ရုရှားအတိုက်အခံ ခေါင်းဆောင်ကို နိုဗစ်ချော့ဓာတုဆေးရည်ဖြင့် အဆိပ်ခတ်ခဲ့တယ်လို့ ဂျာမနီနိုင်ငံ အခိုင်အမာ ပြော

3-9-2020-yyl-024.jpg

ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီဟာ အာရုံကြောထိခိုက်စေတဲ့ နိုဗစ်ချော့(Novichok) ဓာတုဆေးရည်နဲ့ အဆိပ်ခတ်ခံရတယ်ဆိုတာ မြေကြီးလက်ခတ်မလွဲ ပြောနိုင်မယ့် သက်သေရရှိထားတယ်လို့ ဂျာမနီနိုင်ငံက ပြောပါတယ်။ အသတ်ခံရမယ့် အခြေအနေ ကြုံတွေ့ခဲ့တဲ့ နာဗယ်နီရဲ့ ဖြစ်ရပ်အတွက် ဖြေရှင်းချက်ပေးဖို့ တစ်ကမ္ဘာလုံးက ရုရှားနိုင်ငံကို စောင့်ကြည့်နေကြတယ်လို့ ဂျာမနီဝန်ကြီးချုပ် အန်ဂျလာမာကယ်က ပြောပါတယ်။

နာဗယ်နီဟာ ပြီးခဲ့တဲ့လက ဆိုက်ဘေးရီးယားပြည်နယ်ကနေ မော်စကိုမြို့ကို ပျံသန်းတဲ့ လေယာဉ်ခရီးစဉ်မှာ ဝေဒနာခံစားခဲ့ရလို့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကုသမှု ခံယူနေရပြီး ကိုမာဖြစ်နေဆဲပါပဲ။ ရုရှားသမ္မတပူတင်ရဲ့အမိန့်အရ နာဗယ်နီကို အဆိပ်ခတ်ခဲ့တာဖြစ်မယ်လို့ သူ့အဖွဲ့က ပြောပါတယ်။ ဒါပေမဲ့ ကရင်မလင်နန်းတော်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ထားပါတယ်။ ဂျာမနီနိုင်ငံဘက်က စွပ်စွဲချက်တွေနဲ့ပတ်သက်ပြီး သတင်းအချက်အလက် အပြည့်အစုံပေးဖို့ ကရင်မလင်နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူက တောင်းဆိုထားပါတယ်။ နိုဗစ်ချော့ဓာတုဆေးရည်နဲ့ အဆိပ်ခတ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေက အထောက်အထားမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဇာခါရိုဗာက တုံ့ပြန်ထားပါတယ်။

ဂျာမနီစစ်တပ်ဓာတ်ခွဲခန်းမှာ အဆိပ်အတောက်ဆိုင်ရာ စမ်းသပ်စစ်ဆေးမှု လုပ်ခဲ့တဲ့ရလဒ်တွေကို ဂျာမနီအစိုးရက ထုတ်ပြန်ခဲ့ပြီး ရုရှားအစိုးရက ဖြေဆိုပေးရမယ့် အရေးကြီးမေးခွန်းတွေ ရှိနေပြီလို့ ဂျာမနီဝန်ကြီးချုပ် မာကယ်က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို နေတိုးအဖွဲ့ဝင်နဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေထံ အကြောင်းကြားထားပြီး ရုရှားနိုင်ငံရဲ့ တုံ့ပြန်မှုအပေါ် မူတည်ပြီး ထိုက်သင့်တဲ့ လှုပ်ရှားမှုလုပ်သွားမယ်လို့ မာကယ်က ပြောပါတယ်။ စုံစမ်းစစ်ဆေးမှုရလဒ်တွေကို နာဗယ်နီရဲ့ဇနီး ယူလီယာ၊ ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံအမတ်တို့ကိုလည်း အကြောင်းကြားထားပါတယ်။ ဥရောပသမဂ္ဂကတော့ ရုရှားအစိုးရဘက်က ပွင့်လင်းမြင်သာတဲ့ စုံစမ်းစစ်ဆေးမှုလုပ်ပေးဖို့ တောင်းဆိုထားပါတယ်။

၂၀၁၈ ခုနှစ်က ဗြိတိန်နိုင်ငံမှာ ရုရှားထောက်လှမ်းရေးအရာရှိဟောင်း ဆာဂိုင်ဆခရီပယ်နဲ့ သမီးဖြစ်သူတို့ကို အဆိပ်ခတ်ခဲ့တဲ့ ဖြစ်ရပ်တုန်းကလည်း နိုဗစ်ချော့ ဓာတုဆေးရည်ကို အသုံးပြုခဲ့ပါတယ်။ သူတို့သားအဖက အသက်ရှင်ခဲ့ပေမဲ့ နိုဗစ်ချော့ ဓာတုဆေးရည်နဲ့ ထိတွေ့ခဲ့တဲ့ ဗြိတိန်အမျိုးသမီးတစ်ယောက်ကတော့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရုရှားစစ်တပ်ရဲ့ ထောက်လှမ်းရေးအဖွဲ့က အဲဒီလို တိုက်ခိုက်မှုလုပ်ခဲ့တာလို့ ဗြိတိန်နိုင်ငံက စွပ်စွဲခဲ့ပါတယ်။

Ref: BBC ” Alexei Navalny: Russia opposition leader poisoned with Novichok – Germany”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top