သားလေးအတွက် အခုမှသိတဲ့ တက္ကစီသမားဆီကနေ လက်ဆောင်တွေရခဲ့တဲ့ မိခင်တစ်ဦး

yyl-017-2.jpg

ကန်းဆပ်ပြည်နယ်က မိခင်တစ်ဦးက သူ့အိမ်နဲ့ မိုင်ထောင်ပေါင်းများစွာ ဝေးတဲ့ဆေးရုံတစ်ခုမှာ သူ့ရဲ့အချိန်တော်တော်များများကို ကုန်ဆုံးနေခဲ့ရပါတယ်။ နစ်ကီ အီဟတ်စ် ဆိုတဲ့ အဲဒီအမျိုးသမီးရဲ့သားလေး ဂျွန် ဟင်နရီဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အသက်ရှုရခက်ခဲစေတဲ့ရောဂါနဲ့ မွေးဖွားလာခဲ့တာပါ။

ဟင်နရီကို စက်တင်ဘာလက မွေးဖွားခဲ့ပြီးတဲ့နောက်မှာ ခွဲစိပ်ကုသမှု ကြီးကြီးမားမားလုပ်ခဲ့ရပါတယ်။ အဲဒီကလေးလေးက သူနာပြုတွေရဲ့ အထူးဂရုစိုက်စောင့်ရှောက်မှုကို ခံယူနေရတုန်းပါပဲ။ သူ့ရဲ့မိသားစုကလည်း သူ့ရဲ့ဘေးမှာ အချိန်ပြည့်ရှိနေပေးခဲ့ရပါတယ်။

တစ်နေ့မှာ နစ်ကီက သူ့သားလေးအတွက် အင်္ကျီဝယ်ပေးဖို့ ဆေးရုံကနေ စတိုးဆိုင်ကို သွားဖို့ Uber တက္ကစီကားကို ငှားစီးခဲ့ပါတယ်။ Uber တက္ကစီကိုစီးရင်း သူ့ရဲ့ခံစားချက်တွေ ပွင့်ထွက်လာပြီး သူ့သားအကြောင်းတွေကို ကားမောင်းသမားကို ပြောပြခဲ့ပါတယ်။

အဲဒီလိုနဲ့ နစ်ကီသွားမယ့် ဆိုင်ရောက်တဲ့အခါမှာ Uber တက္ကစီသမား ဘီလင်ဒါ (Belinda) က ကားထဲကနေ နစ်ကီနဲ့ လိုက်ထွက်လာပြီး နစ်ကီနဲ့အတူ သူမ ဆိုင်ထဲကို လိုက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ အဲဒီအမျိုးသမီးတက္ကစီသမားက နစ်ကီနဲ့အတူ ဆိုင်ထဲကို လိုက်လာရတာက ဟင်နရီအတွက် အင်္ကျီအထည် (၃၀) ဝယ်ပေးဖို့ပါပဲ။ အခုမှသိတဲ့ခရီးသည်အတွက် အင်္ကျီအထည် (၃၀) ဝယ်ပေးတဲ့ တက္ကစီသမားရဲ့စိတ်ဓာတ်က လေးစားစရာပါပဲ။ နစ်ကီရဲ့သားလေး ဟင်နရီအကြောင်းက သူ့ကို စိတ်မကောင်းဖြစ်သွားမိစေတဲ့ပုံပါပဲ။

ဘီလင်ဒါက နစ်ကီနဲ့ သူ့သားလေး ဟင်နရီဆီကိုတောင် လာလည်ခဲ့ပါတယ်။ ဆေးရုံကို အဝေးကြီးကနေလာရတဲ့ နစ်ကီအတွက် သွားရလာရတာ ခက်ခဲဖြစ်စေမှာပါ။ ဒါပေမဲ့ နစ်ကီမှာ ဘီလင်ဒါလို ကူညီတတ်တဲ့ သူငယ်ချင်းမျိုးရတာ အဲဒီအခက်အခဲတွေကို ဖြေရှင်းကူညီပေးပါတယ်။ နစ်ကီက သူ့မိသားစုအပေါ် ဂရုစိုက်တဲ့ ဘီလင်ဒါအကြောင်းကို သူ့သားလေးရဲ့ အင်္ကျီအသစ်ရတဲ့ ပုံတွေနဲ့ မျှဝေခဲ့တာဖြစ်ပါတယ်။

Ref: CBSNews “Uber driver who picked up passenger from NICU surprises new mom by buying 30 new outfits for her baby”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top