ဥပဒေကို ဖီဆန်ပြီး ကိုယ်ဝန်ဆောင်မိန်းကလေးကို စာသင်ခွင့်ပေးခဲ့တဲ့ကျောင်း

67247184_2486970204667218_5956502882248294400_n.jpg

ဆီရီယာလီယွန်နိုင်ငံမှာ ကိုယ်ဝန်ရှိနေတဲ့ မိန်းကလေးတွေကို ကျောင်းတက်ခွင့်ပိတ်ပင်တဲ့ ဥပဒေရှိပါတယ်။ အဲဒါကြောင့် အသက် (၁၄) နှစ်အရွယ်မှာ ကိုယ်ဝန်ရှိခဲ့တဲ့ ဆီဆေးဟာ ကျောင်းထုတ်ခံရလုဆဲဆဲ ဖြစ်ခဲ့ပါတယ်။ ဆီဆေးဟာ ပညာတတ်မြောက်ဖို့ စိတ်အားထက်သန်လွန်းတဲ့အတွက် တခြားကျောင်းသားတွေ စနောက်တာကို ဥပေက္ခာပြုပြီး ကျောင်းဆက်တက်ခဲ့ပါတယ်။ သူ့ကို ကျောင်းဆက်တက်ခွင့်ပေးဖို့ ဆရာ၊ ဆရာမတွေကို အသနားခံခဲ့ပါတယ်။

ဆီဆေးရဲ့ စိတ်အားထက်သန်မှုကို လေးစားသွားတဲ့ ကျောင်းအုပ်ကြီး အဲရစ်ကွန်တာက ရာထူးက ပြုတ်ရင်ပြုတ်ပါစေဆိုပြီး သူ့ကို ကျောင်းဆက်တက်ခွင့်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆီဆေးရဲ့ရင်သွေးက (၉) လအရွယ် ရှိနေပါပြီ။ အာဖရိကတိုက်ဟာ ကမ္ဘာပေါ်မှာ အသက်ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရသူ အများဆုံးဖြစ်ပြီး အာဖရိကနိုင်ငံ (၁၈) နိုင်ငံမှာ ကိုယ်ဝန်ရှိတဲ့ ကျောင်းသူတွေကို ကျောင်းထုတ်လေ့ရှိပါတယ်။ ၂၀၁၅ ခုနှစ်ကစပြီး ဆီရီယာလီယွန်နိုင်ငံမှာ အဲဒီဥပဒေ ပြဋ္ဌာန်းခဲ့တာပါ။

လူ့အခွင့်အရေးအဖွဲ့တွေကတော့ အဲဒီဥပဒေက ခေတ်ကုန်နေပြီး ဆယ်ကျော်သက်အရွယ်မှာ ကိုယ်ဝန်ဆောင်ရသူတွေကို မမျှမတ ဆက်ဆံရာရောက်တယ်လို့ ဆိုကြပါတယ်။ ဆီရီယာလီယွန်နိုင်ငံရဲ့ အဲဒီဥပဒေကို လူတွေ အာရုံစိုက်မိလာစေဖို့အတွက်
ဆီဆေးက သူ့မိဘတွေရဲ့ ခွင့်ပြုချက်ယူပြီး သူ့ဘဝအကြောင်းကို ရေးသားဖော်ပြခွင့်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျောင်းအုပ်ကြီး အဲရစ်ကွန်တာရဲ့ မေတ္တာရပ်ခံချက်အရ ဆီဆေးကို ပညာသင်ခွင့်ပေးခဲ့တဲ့ကျောင်းအမည်ကို ဖော်ပြခွင့်မရခဲ့ပါဘူး။ အမျိုးသမီးအခွင့်အရေးလှုပ်ရှားတဲ့ Equality Now အဖွဲ့က နိုင်ဂျီးရီးယားနိုင်ငံအခြေစိုက် Economic Community of West African States တရားရုံးမှာ ဆီရီယာလီယွန်နိုင်ငံရဲ့ တားမြစ်ပိတ်ပင်မှုကို ဥပဒေကြောင်းအရ ရင်ဆိုင်ခဲ့ပါတယ်။ ကိုယ်ဝန်ဆောင် မိန်းကလေးတွေကို ကျောင်းတက်ခွင့် ပိတ်ပင်ထားတဲ့ ဆီရီယာလီယွန်နိုင်ငံရဲ့ ပြဋ္ဌာန်းချက်နဲ့ပတ်သက်ပြီး လာမယ့်နိုဝင်ဘာလမှာ အမိန့်ချမှတ်ဖို့ ရှိနေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top