အမေရိကန်က တူရကီကို F-35 ကိုယ်ပျောက်တိုက်လေယာဉ်စီမံကိန်းကနေ ထုတ်ပယ်

66843355_2486969768000595_8986670337563295744_n.jpg

ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေ လက်ခံရရှိခဲ့တဲ့ တူရကီနိုင်ငံကို အမေရိကန်နိုင်ငံက F-35 ကိုယ်ပျောက်တိုက်လေယာဉ်စီမံကိန်းကနေ ထုတ်ပယ်ခဲ့ပါတယ်။ တူရကီနိုင်ငံဟာ ရုရှားနိုင်ငံရဲ့ S-400 ဒုံးကျည်ကာကွယ်ရေးစနစ်ကို ဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၂.၅ ဘီလျံ အသုံးပြုခဲ့ပြီး လေ့လာသင်ယူဖို့အတွက် တပ်ဖွဲ့ဝင်တွေကို ရုရှားနိုင်ငံထံ စေလွှတ်ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ တူရကီနိုင်ငံက ရုရှားနိုင်ငံရဲ့ S-400 ဒုံးကျည်ကာကွယ်ရေးစနစ် အစိတ်အပိုင်းတွေကို လက်ခံရရှိခဲ့တာပါ။ တူရကီဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဖြစ်ပေမဲ့ ရုရှားနိုင်ငံနဲ့လည်း ရင်းနှီးတဲ့ ဆက်ဆံရေးရှိပါတယ်။ F-35 ကိုယ်ပျောက်တိုက်လေယာဉ်ကို S-400 ဒုံးကျည်ကာကွယ်ရေးစနစ်နဲ့ ယှဉ်တွဲထားဖို့ မဖြစ်နိုင်ဘူးလို့ အမေရိကန်နိုင်ငံက ပြောပါတယ်။ အဲဒီလိုယှဉ်တွဲထားရင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်ရဲ့ စနစ်ကို ရုရှားနိုင်ငံက လေ့လာပြီး အထိနာအောင် လုပ်လိမ့်မယ်လို့ အမေရိကန်က ဆိုပါတယ်။

တူရကီနိုင်ငံဟာ F-35 ကိုယ်ပျောက်တိုက်လေယာဉ်စီမံကိန်းမှာ
အကြီးအကျယ်ရင်းနှီးမြှုပ်နှံထားပြီး F-35 လေယာဉ်အစင်း (၁၀၀) ဝယ်ယူဖို့ လက်မှတ်ထိုးထားပါတယ်။ လက်ရှိအချိန်မှာ တူရကီကုမ္ပဏီတွေက F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေရဲ့ အစိတ်အပိုင်း (၉၃၇) ခုကို ထုတ်လုပ်နေပါတယ်။ တူရကီဟာ အမေရိကန်၊ ဥရောပနိုင်ငံတွေနဲ့ ဆက်ဆံရေးတင်းမာနေချိန်မှာ အမှီအခိုကင်းတဲ့ ကာကွယ်ရေးမူဝါဒကို ပုံဖော်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ ရုရှားနိုင်ငံထုတ် S-400 ဒုံးကျည်ကာကွယ်ရေးစနစ်က နေတိုးအဖွဲ့ရဲ့ လေကြောင်းကာကွယ်ရေးစနစ်နဲ့ သဟဇာတမဖြစ်ဘူးလို့ အမေရိကန်ကာကွယ်ရေးအရာရှိတွေက ဆိုပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top