ONE: Warrior’s Code ပြိုင်ပွဲမှ စိတ်လှူပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် ၄ ခု

yyl-045-1.jpg

၂ဝ၂ဝ ဖေဖော်ဝါရီလ၏ ပထမဆုံး ONE Championship ပြိုင်ပွဲကြီးဖြစ်သော ONE: Warrior’s Code ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၇ ရက်က အင်ဒိုနီးရှား နိုင်ငံ၊ ဂျကာတာ မြို့တွင် ကျင်းပပြုလုပ် ခဲ့သည်။ ပထမဆုံး ONE ဖယ်သာဝိတ်တန်း မွေထိုင်း ကမ္ဘာ့ချန်ပီယံလုပွဲ အပါအဝင် ပွဲကောင်းများစွာ ပါဝင်သည့် အဆိုပါ ပြိုင်ပွဲကြီးမှ စိတ်ဝင်စားဖွယ် အကောင်းဆုံး အခိုက်အတန့်များအကြောင်း ရွေးချယ် စုစည်း တင်ပြလိုက်ရပါသည်။

၁။ De Ridder ၏ အောင်ပွဲခံသည့် အခိုက်အတန့်

ရှုံးပွဲမရှိ နယ်သာလန် ကစားသမား Reinier “The Dutch Knight” De Ridder နှင့် ဘရာဇီး ဂျူဂျစ်ဆု ကမ္ဘာ့ချန်ပီယံဟောင်း Leandro “Wolf” Ataides တို့ပွဲကလည်း လက်ရှိ ချန်ပီယံ “မြန်မာစပါးအုံး” အောင်လအန်ဆန် ကို စိန်ခေါ်ခွင့်ရမည့်သူ ရွေးသည့်ပွဲ ဖြစ်သည့် အလျောက် အကြိတ်အနယ် ရှိခဲ့သည်။ ပညာသားပါပါဖြင့် အမှတ်ရသလောက်ယူရန် အစီအစဉ်ချထားသည့် De Ridder ကို Ataides က အလဲထိုး ပွဲသိမ်းနိုင်ရန် တစ်ပွဲလုံး ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ De Ridder ၏ တန်ပြန်တိုက်စစ်ကြောင့်ပင် သွေးအလူးလူး ဖြစ်ခဲ့ရသည်ကို တွေ့ရသည်။ De Ridder သည် အတင်းဝင် အတင်းတိုက် ပုံစံမျိုး မကစားခဲ့ဘဲ ပြိုင်ဘက်၏ လှုပ်ရှားမှုပေါ်မူတည်ကာ အလိုက်သင့် ကစားခဲ့ခြင်းက Ataides ကို မခံချိမခံသာ ဖြစ်စေခဲ့သလို ပရိသတ်များကိုလည်း အသည်း တယားယားဖြစ်စေခဲ့သည်။ သုံးချီ ပြီးဆုံးချိန်တွင် လက်သီးချက် အများဆုံးထိုးနိုင်ခဲ့သည့် De Ridder ကို ဒိုင်များများက အနိုင်ပေးခဲ့ သဖြင့် ကြိုးဝိုင်းထဲမှနေ၍ အောင်လအန်ဆန်ကို တရားဝင်စိန်ခေါ်ခွင့် ရသွားခဲ့သည် ကိုလည်း တွေ့ရသည်။

၂။ Lapicus ၏ ပြိုင်ဘက်ကို ၆၇ စက္ကန့်ဖြင့် ပွဲသိမ်းချိန်

ONE Championship တွင် မျက်နှာသစ် ကစားသမား ဖြစ်သည့် မော်လ်ဒိုဗာ ကစားသမား Iuri Lapicus သည် ၎င်း၏ ပွဲဦးထွက် တွင်ပင် ONE ဖယ်သာဝိတ်တန်း ချန်ပီယံဟောင်းကြီး Marat “Cobra” Gafurov ကို ပွဲချိန် ၆၇ စက္ကန့်အတွင်း အနိုင်ယူညြခဲ့ခြင်းက စိတ်လှုပ်ရှားဖွယ်၊ အံ့အားသင့်ဖွယ် အခိုက်အတန့် ဖြစ်ခဲ့သည်။ အစောပိုင်းတွင် Gafurov ၏ ခံစစ်ကို အနိမ့်၊ အမြင့် ကန်ချက်များဖြင့် စမ်းသပ်နေသည့် Lapicus သည် တဖြည်းဖြည်း တိုက်စစ်ကို ပိုဖွင့်ပြီး ကစားလာခဲ့သည်။ Gafurov မှာ ဝါသမ္ဘာဖြင့် ထိန်းဆော့ရန် ကြံစည်ထားဟန် ရှိပြီး သက်လုံကို ချွေတာကာ ခံစစ် အသားပေး ကစားနေခဲ့သည်ကို တွေ့ရသည်။ ပွဲချိန် တစ်မိနစ်ခန့်တွင် Gafurov က မွေထိုင်း အားသန်သူ Lapicus ကို ရုတ်တရက် ဆွဲချုပ်ကိုင်ပေါက်ရန် ကြိုးစားခဲ့သည်။ မမျှော်လင့်ဘဲ ယင်းလုပ်ရပ်က Lapicus စောင့်မျှော်နေသည့် ထောင်ခြောက်တစ်ခု ဖြစ်နေမှန်း Gafurov သိလိုက်ရချိန်တွင် ပြိုင်ဘက်၏ Rear Naked Choke ဖြင့် ပိုင်ပိုင်နိုင်နိုင် ချုပ်ခြင်း ခံထားရကာ အရှုံးပေးရန် ကလွဲ၍ မည်သို့မျှ မတတ်နိုင်တော့သည့် အနေအထား ရောက်နေပြီ ဖြစ်သည်။

၃။ အိမ်ရှင်ပရိသတ်ကို ကျေနပ်စေခဲ့သည့် Saputra

အိမ်ရှင်အင်ဒိုနီးရှား ကစားသမား Eko Roni Saputra သည် ပြိုင်ဘက် ကမ္ဘောဒီးယား ကစားသမား Khon Sichan ကို ပထမ အချီတွင်ပင် ချုပ်ကွက်ဖြင့် အနိုင်ယူကာ အိမ်ရှင် ပရိသတ်များ၏ သြဘာကို ခံယူခဲ့သည့် အချိန်ကလည်း စိတ်လှုပ်ရှားဖွယ် အကောင်းဆုံး အခိုက်အတန့် တစ်ခု ဖြစ်သည်။ စင်ကာပူမှ နာမည်ကြီး Evolve Gym ၏ ကစားသမား တစ်ဦးဖြစ်သည့် Saputra သည် Sichan ကို ပွဲစကတည်းက မြေပြင် ကစားပွဲဖြင့် အသာစီး ကစားခဲ့ပြီး ၎င်း၏ အနီးကပ် တံတောင် ရိုက်ချက်က ပြိုင်ဘက်ကို အထိနာ စေခဲ့သည်။ သို့သော် ခွန်ခမာ ကစားသမား Sichan ကလည်း မာဂုဏ်မြင့်သူ ဖြစ်သည့် အတွက် Saputra ၏ ချုပ်ကွက်များကို ပြန်လည် ရုန်းထွက်ကာ တကျော့ပြန် တိုက်စစ်ဆင်ရန် ကြိုးစားခဲ့သည်။ ချုပ်ကွက် ပေါင်းစုံဖြင့် ဖိအားပေး နေသည့် Saputra သည် ပထမအချီ ပြီးရန် တစ်မိနစ်ခွဲခန့် အလိုတွင်တော့ Rear-Naked Choke ဟု ခေါ်သည့် လည်ပင်းကို နောက်မှ သိုင်းဖက်ကာ ချုပ်သည့် ချုပ်ကွက်အား ပိုင်ပိုင်နိုင်နိုင် အသုံးပြုနိုင်ခဲ့သဖြင့် Sichan အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

၄။ Hirata ၏ ဒိုင်ပွဲရပ်ဖြင့် ပွဲသိမ်းသည့် အခိုက်အတန့်

ကစားသမား ဘဝတစ်လျှောက် ပွဲတိုင်း ရာနှုန်းပြည့် အနိုင်ရထားသည့် ဂျပန် လူငယ်ကစားသမား Itsuki “Strong Heart Fighter” Hirata သည် ယခုပွဲတွင်လည်း ၎င်း၏ နိုင်ပွဲဆက် စံချိန်ကို ထပ်မံတိုးမြှင့် နိုင်ခဲ့သည်။ သို့သော် Nyrene “Neutron” Bomb Crowley သည် Hirata ၏ တိုက်စစ်ကို တတိယ အချီထိ တောင့်ခံနိုင်ခဲ့သော ပထမဆုံး ပြိုင်ဘက် ဖြစ်လာခဲ့သည်။ ပွဲအစပိုင်းတွင် Crowley ကပင် ပွဲကို ပိုမိုစိုးမိုး နိုင်ခဲ့ပြီး Hirata ကို တိကျသည့် လက်သီးချက် များဖြင့် ဆက်တိုက် ဖိအားပေး နိုင်ခဲ့သည်။ Hirata ၏ ချုပ်ကွက်နှစ်ကြိမ် ကိုပင် အကောင်းဆုံး ရုန်းထွက်ကာ ပြန်လည် အသာစီး ရယူနိုင်ခဲ့သည်။ သို့သော် ပွဲချိန်ကြာလာလေ Hirata ၏ ချုပ်ကွက်များကို ရုန်းထွက်ရန် ခက်ခဲလာလေ ဖြစ်လာပြီး နောက်ဆုံးတွင် ပွဲကို လုံးဝစိုးမိုး နိုင်ခဲ့ကာ Crowley ခမြာ ခံစစ်သာ အားပြုဆော့နေ ခဲ့ရသည်။ ယင်းအခြေအနေ တွင်ပင် တတိယ အချီထိ တောင့်ခံနိုင်ခဲ့သည့် Crowley ၏ ခံနိုင်ရည်ကို ချီးကျုးရမည် ဖြစ်ပြီး ပွဲပြီးရန် တစ်မိနစ်ခွဲခန့် အလိုတွင်မှ ဒိုင်ပွဲရပ် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။ Hirata ၏ ပြိုင်ဘက်ကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကာ အပေါ်စီးမှ ဖိထိုးနေသည့် အချိန်များက စိတ်လှုပ်ရှား ဖွယ်ရာ အကောင်းဆုံး အခိုက်­­အတန့်များ ဖြစ်သည်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top