သမီးတွေကို အမှုဆောင်အရာရှိချုပ်နှစ်ဦးနဲ့ ဆရာဝန်တစ်ဦးဖြစ်လာအောင် ပျိုးထောင်ပေးခဲ့တဲ့ မိခင်တစ်ဦးရဲ့လမ်းစဉ်

wojcicki-6.jpg

ကမ္ဘာပေါ်မှာ မိဘတိုင်းက ကိုယ့်သားသမီးကို ဆင်စီးပြီးမြင်းရံတာပဲ မြင်ချင်ကြပါတယ်။ လူ့လောကထဲကို အူဝဲ ဆိုတဲ့ ငိုသံပေးပြီးရောက်လာတဲ့ သားသမီးမျက်နှာကိုမြင်တာနဲ့ အောင်မြင်ပျော်ရွှင်စေချင်တဲ့စိတ်က အလိုလို ရင်ထဲကိန်းအောင်းလာတာပါ။ ဒါက အတွေးပဲရှိပြီး အောင်မြင်အောင် မြေတောင်မြှောက်နိုင်တဲ့ ထိန်းကျောင်းမှုကတော့ လက်တွေ့လိုက်ရပါမယ်။

ကလေးတွေရဲ့ အပြုအမူ၊ အပြောအဆို၊ နေပုံထိုင်ပုံကို ကြည့်ပြီး ဒီကလေးက ကြီးလာရင်ဘာဖြစ်မယ်လို့ ကောက်ချက်ချကြပေမဲ့ ဒါကလည်း မှန်သင့်သလောက်ပဲ မှန်ပါတယ်။ တကယ်တမ်းအရေးကြီးတာကတော့ ကိုယ့်ကလေးကို အရွယ်ရောက်လာရင် ဘဝတန်ဖိုးနားလည်တဲ့လူတွေဖြစ်အောင် သွန်သင်နိုင်တဲ့ မိဘအုပ်ထိန်းမှုပါပဲ။

တကယ်တမ်းအရေးကြီးတာကတော့ ကိုယ့်ကလေးကို အရွယ်ရောက်လာရင် ဘဝတန်ဖိုးနားလည်တဲ့လူတွေဖြစ်အောင်သွန်သင်နိုင်တဲ့ မိဘအုပ်ထိန်းမှုပါပဲ

ကလေးတစ်ယောက်ကိုပျိုးထောင်မယ့်မိဘက ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့လည်း လိုအပ်ပါသေးတယ်။ တခြားလူတွေရဲ့ အကြံပေးစကားအားလုံးကို နားယောင်နေဖို့မလိုဘဲ ကိုယ့်ကလေးရဲ့ အားသာချက်၊ အားနည်းချက်တွေကိုအသိဆုံး ကိုယ်ပဲ ဖြစ်မှာပါ။

ရိုးရာလေးပရိသတ်တွေကို ဖော်ပြပေးချင်တာကတော့ အမှုဆောင်အရာရှိချုပ် (CEO) နှစ်ဦးနဲ့ ဆရာဝန်တစ်ဦးကို မွေးထုတ်ပေးနိုင်တဲ့မိခင်တစ်ဦးရဲ့ သားသမီးပျိုးထောင်မှုပုံစံပါ။ ဆူဆန်၊ ဂျဲနက်နဲ့ အန်နီလို့ ခေါ်တဲ့ သမီးသုံးဦး မှာ ဆူဆန်က YouTube ရဲ့ အမှုဆောင်အရာရှိချုပ်၊ ဂျဲနက်ကတော့ ကယ်လီဖိုးနီးယား ဆေးတက္ကသိုလ်ရဲ့ ပါမောက္ခ၊ အန်နီကတော့ 23 and Me ရဲ့ တွဲဖက်တည်ထောင်သူဖြစ်သလို အမှုဆောင်အရာရှိချုပ်လည်း ဖြစ်ပါတယ်။ အမျိုးသားတွေပဲလွှမ်းမိုးနိုင်တဲ့နယ်ပယ်တွေမှာ ထိပ်ဆုံးကရပ်တည်နိုင်တဲ့မိန်းမသားတွေ ဖြစ်လာနိုင်ဖို့ ဒီညီအစ်မသုံးဦးက ပြင်းပြတဲ့ရည်မှန်းချက်နဲ့ တက်လှမ်းလာခဲ့တာပါ။

အမှုဆောင်အရာရှိချုပ် (CEO) နှစ်ဦးနဲ့ ဆရာဝန်တစ်ဦးကို မွေးထုတ်ပေးနိုင်တဲ့မိခင် Esther Wojcicki

မိခင်တစ်ယောက်အနေနဲ့ ဒီလိုအောင်မြင်တဲ့သမီးသုံးယောက်အဖြစ်ပျိုးထောင်နိုင်ဖို့ အခြေခံအချက် (၅) ချက်ကို လိုက်နာခဲ့တယ်လို့ သိရပါတယ်။ သူပြောပြတဲ့ အချက် (၅ ) ခုကတော့ ယုံကြည်မှု၊ လေးစားမှု၊ ကိုယ့်အားကိုယ်ကိုးမှု၊ ပူးပေါင်းဆောင်ရွက်တတ်မှု၊ အကြင်နာတရားတို့ပဲ ဖြစ်ပါတယ်။ သူသွန်သင်ပေးတဲ့ အဓိကအချက်တွေကို လေ့လာကြည့်ကြရအောင်။

ယုံကြည်မှု

ကမ္ဘာကြီးပေါ်မှာ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေပျောက်ဆုံးနေပြီး မိဘတွေကစိုးထိတ်နေရင် ကလေးတွေကလည်း မတရားမှုကို ရဲရဲရင်ဆိုင်ဖို့ သတ္တိမရှိလာနိုင်ပါဘူး။ မိဘတွေကိုယ်တိုင်က ရွေးချယ်မှုတိုင်းမှာ ယုံကြည်ချက်ရှိမှ ကိုယ့်ရဲ့သားသမီးတွေကိုလည်း လွတ်လပ်စွာတွေးခေါ်နိုင်စွမ်းနဲ့ ကိုယ့်အားကိုယ်ကိုးနိုင်စွမ်းရှိဖို့ ယုံကြည်လို့ရမှာပါ။

လေးစားမှု

မိဘတွေအနေနဲ့ သားသမီးတွေအပေါ်မှာ အခြေခံလေးစားမှုအနေနဲ့ လုပ်ပိုင်ခွင့်ပေးထားရပါမယ်။ ကလေးတိုင်းမှာ ပါရမီထူးပါသလို ဒါကို မြေတောင်မြှောက်ပေးဖို့ဆိုတာက မိဘတွေရဲ့တာဝန်ပါ။ ကြီးလာရင် ဘာကြီးဖြစ်ရမယ်ဆိုတာထက် ကိုယ်ပိုင်အိမ်မက်ကို ကိုယ်တိုင်ရှာဖွေနိုင်ဖို့ ပံ့ပိုးပေးရပါမယ်။

ကိုယ့်အားကိုယ်ကိုးတတ်မှု

ကိုယ့်အားကိုယ်ကိုးတတ်ဖို့ဆိုတာက ယုံကြည်မှုနဲ့ လေးစားမှုပေါ်မှာ မူတည်ပါတယ်။ ငယ်ငယ်ကတည်းက ကိုယ်တိုင်ထိန်းချုပ်နိုင်စွမ်းရှိပြီး တာဝန်ယူနိုင်စွမ်းရှိမှသာ အရွယ်ရောက်လာတဲ့အခါ အခက်အခဲတွေကို ရင်ဆိုင်တတ်မှာပါ။ လွတ်လပ်စွာတွေးခေါ်တတ်တဲ့ ကလေးတွေက အပြောင်းအလဲ၊ ဘဝအတက်အကျ အားလုံးမှာ အဆင်သင့်ဖြစ်နေပြီး ယိုင်လဲမသွားတတ်ပါဘူး။

ပူးပေါင်းဆောင်ရွက်တတ်မှု

စာသင်ခန်းမှာဖြစ်ဖြစ် အလုပ်ခွင်မှာဖြစ်ဖြစ် မိသားစုတစ်ခုလိုသဘောထားပြီး ပူးပေါင်းဆောင်ရွက်တတ်မှုကို ဆိုလိုပါတယ်။ မိဘတွေအတွက်ကတော့ ကလေးတွေကို စဉ်းစားတွေးခေါ်တတ်အောင် စည်းကမ်းပိုင်းကောင်းအောင် သင်ပေးဖို့လိုပါတယ်။ (၂၁) ရာစုမှာ ကလေးတွေကို ဘာလုပ်ပါလို့ ပြောပြတာထက် ဘာလုပ်ချင်လဲဆိုတာကို မေးပြီး အဖြေကို ပူးပေါင်းရှာဖွေပေးတတ်ဖို့ သင်ပေးရမှာပါ။

ကြင်နာတတ်မှု

လူများစုက သူစိမ်းတွေထက်စာရင် ရင်းနှီးသူတွေအပေါ်မှာ ပိုလို့စာနာနားလည်စိတ် မရှိတတ်ကြပါဘူး။ ဒီလိုပဲ သားသမီးအပေါ်ချစ်ခင်ကြင်နာတဲ့မိဘတွေရဲ့ စိတ်ထားကို သားသမီးတွေက အခွင့်အရေးယူကြပါတယ်။ တကယ့်ကြင်နာမှုဆိုတာက ကျေးဇူးသိတတ်ခြင်းနဲ့ ခွင့်လွှတ်နားလည်တတ်ခြင်းပါပဲ။ တစ်ဘက်သားကို စာနာနားလည်ပေးနိုင်ပြီး ဘဝတွေပိုကောင်းအောင်လုပ်ပေးနိုင်တာက အကောင်းဆုံးတုံ့ပြန်မှုဆိုတာကို သိထားရပါမယ်။

ဒီနည်းလမ်းတွေထဲက ကိုယ့်သားသမီးအတွက် သင့်တော်မယ်ထင်တာလေးတွေကို ကောက်နုတ် အသုံးချနိုင်ပါစေ

ဒီအချက် (၅) ချက်ကတော့ အောင်မြင်နေတဲ့ သမီးသုံးဦးကို ပျိုးထောင်လာခဲ့တဲ့မိခင်ရဲ့ နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေထဲက ကိုယ့်သားသမီးအတွက် သင့်တော်မယ်ထင်တာလေးတွေကို ကောက်နုတ် အသုံးချနိုင်ပါစေဆိုတဲ့ ဆန္ဒနဲ့ ဖော်ပြပေးလိုက်ရပါတယ်။

Ref: time “I Raised two CEOs and a Doctor. These are My secrets to Parenting successful children”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top