ဂိုးပေါက်ပျောက်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ

52725417_2194602727249634_2234477295752445952_n.jpg

လီဗာပူး ဝ-၀ ဘိုင်ယန်မြူးနစ်
လိုင်ယွန် ဝ-၀ ဘာစီလိုနာ
လီဗာပူးက ၄-၃-၃ ကစားကွက် ခင်းကျင်းပြီး ဆာလာ၊ ဖာမီနို၊ မာနေးတို့ တိုက်စစ်ပိုင်းနဲ့ ပွဲထွက်လာသလို ဘိုင်ယန်မြူးနစ်ကလည်း ၄-၂-၃-၁ ကစားကွက်မှာ လီဝမ်ဒေါစကီးကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုပြီး ကိုမန်း၊ ဂျိမ်းရိုဒရီဂွက်ဇ်၊ ဂနာဘရီတို့နဲ့ ခြံရံခဲ့ပါတယ်။
ပထမပိုင်းမှာ ဘိုင်ယန်မြူးနစ်က ဖိအားပေးနိုင်ခဲ့ပြီး ပွဲချိန် (၁၃) မိနစ်မှာ ဂနာဘရီ ထိုးဖောက်လာတဲ့ ဘောလုံးကို ဂျိုးမာတစ် ရှင်းထုတ်ဖို့ ကြိုးစားရင်း ဘောလုံးက ဂိုးသမား အလစ်ဆန်နဲ့ ထိထွက်ခဲ့ပါတယ်။ ပွဲချိန် (၃၂) မိနစ်မှာ မာနေး အခွင့်အရေးရခဲ့ပေမဲ့ သူ့ကန်ချက်က လွဲချော်ခဲ့ပါတယ်။ နောက် (၄) မိနစ်အကြာမှာ ဂနာဘရီရဲ့ကန်ချက်ကို အလစ်ဆန် ပုတ်ထုတ်ကာကွယ်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ် တောင်ပံနှစ်ဖက်က ကိုမန်းနဲ့ ဂနာဘရီတို့ရဲ့ ပြေးအားနဲ့ နေရာလွတ်ဖန်တီးမှုကြောင့် လီဗာပူးခံစစ် ဖိအားများခဲ့တာ တွေ့ရပါတယ်။ဒုတိယပိုင်းမှာ လီဗာပူးက အခွင့်အရေး ပိုရခဲ့ပြီး ဘိုင်ယန်မြူးနစ်ကတော့ တန်ပြန်တိုက်စစ်ကနေ ထိုးဖောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ပွဲချိန် (၅၄) မိနစ်မှာ ဆာလာ ဟန်ချက်ပျက်နေလို့ ဂိုးသမားမရှိတဲ့ ဂိုးပေါက်ထဲကို ကန်သွင်းခွင့်ဆုံးရှုံးခဲ့ပြီး ပွဲချိန် (၈၄)မိနစ်မှာ မာနေးရဲ့ ခေါင်းတိုက်ချက်ကို နျူအာ ကာကွယ်နိုင်ခဲ့ပါတယ်။ ဗန်ဒစ်ခ် မပါဝင်နိုင်တဲ့ ခံစစ်ကြောင်းမှာ ဖာဘင်ဟိုက တည်တည်ငြိမ်ငြိမ် ကစားနိုင်ခဲ့လို့ လီဗာပူး ဂိုးမပေးခဲရတာပါ။ အခုပွဲစဉ်အပြီးမှာတော့ ဘိုင်ယန်မြူးနစ်ဟာ လီဗာပူးနဲ့ ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ် ၄ ပွဲဆက်တိုက် ဂိုးမသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းပိုင်ဆိုင်ခဲ့ပါတယ်။

လိုင်ယွန်နဲ့ ဘာစီလိုနာတို့ပွဲစဉ်မှာ ဘာစီလိုနာအသင်း အခွင့်အရေးတွေရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့လို့ ဂိုးမရှိသရေရလဒ်နဲ့ ကျေနပ်ခဲ့ရပါတယ်။ ပွဲချိန်အစောပိုင်းမှာ လိုင်ယွန်အသင်း ဂိုးပေါက်ကန်သွင်းခွင့်တွေ ရရှိခဲ့ပေမဲ့ အူရာနဲ့ တာရီယာတို့ရဲ့ကန်ချက်ကို ဘာစီလိုနာဂိုးသမား စတီဂျန် လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာ မက်ဆီ၊ ဒမ်ဘီလီ၊ ဘက်စကွက်တို့ အခွင့်အရေးတွေရခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး။
ဒုတိယပိုင်းမှာ ဘာစီလိုနာအသင်းအတွက် မက်ဆီ၊ ဆွာရက်ဇ်၊ ဘက်စကွက်တို့ရဲ့ ကန်ချက်တွေကို လိုင်ယွန်ဂိုးသမား လိုပက်စ် လက်စွမ်းပြကာကွယ်ခဲ့လို့ ဘာစီလိုနာ ဂိုးမရခဲ့တာပါ။ ဆွာရက်ဇ်ဟာ ၂၀၁၅ ခုနှစ် စက်တင်ဘာလက ရိုးမားနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့ဲပြီးနောက်ပိုင်း ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်တွေမှာ ဂိုးပေါက်ပျောက်ခဲ့တာ ၂၄ နာရီ(ပွဲကစားချိန်)ကျော်လွန်သွားခဲ့ပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top