ပြိုင်ဘက်ဟောင်း Tiffany Teo ကို ထပ်မံအလဲထိုးချင်နေတဲ့ The Panda

28-4-2020-yyl-033.jpg

ကမ္ဘာ့လူဦးရေအများဆုံး တရုတ်နိုင်ငံဟာ စစ်ရေး၊ စီးပွားရေး၊ နည်းပညာ စတဲ့ နယ်ပယ်ပေါင်းစုံမှာ တဖြည်းဖြည်းတိုးတက်လျက်ရှိပြီး လာမယ့်နှစ်အနည်းငယ်အတွင်း အမေရိကန်ပြည်ထောင်စုကိုကျော်ဖြတ်ကာ ကမ္ဘာ့စီးပွားရေးဦးဆောင်နိုင်ငံအဖြစ် ရပ်တည်နိုင်တော့မယ် ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေပါတယ်။ ဒါပေမဲ့လည်း တရုတ်ဟာ ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားနည်းမှာတော့ အောက်ကျ နောက်ကျဖြစ်နေရပြီး ၂၀၁၇ ခုနှစ် ကုန်ဆုံးချိန်အထိ ကမ္ဘာ့ချန်ပီယံတွေ ထွက်ပေါ်လာခြင်းမရှိသေးပါဘူး။ တရုတ်နိုင်ငံဟာ ကိုယ်ခံပညာ ရပ်ပိုင်းနဲ့ပတ်သက်ရင် ရိုးရာကိုယ်ခံပညာရပ်ပေါင်းများစွာ ပိုင်ဆိုင်ထားပြီး ကမ္ဘာကျော် အက်ရှင်မင်းသားပေါင်းများစွာကိုလည်း မွေးထုတ် ပေးနိုင်ခဲ့တာပါ။

ဒါပေမဲ့လည်း ကိုယ်ခံပညာရပ်ပေါင်းစုံ အသုံးပြုနိုင်တဲ့ အားကစားနည်းမှာတော့ တရုတ်တို့အနေနဲ့ အခြားနိုင်ငံငယ်လေးတွေထက်တောင် ခြေတစ်လှမ်း နောက်ကျခဲ့သလိုဖြစ်နေတာက အမှန်ပါပဲ။ ဒါပေမဲ့လည်း ၂၀၁၈ ခုနှစ် အစပိုင်းမှာတော့ အဆိုပါကွက်လပ်ကို ဖြည့်ဆည်း ပေးနိုင်တဲ့ တရုတ်အားကစားသမားတစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်။ ၎င်းကတော့ ဘေဂျင်းအခြေစိုက် Kickboxing အဖွဲ့အစည်း Kunlun Fight မှာ အစွမ်းပြခဲ့ဖူးတဲ့ “The Panda” Xiong Jing Nan ပဲဖြစ်ပါတယ်။ Kunlun Fight ၁၀ ပွဲမှာ ၉ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ The Panda ဟာ ၂၀၁၇ ခုနှစ်မှာ ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship နဲ့ လက်တွဲခဲ့ပြီး ဒီဇင်ဘာလအတွင်း ဖိလစ်ပိုင်အာကစားသမား April Osenio နဲ့ ယှဉ်ပြိုင်ရာမှာ ပထမအချီမှာပဲ ဒိုင်ပွဲရပ် အနိုင်ရခဲ့ပါတယ်။

နောက်တစ်လကျော်အကြာ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်မှာတော့ ONE Championship က အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီ ယံတွဲဆိုင်းအဖြစ် The Panda နဲ့ စင်ကာပူအားကစားသမား Tiffany “No Chill” Teo ကို ယှဉ်ပြိုင်စေခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ၊ ဂျ ကာတာမှာပြုလုပ်တဲ့ ONE: KINGS OF COURAGE ပြိုင်ပွဲမှာ Xiong Jing Nan က အသာစီးယှဉ်ပြိုင်ကာ စတုတ္ထအချီ ၂ မိနစ်၊ ၁၇ စက္ကန့်မှာတေ့ လက်သီးတွဲလုံးတွေအသုံးပြုပြီး ဒိုင်ပွဲရပ်အနိုင်ယူကာ စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ရရှိခဲ့ပါတယ်။ Xiong Jing Nan ဟာ တရုတ်အားကစားသမားတွေအနက် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပထမဆုံးရယူနိုင်သူအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီး သရဖူကာ ကွယ်ပွဲ ၃ ကြိမ်ကို အောင်အောင်မြင်မြင် ထိုးသတ်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၁၃ ရက်က ဂျပန်နိုင်ငံ၊ တိုကျိုမှာပြုလုပ် တဲ့ ONE: CENTURY PART I ပြိုင်ပွဲမှာတော့ ၎င်းဟာ စင်ကာပူအားကစားသမား “Unstoppable” Angela Lee ရဲ့အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်အတွက် စိန်ခေါ်ထိုးသတ်ခဲ့ပြီး အချီစေ့ခါနီး ၁၂ စက္ကန့်အလိုကျမှ လည်ပင်းချုပ်ကွက်နဲ့ အရေးနိမ့်ကာ ၂ နှစ်နီးပါးအ တွင်း ပထမဆုံးသောရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အသက် ၃၂ နှစ်အရွယ် Xiong Jing Nan ဟာ Bali MMA နဲ့လမ်းခွဲကာ စင်ကာပူအခြေစိုက် Evolve MMA နဲ့ လက်တွဲခဲ့ပြီးနောက် ၎င်း ရဲ့စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထပ်မံစိန်ခေါ်လာတဲ့ ပြိုင်ဘက်ဟောင်း Tiffany Teo နဲ့ယှဉ်ပြိုင်ဖို့ ပြင်ဆင်ထားပါတယ်။ Teo ဟာ ၉ ပွဲနိုင်၊ ၁ ပွဲရှုံးမှတ်တမ်းကို ပိုင်ဆိုင်ထားပြီး နောက်ဆုံး ၂ ပွဲဆက်အနိုင်ယူကာ The Panda နဲ့ ကမ္ဘာ့ချန်ပီယံတွဲဆိုင်း ထပ်မံ ယှဉ်ပြိုင်ခွင့်ရမယ့် အခွင့်အရေးကို ပိုင်ဆိုင်ခဲ့တာပါ။ Team Highlight Reel အသင်းသား Teo ဟာ ၂၀၂၀ ဖေဖော်ဝါရီလအတွင်းက ၆ ပွဲ ဆက်တိုက်အနိုင်ရထားတဲ့ ဂျပန်အားကစားသမား Ayaka “Zombie” Miura ကို ဒိုင်ပွဲရပ်အနိုင်ယူလိုက်တဲ့ပွဲမှာ ဘယ်လိုပြိုင်ဘက်ကိုမ ဆို အနိုင်ယူနိုင်စွမ်းရှိတယ်ဆိုတာ သက်သေပြခဲ့ပါတယ်။

လက်ရှိအချိန်မှာ ကမ္ဘာတစ်ခုလုံးကို အကြီးအကျယ်ခြိမ်းခြောက်နေတဲ့ COVID-19 ကြောင့် ၎င်းတို့နှစ်ယောက်ရဲ့ဒုတိယအကြိမ် တွေ့ဆုံ ပွဲက နောက်ဆုတ်ထားရပေမယ့်လည်း The Panda က အကောင်းဘက်ကရှုမြင်ထားပြီး လေ့ကျင့်မှုတွေကို နေအိမ်မှာပဲ ပြုလုပ်နေတယ် လို့ ဆိုပါတယ်။ ၁၄ ပွဲနိုင်၊ ၂ ပွဲရှုံးမှတ်တမ်း ပိုင်ဆိုင်ထားတဲ့ The Panda က COVID-19 ကြောင့် နေအိမ်မှာပဲ နေထိုင်ကြဖို့ ထုတ်ပြန် ထားတဲ့ စင်ကာပူအစိုးရဲ့ညွှန်ကြားချက်ကို လိုက်နာပေမယ့် Evolve MMA ရဲ့ကြီးကျယ်ခမ်းနားတဲ့ သင်ထောက်ကူပစ္စည်းတွေနဲ့ ပြန် လည်လေ့ကျင့်ရမယ့်ရက်ကို မစောင့်နိုင်လောက်အောင် ဖြစ်မိတယ်လို့တော့ ဝန်ခံပါတယ်။

“Evolve MMA ကို ပြောင်းရွှေ့ခဲ့တာက ကျွန်မရဲ့အရည်အချင်း ပိုမိုတိုးတက်လာချင်လို့ဖြစ်သလို ဘဝတက်လမ်း ပိုကောင်းဖို့အတွက် လည်း ဖြစ်ပါတယ်။ စင်ကာပူရဲ့ရာသီဥတုကို ချစ်သလို အသင်းဖော်တွေနဲ့ လေ့ကျင့်ရတာကိုလည်း ချစ်တယ်။ လက်ရှိမှာတော့ COVID-19 ကြောင့် ကျွန်မရဲ့လေ့ကျင့်ရေးအစီအစဉ်တွေက တော်တော်လေး ထိခိုက်ခဲ့တယ်။ အခုတော့ ကိုယ့်အိမ်ကနေပဲ ရှိတဲ့ပစ္စည်းလေးတွေ နဲ့ တစ်ယောက်တည်း လေ့ကျင့်နေရတယ်။ နည်းပြမရှိ၊ လေ့ကျင့်ဖက်မရှိ၊ လေ့ကျင့်ရေးပစ္စည်းကိရိယာတွေမရှိဘဲ လေ့ကျင့်နေရတယ်။ ဒါပေမဲ့ ကျွန်မက အသင်းဖော်တွေနဲ့ ပြန်လေ့ကျင့်ရမယ့်အချိန်ကို စောင့်နေတယ်။ အဲဒီအခါကျရင် မြေပြင်ချုပ်ကွက်ပိုင်း ပိုကောင်းလာ အောင်၊ ပိုပြီးသန်မာလာအောင် လေ့ကျင့်သွားမယ်” လို့ The Panda က ဆိုပါတယ်။
ဒါ့အပြင် ၎င်းက ပြိုင်ဘက်ဟောင်း Teo ရဲ့စွမ်းဆောင်ရည်တိုးတက်လာမှုကို အသိအမှတ်ပြုပြီး စိတ်ဓာတ်ပိုင်း၊ နည်းဗျူဟာပိုင်း၊ ယုံ ကြည်မှုပိုင်းတွေမှာ တိုးတက်လာတယ်လို့ သုံးသပ်ပါတယ်။ ဒါပေမဲ့လည်း ပထမတစ်ကြိမ်ကလို ဒိုင်ပွဲရပ်နိုင်ပွဲတစ်ပွဲကို ပရိသတ်တွေထံ ပို့ဆောင်ပေးမယ်လို့ ၎င်းက ကတိပြုပါတယ်။

“ကျွန်မတို့ရဲ့မကြေပွဲက မျှော်လင့်ချက်တွေအများကြီးကို ယူဆောင်လာလိမ့်မယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ကျွန်မတို့နှစ်ယောက် ကမ္ဘာ့ချန်ပီ ယံတွဲဆိုင်း ထိုးသတ်ပြီးနောက်ပိုင်း နှစ်ယောက်စလုံးက တိုးတက်လာသလို ပြောင်းလဲမှုတွေလည်း အများကြီးရှိခဲ့တယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာပေါ့။ ကိုယ်ခံညာသိုင်းပေါင်းစုံပွဲတွေက ခန့်မှန်းလို့မရတာကြောင့် ဘာဖြစ်လာမလဲဆိုတာ မပြောချင်ပါဘူး။ မတူညီတဲ့ ကျွမ်းကျင်မှုတွေက မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲသွားစေနိုင်တယ်။ ဒါပေမဲ့ တစ်ခုပြောမယ်။ အဲဒါက အလဲထိုးပွဲတွေကိုပဲ ကျွန်မက နှစ်သက်တယ်ဆိုတာပါပဲ” လို့ The Panda က ပြောပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top