ကိုဗစ်ကာကွယ်ဆေး ၄ ကြိမ် ထိုးနှံပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာဖို့ အစ္စရေးစီစဉ်နေ

22.12.2021yyl4.jpg

အစ္စရေးဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ ကြိမ် ထိုးနှံပေးတဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်လာဖို့ စီစဉ်နေပါတယ် ။ အိုမီခရွန် ကိုဗစ်မျိုးကွဲသစ်ကြောင့် ဖြစ်ပေါ်လာမယ့် ကူးစက်မှုတွေအတွက် ပြင်ဆင်နေချိန်မှာ အခုလို စီစဉ်နေတာ ဖြစ်ပါတယ်။ အသက် ၆၀ ကျော်အရွယ်တွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ၄ ကြိမ်မြောက် ထပ်တိုးကာကွယ်ဆေး ထိုးနှံပေးဖို့ အစ္စရေးနိုင်ငံရဲ့ ကပ်ရောဂါဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေက အကြံပြုထားပါတယ်။ အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီဘန်းနက်က အဲဒီအစီအစဉ်ကို ကြိုဆိုခဲ့ပြီး စတင်ပြင်ဆင်ကြဖို့ အရာရှိတွေကို ညွှန်ကြားထားပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့က အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံရသူတွေထဲမှာ ပထမဆုံး သေဆုံးမှု ဖြစ်ခဲ့တယ်လို့ အစ္စရေးနိုင်ငံက အတည်ပြုခဲ့ပါတယ်။ အစ္စရေးနိုင်ငံမှာ အိုမီခရွန် မျိုးကွဲသစ် ကူးစက်ခံရသူ အနည်းဆုံး ၃၄၀ ဦး ရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ ၄ ကြိမ်မြောက် ထပ်တိုးကာကွယ်ဆေး ထိုးနှံမယ့် ကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဌာန ထိပ်တန်းအရာရှိတွေရဲ့ အတည်ပြုချက်ကို စောင့်ဆိုင်းနေရဆဲပါပဲ။ ၃ ကြိမ်မြောက် ထပ်တိုးကာကွယ်ဆေးထိုးပြီး အနည်းဆုံး ၄ လကြာမှသာ ထပ်တိုးကာကွယ်ဆေး နောက်တစ်ကြိမ် ထိုးပေးမယ်လို့ ဝန်ကြီးချုပ်ရုံးက ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးစီမံကိန်း စကတည်းက အစ္စရေးနိုင်ငံမှာ ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ပြီး ထိုးနှံသူအရေအတွက်လည်း များပြားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးနိုင်ငံမှာ လူဦးရေ ၉.၃ သန်းရှိတဲ့အနက် ကာကွယ်ဆေး ၂ ကြိမ်လုံး ထိုးနှံပြီးသူကတော့ ၆၃ ရာခိုင်နှုန်းပဲရှိပါတယ်။ အစ္စရေးနိုင်ငံမှာ ငယ်ရွယ်သူတွေများပြားပြီး လူဦးရေရဲ့ ၃ ပုံ၊ ၁ ပုံက အသက် ၁၄ နှစ်အောက် အရွယ်တွေ ဖြစ်နေကြတာကြောင့်လည်း ဖြစ်ပါတယ်။ အဲဒီအခြေအနေကို ကျော်လွှားနိုင်ဖို့အတွက် အသက် ၅ နှစ်အထက် အရွယ်ရှိသူတိုင်း ကာကွယ်ဆေးထိုးနှံနိုင်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အစ္စရေးနိုင်ငံက ကြေညာခဲ့ပါတယ်။

နောက်ထပ်ကူးစက်မှုလှိုင်းတွေရဲ့ အရှိန်ကို လျှော့ချတားဆီးနိုင်ဖို့အတွက် လာမယ့် ရက်သတ္တနှစ်ပတ်အတွင်း ကာကွယ်ဆေးထိုးနှံခွင့်ရှိတဲ့ ကလေးတိုင်း ကာကွယ်ဆေး ထိုးနှံမှုခံယူကြစေချင်တယ်လို့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ အစ္စရေးဝန်ကြီးချုပ်က ဆိုပါတယ်။ အစ္စရေးနိုင်ငံဟာ ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု တားဆီးနိုင်ဖို့အတွက် အမေရိကန်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ နိုင်ငံတွေအပါအဝင် နိုင်ငံအများအပြားထံ ခရီးသွားလာခွင့် ပိတ်ပင်ထားပါတယ်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းတွေအရ ကိုဗစ်-၁၉ ကပ်ရောဂါ စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁.၃၆ သန်းရှိပြီး လူ ၈၂၀၀ ဝန်းကျင် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Ref: BBC “Covid-19: Israel could become the first country to give four vaccine doses”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top