ခံတွင်းကျန်းမာရေးမှာ ပြဿနာရှိနေတယ်ဆိုတဲ့ လက္ခဏာ (၇) ခု

12-3-2020-yyl-046.jpg

သွားနဲ့ခံတွင်းဆိုတာ တကယ်ကိုဂရုစိုက်သင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ခံတွင်းကျန်းမာမှ အနံ့ဆိုးခြင်း၊ သွားပျက်စီးခြင်းနဲ့ သွားဖုံးရောဂါတွေဖြစ်မလာအောင် တားဆီးနိုင်မှာဖြစ်ပြီး အသက်ကြီးတဲ့အထိ သွားကျန်းမာမှာဖြစ်ပါတယ်။

သွားနဲ့ခံတွင်းကျန်းမာရေးကို ဘာလို့ဂရုစိုက်သင့်တာလဲဆိုတာလည်း အရေးပါတဲ့ အကြောင်းရင်းရှိပါတယ်။ ခံတွင်းမကျန်းမာရင် သို့မဟုတ် သွားဖုံးရောဂါရှိနေရင် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုမထိန်းနိုင်ခြင်း၊ လမစေ့ဘဲ ကလေးမွေးခြင်းတို့ လိုပြင်းထန်တဲ့ကျန်းမာရေး ပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။

ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ ခံတွင်းမှာက ဘက်တီးရီးယားတွေ အများကြီးရှိပါတယ်။ အများစုကတော့ အန္တရာယ်မပေးပါဘူး။ ပုံမှန်အားဖြင့် နေ့တိုင်းသွားတိုက်တာ၊ သွားပွတ်ကြိုးသုံးတာ လိုမျိုး ခံတွင်းသန့်ရှင်းရေး ဂရုစိုက်မှုတွေနဲ့ ခန္ဓါကိုယ်ရဲ့ခုခံမှုစနစ်ကြောင့် ဒီဘက်တီးရီးယားတွေကို ထိန်းချုပ်ထားနိုင်တာဖြစ်ပါတယ်။ ဒါပေမယ့် ခံတွင်းသန့်ရှင်းရေး ဂရုမစိုက်မိတာနဲ့ ဘက်တီးရီးယားတွေက ရောဂါပိုးဝင်တာတွေဖြစ်စေနိုင်တဲ့ အဆင့်ထိရောက်ရှိလာနိုင်ပါတယ်။

အဲဒီလိုဖြစ်လာပြီဆိုရင် ဘယ်လိုလက္ခဏာတွေသိသာလာလဲ သတိထားမိကြရဲ့လား။ လက္ခဏာတစ်ခုခုဖြစ်လာရင် ဆေးသောက်လိုက်ဖို့ပဲ အာရုံစိုက်ကြပြီး တကယ့်အကြောင်းရင်းခံဖြစ်တဲ့ ခံတွင်းသန့်ရှင်းရေးကို မေ့နေကြတတ်ပါတယ်။ ဒီလက္ခဏာမျိုးတွေ ဖြစ်လာရင်တော့ သွားနဲ့ခံတွင်းမှာ ပြဿနာရှိနေပြီလို့ သိလိုက်ပါတော့ –

(၁) သွားကိုက်ခြင်း

သွားကိုက်တာက အဖြစ်များကြတဲ့ ပြဿနာတစ်ခုပါ။ သွားကိုက်ပြီဆို ပါးတွေရောင်၊ သွားဖုံးတွေရောင်ပြီး အစားမစားနိုင်၊ ဆန်ပြုတ်သောက်ရတာပါပဲ။ သွားပိုးစားခြင်းကြောင့်ဖြစ်တတ်ပေမယ့် သွားဖုံးရောဂါရှိနေတဲ့ လက္ခဏာတစ်ခုလည်းဖြစ်နိုင်ပါတယ်။

(၂) သွားကျဉ်ခြင်း

အပူ ၊ အအေး ဘာပဲသောက်သောက် သွားကျဉ်ရတယ်ဆိုရင် သွားမှာပျက်စီးနေပြီ၊ ကျိုးပဲ့နေပြီ၊ သွားကြွေလွှာတွေပါးကုန်ပြီး ဒါမှမဟုတ် သွားအမြစ်ကိုပါ ထိခိုက်နေပြီဆိုတဲ့ ရလဒ်တွေအထိ ဖြစ်လာနိုင်တဲ့လက္ခဏာအစပါ။

(၃) သွားဖုံးသွေးယိုခြင်း

သွားဖုံးက ခဏခဏသွေးထွက်တယ်၊ နာနေတယ်ဆိုရင်gingivitis သွားဖုံးရောဂါလက္ခဏာဖြစ်နိုင်ပါတယ်။ တခါတလေမဟုတ်ဘဲ သွားတိုက်တိုင်းသွေးထွက်တာ သို့မဟုတ် ထိတာနဲ့ထွက်တာ၊ရောင်လာတာဆိုရင် စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

(၄) ပါးစပ်အနာများ

ခံတွင်းမှာဖြစ်တဲ့ အနာတွေ၊ အတွင်း ပါးစောင်မှာ အဖြူကွက်တွေဖြစ်တာ၊ မှိုပိုးဝင်တဲ့ အနာတွေဖြစ်တတ်ပါတယ်။ တချို့က မသိမသာဖြစ်ပေမယ့် ဆိုးရွားလာတဲ့ အခါရောဂါတစ်ခုခု သို့မဟုတ် ဘက်တီးရီးယားပိုးဝင်ခြင်း၊ ဗိုင်းရပ်စ် သို့မဟုတ် မှိုပိုးဝင်ခြင်း၊ သွားတု (စိုက်ထားတဲ့သွား၊ အံကပ်၊သွားဖာထားခြင်း) တွေကြောင့်ဖြစ်လာတဲ့ ပြဿနာတွေရဲ့ လက္ခဏာဖြစ်တတ်ပါတယ်။ တစ်ပတ်နဲ့အထက် ပိုကြာလာတဲ့ ခံတွင်းအနာတွေကို ဆရာဝန်ပြဖို့လိုပါတယ်။

(၅) ခံတွင်းနံ့ဆိုးခြင်း

ခံတွင်းနံ့ဆိုးတယ်ဆိုတာ ကိုယ်စားလိုက်တဲ့ အစာတွေကြောင့်၊ သွားနဲ့ခံတွင်းသန့်ရှင်းရေးကို ဂရုမစိုက်တာကြောင့်၊ တံထွေးခန်းခြောက်တာကြောင့်၊ ဆေးလိပ်သောက်တာကြောင့် ၊ တခြားရောဂါတွေကြောင့် စတဲ့အကြောင်းရင်း တွေပါဝင်ပါတယ်။ သွားပြေးတိုက်ပြီးတာတောင် ခံတွင်းနံ့ဆိုးနေတာ တာရှည်လာရင် သွားဖုံးရောဂါလက္ခဏာဖြစ်နေနိုင်ပါတယ်။

(၆) သွားမှာ ပြဿနာပေါ်လာခြင်း

သွားပဲ့ခြင်း၊ သွားကျိုးခြင်း၊ သွားကရှည်ထွက်လာသလိုဖြစ်ခြင်း တို့လို ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ သွားကရှည်ထွက်လာသလိုထင်ရတာက သွားဖုံးတွေကျုံ့သွား တိုသွားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒါတွေက သွားဖုံးရောဂါရဲ့လက္ခဏာဖြစ်နေနိုင်ပေမယ့် သွားကျွတ်တဲ့ အဆင့်ကိုရောက်ရင်တော့ အန္တရာယ်အဆင့်ကိုရောက်နေပြီဖြစ်ပါတယ်။ သွားဖုံးတစ်ရှူးတွေနဲ့မေးရိုးကို ထိခိုက်လာနိုင်တာကြောင့် အမြန်ဆုံးကုသဖို့လိုပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါတွေ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းနဲ့ တခြားရောဂါတွေဖြစ်လာနိုင်လို့ပါပဲ။

(၇) သွားအရောင်ပြောင်းလာခြင်း

သွားအရောင်ပြောင်းလာစေတဲ့ အကြောင်းရင်းထဲမှာ ကော်ဖီ၊ လက်ဖက်ရည်သောက်တာများလို့၊ ဆေးလိပ်သောက်လို့၊ အသက်အရွယ်ကြောင့်၊ မျိုးဗီဇကြောင့်၊ ထိခိုက်မှု သို့မဟုတ်ဆေးဝါးတွေကြောင့်စတဲ့ အကြောင်းရင်းတွေလည်းပါဝင်ပါတယ်။

ဒီလက္ခဏာတွေရှိနေရင်တော့ သွားမှန်မှန်တိုက်ပြီး သန့်ရှင်းရေးကိုဂရုစိုက်သင့်ပြီနော်။

Ref : Hellosayarwon

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

Team ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top