သဘာဝနည်းအတိုင်း အသားဖြူလာအောင် ဘယ်လို လုပ်ကြမလဲ

mother-and-daughter-caring-for-skin-F9NSQGT.jpg

သဘာဝနည်းအတိုင်း အသားဖြူလာဖို့ အတွက်ဆိုရင်တော့ ပထမဆုံး လုပ်ရမှာ နေရောင်ခြည် များများမခံဖို့ပါပဲ..။

ခရမ်းလွန်ရောင်ခြည်တွေက အသားအရေကို ထိခိုက်ပျက်စီးစေတာကြောင့် ဘယ်အချိန်ပဲ အပြင်ထွက်မယ် ကြံကြံ၊ sunscreen လိမ်းပါ။ လိမ်းပြီးမှ ထွက်လာသည့်တိုင် ၂နာရီခြား တစ်ခါပြန်လိမ်းပါ။ ဒါကတော့ သဘာဝနည်း မဟုတ်ပေမယ့် လုပ်ကို လုပ်ရမယ့် အနေအထားမှာ ရှိနေတာကြောင့် ဦးစားပေး ပြောရခြင်းပါ။

ဒုတိယအရေးကြီးတာကတော့ ရေများများသောက်ပါ။ အသားဖြူခြင်း၊ မဖြူခြင်းထက် အသားစိုခြင်း၊ မစိုခြင်းက ပိုအရေးကြီးပါတယ်။ အသားဖြူပြီး ရေဓာတ် ခမ်းခြောက်နေခဲ့မယ်ဆိုရင်လည်း ဘယ်လိုမှ လှနိုင်မှာ မဟုတ်ပါဘူး။ ရေဓာတ်ပြည့်ဝတဲ့ အသားအရေဟာ ကျန်းမာပြီး စိုပြေနေတာကြောင့် ဖြူသည်ဖြစ်စေ၊ ညိုသည်ဖြစ်စေ၊ ကြည်လင် လှပပြီး ကြည့်ကောင်းနေတတ်ပါတယ်။

ဒါတွေလုပ်ပြီးပြီဆိုရင်တော့ သဘာဝနည်းလမ်းတွေကို စပြောကြရအောင်ပါ။ အလွယ်ကူဆုံးကနေ စပြောရမယ်ဆိုရင်..

ဒိန်ချဉ်

ဘာမှ မရောထားတဲ့ ဒိန်ချဉ်ကို အသားအရည်ပေါ်မှာ နူးညံ့စွာ ပွတ်တိုက်ပေးပါ။ မိနစ်အနည်းငယ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ နေ့စဉ်ရက်ဆက် ရက်သတ္တပတ် အနည်းငယ်လောက် လုပ်ပေးလိုက်မယ်ဆိုရင် သိသာထင်ရှားတဲ့ ရလဒ်ကို ပိုင်ဆိုင်စေမှာပါ။

ဒိန်ချဉ်၊ သံပုရာရည် အနည်းငယ်နဲ့ အုတ်ဂျုံတို့ကို ရောပြီး မျက်နှာပေါ် ပေါင်းတင်ပေးပါ။ ဒီနည်းလမ်းက သင့်အသားအရည်ကို စိုပြေ ချောမွေ့စေပြီး ရေဓာတ်ပြည့်ဝစေမှာပါ။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင်စီနဲ့ သဘာဝ ချွတ်ဆေး ပါဝင်တာကြောင့် အသားအရည်ကို ဖြူစင်ဝင်းပစေပါတယ်။ လိမ္မော်သီးကို အရည်ညှစ်ပြီး နနွင်းနဲ့ အနှစ်ခပ်ပျစ်ပျစ်ရအောင်ဖျော်ပါ။ ရလာတဲ့အနှစ်ကို အိပ်ရာမဝင်ခင် လိမ်းပေးပြီး မနက်မှာ ပြန်ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို နေ့စဉ်လုပ်ပေးလို့ ရပါတယ်။

သံပုရာသီး

လိမ္မော်သီးလိုပဲ သံပုရာသီးမှာလည်း ဗီတာမင်စီနဲ့ သဘာဝ အစွန်းချွတ်ဆေးတွေ ပါဝင်ပါတယ်။ မတူတာကတော့ သံပုရာမှာ ပါဝင်တဲ့ အက်စစ်ဓာတ်က ပိုများတာပါပဲ။ သူ့မှာ Antioxidant တွေလည်း ပါဝင်တာကြောင့် အသားအရည်အတွက်တော့ တကယ်ကောင်းမွန်တဲ့ ဆေးစွမ်းကောင်း တစ်လက်ပါပဲ။

လတ်လတ်ဆတ်ဆတ်ညှစ်ထားတဲ့ သံပုရာရည်ကို ဂွမ်းလုံးနဲ့ယူပြီး မျက်နှာကို ပွတ်တာပဲ ဖြစ်ဖြစ်၊ သံပုရာခြမ်းကို မျက်နှာနဲ့ တိုက်ရိုက်ပွတ်တာပဲ ဖြစ်ဖြစ် လုပ်လို့ရပါတယ်။ ဒါပေမဲ့ နာရီဝက်၊ တစ်နာရီ အကြာမှာ ဆေးချပစ်ပါ။ ဒီနည်းလမ်းက အသားအရည်ကို ဖြူဝင်းလာစေတဲ့အပြင် အမာရွတ် ထင်တာကိုလည်း ကာကွယ်ပေးပါတယ်။

သံပုရာရည်နဲ့ နနွင်း ၃:၁ အချိုးနဲ့ ရောပါ။ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်လိမ်းပြီး တစ်နာခွဲလောက်ကြာတဲ့အခါ ရေနဲ့ ဆေးချလိုက်ပါ။ ဒီနည်းလမ်းကိုလည်း နေ့စဉ်လုပ်လို့ရနိုင်ပြီး အသားကို သိသိသာသာ စိုပြည် ဝင်းပစေပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်လ်

အသားအရောင် မညီတဲ့ ပြဿနာတွေအတွက် ရှားစောင်းဟာ နတ်ဆေးပါ။ သူ့ရဲ့ အေးမြတဲ့အစွမ်းက ဆဲလ်အသစ်တွေ ဖြစ်ပေါ်မှုကို အားပေးပြီး ပျက်စီးနေတဲ့ တစ်သျှူးတွေ ပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အပံ့ ဖြစ်စေပါတယ်။ အမဲစက်တွေအတွက်နဲ့ မညီညာတဲ့ အသားအရောင်တွေအတွက် ရှားစောင်းလက်ပတ်ကို အသုံးပြုလို့ ရနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ရဲ့ လက်တံကို ထက်ခြမ်းခွဲပြီး အတွင်းက ဂျယ်လီတွေကို ညှစ်ယူပါ။ ရလာတဲ့ ဂျယ်လ်တွေကို အသားပေါ်လိမ်းပြီး နာရီဝက်လောက်အကြာမှာ ရေဆေးချလိုက်ပါ။ နေ့တိုင်း လုပ်စရာတော့ မလိုပါဘူး။ တစ်ပတ်တစ်ကြိမ်နှုန်းနဲ့  ၂ပတ်အတွင်း အနည်းဆုံး ၂ကြိမ် လုပ်ပေးမယ်ဆို လုံလောက်ပါပြီ။

နနွင်း

အလှအပရေးရာအတွက်ဆို ဟိုးရှေးခေတ်ကတည်းက နနွင်းကို သုံးစွဲလာကြတာ အားလုံးအသိပါ။ နာမည်ကြီး ဆေးတစ်လက်ပေါ့။ နနွင်းမှာ ပါဝင်တဲ့ ဓာတ်တွေက အသားအရေရဲ့ ယေဘုယျပြဿနာတွေ အားလုံးကို ပြေလည်စေလို့ နာမည်ကြီးပါတယ်။

နနွင်းနဲ့ နွားနို့ခရင်မ်နဲ့ ရောပြီး အနှစ် ခပ်ပျစ်ပျစ်ရအောင်လုပ်လို့ အသားပေါ်မှာလိမ်းပြီး အခြောက်ခံထားပါ။ ခြောက်သွားပြီဆိုမှ ကြက်သီးနွေးရေနဲ့ ဆေးမယ်ဆိုရင်လည်း ဒါဟာ အသားဖြူစေဖို့ နည်းလမ်းကောင်း တစ်ခုပါပဲ။

နနွင်းနဲ့ ဒိန်ချဉ်ရောပါ။ သံလွင်ဆီ တစ်စက် နှစ်စက်ထည့်လို့ အနှစ်ရအောင်လုပ်ပါ။ ပြီးရင်တော့ ခန္ဓာကိုယ်ပေါ်မှာ စက်ဝိုင်းပုံ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ သုံးနေကျ ဆပ်ပြာကိုသုံးပြီး ရေချိုးပေးပါ။ ရေနွေးနဲ့ ချိုးရင် ပိုကောင်းပါတယ်။ ဒီနည်းလမ်းက ချက်ချင်းကို သိသာတဲ့ နည်းလမ်းဖြစ်ပြီး လုပ်ပြီးတာနဲ့ ဆဲလ်သေတွေ ကင်းသွားတဲ့အပြင် အသားအရေ ညီညာ ချောမွတ်နေတာကိုပါ လက်တွေ့ခံစားရမှာပါ။

ကဲ.. အသားလည်းဖြူချင်၊ ဓာတုနည်းတွေကိုလည်း ကြောက်ဆိုရင်တော့ ဒီနည်းလမ်းလေးတွေက အတော်ပါပဲ.. ဒါပေမဲ့ ဖော်ပြထားတဲ့ နည်းလမ်းတိုင်းကတော့ အသားအရည်တိုင်း၊ လူတိုင်းနဲ့ သင့်လျော်နေတာမျိုး မဟုတ်ပါဘူး။ ဘယ်နည်းလမ်းကိုပဲ သုံးမယ်ဆိုဆို ကိုယ့်အသားအရည် အမျိုးအစားနဲ့ ကိုက်ညီနိုင်မယ့် နည်းလမ်းမျိုးကို လေ့လာပြီးမှ သုံးစွဲတာကောင်းပါတယ်။ အရာရာက တန်ဆေးလွန်ဘေးပဲ မဟုတ်ပါလား…

အသားအရည် ကြည်လင်ဝင်းပပြီး လှနိုင်ကြပါစေ။

Angelic Demon (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top