ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်ကို မြောက်ကိုရီးယား ပြသ

15-1-2021-yyl13.jpg

ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည် အမျိုးအစားသစ်ကို မြောက်ကိုရီးယားနိုင်ငံက ထုတ်ဖော်ပြသခဲ့ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ကြီးမှူးကျင်းပခဲ့တဲ့ စစ်ရေးပြပွဲအခမ်းအနားမှာ အဲဒီဒုံးကျည်အပါအဝင် ဒုံးကျည်အမျိုးအစား တော်တော်များများကို ပြသခဲ့ပါတယ်။ ရေငုပ်သင်္ဘောကနေ ပစ်လွှတ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်အမျိုးအစားသစ်က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး လက်နက်ဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ အဖြူ၊ အမည်း ၂ ရောင်စပ် ဒုံးကျည်ကြီးတွေကို တင်ဆောင်လာတဲ့ ကားတွေက မြောက်ကိုရီးယားအလံ ဝှေ့ယမ်းပြနေတဲ့ လူအုပ်ကြီးကို ဖြတ်သန်းမောင်းနှင်နေတာ တွေ့ရပါတယ်။ ဒါဟာ အရင်တုန်းက မမြင်ရဖူးတဲ့ လက်နက်တစ်မျိုး ဖြစ်တယ်လို့ မြောက်ကိုရီးယားအရေး လေ့လာတဲ့ သုတေသီတွေက မှတ်ချက်ချခဲ့ပါတယ်။ မြောက်ကိုရီးယားအရေးကျွမ်းကျင်သူ အန်ကစ်ပန်ဒါကတော့ ” နှစ်သစ်မှာ တွေ့ရတဲ့ ဒုံးကျည်သစ်” လို့ တွစ်တာပေါ်မှာ ရေးသားထားပါတယ်။

အမေရိကန်သမ္မတသစ်အဖြစ် ဂျိုးဘိုင်ဒင်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် ရက်ပိုင်းအလိုမှာ မြောက်ကိုရီးယားနိုင်ငံက အခုလို စစ်အင်အားပြသခဲ့တာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကျင်းပခဲ့တဲ့ အာဏာရအလုပ်သမားပါတီရဲ့ ညီလာခံမှာလည်း အမေရိကန်က မြောက်ကိုရီးယားရဲ့ အကြီးမားဆုံးရန်သူဖြစ်တယ်လို့ ကင်ဂျုံအန်က မှတ်ချက်ပေးခဲ့ပါတယ်။

ပြုံယမ်းမြို့ရဲ့ ကင်အီဆွန်းရင်ပြင်မှာ ကျင်းပခဲ့တဲ့ စစ်ရေးပြပွဲမှာ ခြေလျင်တပ်သားတွေ၊ အမြောက်တွေ၊ တင့်ကားတွေလည်း ပါဝင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ စစ်ရေးပြပွဲမှာ ပြသခဲ့တဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ အကြီးမားဆုံး တိုက်ချင်းပစ်ဒုံးကျည်ကိုတော့ ထည့်သွင်းပြသခဲ့တာ မတွေ့ရပါဘူး။ နျူကလီးယားထိပ်ဖူး တပ်ဆင်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်ကြီးက အမေရိကန်နိုင်ငံရဲ့ ဘယ်နေရာကိုမဆို ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။

Ref: BBC ” North Korea unveils new submarine-launched missile “

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top