပါးတိုက်စစ်ကို ဦးဆောင်ခဲ့ပါတယ်။ အေဂျက်ကတော့ ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာပြီး တာဒစ်၊ ဇီယက်ချ်၊ နီရက်စ်တို့ကို တိုက်စစ်တင် ကစားခဲ့ပါတယ်။

အေဂျက်ဟာ ပွဲစကတည်းက ညက်ညောတဲ့ အပေးအယူ၊ တွဲလုံးတွေနဲ့ စပါးကို လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲချိန် (၁၅) မိနစ်မှာပဲ အဖွင့်ဂိုးရခဲ့ပါတယ်။ အနီးကပ်တွဲလုံးတွေကနေ ဇီယက်ဂျ် ထိုးပေးတဲ့ဘောလုံးကို ဗန်ဒီဘိခ်က သွေးအေးအေးနဲ့ ကန်သွင်းယူခဲ့တာပါ။ ဗန်ဒီဘိခ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် တတိယ အသက်အငယ်ဆုံး ဂိုးသွင်းနိုင်သူဖြစ်လာခဲ့ပါတယ်။

ဂိုးရပြီးနောက်မှာလည်း အေဂျက်က ပွဲကို လွှမ်းမိုးနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပါတယ်။ ပွဲချိန် (၂၄) မိနစ်မှာ တာဒစ် ထိုးပေးတဲ့ဘောလုံးကို ဗန်ဒီဘိခ် ကန်သွင်းခဲ့ပေမဲ့ စပါးဂိုးသမား လိုရစ် ကာကွယ်နိုင်ခဲ့ပါတယ်။ စပါးကတော့ ပွဲချိန် (၂၆) မိနစ်ကျမှ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပြီး ထရစ်ပီယာရဲ့ဖြတ်တင်ဘောကို လိုရန်တီ ခေါင်းတိုက်ရာမှာ ဂိုးပေါက်လွဲချော်ခဲ့ပါတယ်။ ပထမပိုင်း ထပ်ဆောင်းအချိန်ပိုမှာ စပါးအသင်း ချေပဂိုးရဖို့ အခွင့်အရေးရခဲ့ပေမဲ့ အယ်ဒါဝီရယ်ရဲ့ ခေါင်းတိုက်ချက် ဂိုးဘားပေါ်က ကျော်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အေဂျက်အသင်း အမှားအယွင်း များခဲ့လို့ ပထမပိုင်းကလောက် လွှမ်းမိုးနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမဲ့ အခွင့်အရေးတချို့တော့ ရခဲ့ပါတယ်။ တာဂလီယာဖီကိုရဲ့ အဝေးကန်ချက် ဂိုးဘေးက မဆိုသလောက် ကပ်ထွက်ခဲ့သလို ပွဲချိန် (၇၈) မိနစ်မှာ တာဒစ်ရဲ့ဖန်တီးမှုကနေ နီရက်စ် အပိုင်ကန်သွင်းရာမှာ တိုင်ထိထွက်ခဲ့ပါတယ်။ စပါးဟာ အခုပွဲစဉ်မှာ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့ပြီး ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲမှာ ပြိုင်ဘက်ကို
ခြိမ်းခြောက်နိုင်မှု အနည်းဆုံးဖြစ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ဆီမီးဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ် ရှုံးနိမ့်ခဲ့တဲ့ အသင်း (၁၇) သင်းထဲမှာ ဗိုလ်လုပွဲတက်နိုင်တဲ့ အသင်းတစ်သင်းပဲ ရှိခဲ့ဖူးပါတယ်။ အဲဒါကတော့ ၁၉၉၅-၁၉၉၆ ရာသီက အေဂျက်အသင်းပါ။

Nz(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top