ဒိန်းမတ်နိုင်ငံက ကိုဆိုဗိုနိုင်ငံရဲ့ ထောင်အကျဉ်းခန်းတွေကို ငှားရမ်းအသုံးပြုဖို့ စီစဉ်

22.12.2021yyl1.jpg

ဒိန်းမတ်နိုင်ငံအတွက် ထောင်အကျဉ်းခန်း ၃၀၀ ငှားရမ်းပေးဖို့ ကိုဆိုဗိုနိုင်ငံက သဘောတူညီခဲ့ပါတယ်။ ဒိန်းမတ်နိုင်ငံဟာ ပထမ ၅ နှစ်တာကာလအတွက် နှစ်စဉ်ကြေး ယူရို (၁၅)သန်း ပေးချေသွားမှာဖြစ်ပြီး ကိုဆိုဗိုနိုင်ငံရဲ့ သန့်ရှင်းစွမ်းအင် စီမံကိန်းအတွက်လည်း ရန်ပုံငွေ ကူညီပံ့ပိုးပေးမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ဒိန်းမတ်နိုင်ငံမှာ အကျဉ်းသားဦးရေ များပြားလာပေမဲ့ အကျဉ်းဦးစီးဝန်ထမ်း အရေအတွက်ကတော့ ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်နောက်ပိုင်း ဒိန်းမတ်နိုင်ငံမှာ အကျဉ်းသားအရေအတွက် ၃၄၀၀ ကနေ ၄၂၀၀ အထိ မြင့်တက်လာပြီး အကျဉ်းထောင်အစောင့်အကြပ်ကတော့ ၂၅၀၀ ကနေ ၂၀၀၀ အထိ လျော့နည်းသွားခဲ့တာပါ။

ဒိန်းမတ်နိုင်ငံဟာ သူတို့နိုင်ငံမှာ ရာဇဝတ်မှုကျူးလွန်တဲ့ အီးယူပြင်ပနိုင်ငံသားတွေကို အမိန့်ချမှတ်ပြီးရင် ကိုဆိုဗိုအကျဉ်းထောင်တွေဆီ ပို့ဆောင်မှာပါ။ ကိုဆိုဗို ထောင်အကျဉ်းခန်းတွေမှာ ထိန်းသိမ်းခံရမယ့် ရာဇဝတ်သားတွေအပေါ် ဒိန်းမတ်နိုင်ငံရဲ့ဥပဒေ သက်ရောက်မှာ ဖြစ်ပါတယ်။ ကိုဆိုဗိုနိုင်ငံမှာ အသုံးမပြုတဲ့ ထောင်အကျဉ်းခန်း ၇၀၀ ကနေ ၈၀၀ ကြားအထိ ရှိပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က ကနဦး ၅ နှစ်တာကာလ ထောင်အကျဉ်းခန်း ငှားရမ်းမှုအတွက် နှစ်နိုင်ငံအစိုးရအဖွဲ့ကြား လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ကိုဆိုဗိုနိုင်ငံဟာ ဂျီလန်မြို့ အကျဉ်းထောင်ကို စုစုပေါင်း၁၀ နှစ်ကြာ ငှားရမ်းမှုအတွက် ယူရို သန်း ၂၁၀ ရရှိမှာ ဖြစ်ပါတယ်။

ထောင်အကျဉ်းခန်း ငှားရမ်းမှုနဲ့ပတ်သက်ပြီး ဒိန်းမတ်နဲ့ ကိုဆိုဗို နှစ်နိုင်ငံလုံးမှာရှိတဲ့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်ခဲ့ကြပါတယ်။ ဒိန်းမတ်နိုင်ငံအနေနဲ့ သူတို့နိုင်ငံမှာ မထားလိုတဲ့ ပြည်ပရာဇဝတ်သားတွေကို တခြားနိုင်ငံ (သို့မဟုတ်) မိသားစုနဲ့ဝေးရာ နေရာဆီ မပို့ဆောင်သင့်ဘူးလို့ ဆိုကြပါတယ်။

” ကျွန်တော်တို့က ဥပဒေဘောင်ထဲကပဲ လုပ်ခဲ့တာပါ။ ကိုဆိုဗိုအကျဉ်းထောင်မှာလည်း ဒိန်းမတ်နိုင်ငံ အကျဉ်းထောင်တွေက စည်းမျဉ်းတွေအတိုင်း ချမှတ်မှာပါ။ ပြည်နှင်ဒဏ်ပေးခံရတဲ့ ရာဇဝတ်သားတွေအနေနဲ့ ဧည့်တွေ့ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ ခက်တော့ ခက်ခဲမှာပါ” လို့ ဒိန်းမတ်တရားရေးဝန်ကြီး ဟက်ကာအက်က ပြောပါတယ်။

အန္တရာယ် ပေးနိုင်ခြေ မများတဲ့ အကျဉ်းသားတွေကိုပဲ ကိုဆိုဗိုအကျဉ်းထောင်ဆီ ပို့ဆောင်မှာဖြစ်တယ်လို့ ကိုဆိုဗိုတရားရေးဝန်ကြီး ဟက်ဟျူက ပြောပါတယ်။ အကြမ်းဖက်မှု သို့မဟုတ် ရောဂါကျွမ်းနေတဲ့ အကျဉ်းသားတွေကို ကိုဆိုဗိုအကျဉ်းထောင်ဆီ ပို့ဆောင်မှာ မဟုတ်ပါဘူး။

အဲဒီသဘောတူညီချက်ကို ကိုဆိုဗိုလွှတ်တော်မှာ အမတ် ၃ ပုံ၊ ၂ ပုံက ထောက်ခံပေးမှသာ အတည်ပြုနိုင်မှာပါ။ အကျဉ်းသားတွေကို တခြားနိုင်ငံ အကျဉ်းထောင်ဆီ ပို့ဆောင်တဲ့ကိစ္စက ဥရောပမှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ နော်ဝေ၊ ဘယ်လ်ဂျီယံနိုင်ငံတွေကလည်း နယ်သာလန်နိုင်ငံရဲ့ ထောင်အကျဉ်းခန်းတွေကို ငှားရမ်းအသုံးပြုခဲ့ဖူးပါတယ်။

Ref: BBC “Kosovo agrees to rent prison cells to Denmark to ease overcrowding”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top