မူးယစ်ဆေးဝါးကုန်ကူးမှုမှာ သားကောင်ဖြစ်ခဲ့ရတဲ့ အမျိုးသမီး ထောင်မှ ပြန်လွတ်ပြီး ၁၀ နှစ်အကြာမှာ ဘွဲ့ရ

11.7.23-yyl-2.jpg

ကိုကင်း မှောင်ခိုကူးမှုနဲ့ ထောင်ကျခဲ့ပြီးနောက် ၁၀ နှစ်အကြာမှာတော့ မက်ကော်လံတစ်ယောက် တက္ကသိုလ်ကနေ ဘွဲ့ရခဲ့ပါပြီ။ မြောက်အိုင်ယာလန်နိုင်ငံသူ မက်ကော်လံဟာ သူငယ်ချင်းဖြစ်သူ မီလစ်ဆာရိဒ်နဲ့အတူ ပထမဆုံး နိုင်ငံခြားခရီးစဉ်အဖြစ် စပိန်နိုင်ငံ အိုင်ဘီဇာကမ်းခြေကို ခရီးထွက်ခဲ့ကြပြီး မူးယစ်ဆေးဝါးဂိုဏ်းသားတစ်ယောက်နဲ့ ဆုံခဲ့တာပါ။

ဒါဗေးလို့ အမည်ရတဲ့ အဲဒီအမျိုးသားက သူ့ကို ချစ်သူတစ်ယောက်လို အယုံသွင်းပြီး ဘာစီလိုနာမြို့ကနေ အိတ်တစ်လုံး သယ်သွားပေးရင် ပေါင် ၅၀၀၀ ပေးမယ်လို့ ကမ်းလှမ်းခဲ့တာပါ။ မူးယစ်ဆေး သုံးထားချိန်မှာ ကမ်းလှမ်းခဲ့တာဖြစ်ပြီး မက်ကော်လံကလည်း လက်ခံမိခဲ့ပါတယ်။ အဲဒီနောက်မှာတော့ မာယော့ကာမြို့က တိုက်ခန်းတစ်ခန်းမှာ အံဆွဲအပြည့် သေနတ်တွေ ထည့်ထားတဲ့ အမျိုးသားတစ်ယောက်က မက်ကော်လံနဲ့ မီလစ်ဆာရိဒ်တို့ နှစ်ယောက် ခရီးသွားဖို့ကိစ္စကို စီစဉ်ခဲ့တာပါ။

လေယာဉ်ပေါ်ရောက်မှ တောင်အမေရိကတိုက်မှာရှိတဲ့ ပီရူးနိုင်ငံ လီမာမြို့ကို ပျံသန်းနေတယ်ဆိုတာ သိခဲ့ရတာပါ။ သူတို့ဟာ ဈေးကွက်တန်ကြေး ပေါင် ၁.၅ သန်း ရှိတဲ့ ကိုကင်းတွေကို ပီရူးနိုင်ငံ လီမာမြို့ကနေ သယ်ထုတ်ပေးရမယ့် အစီအစဉ်တွေမှာ သားကောင် ဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ လီမာမြို့လေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး သူတို့အမှုကို ”Peru Two” လို့ လူသိများခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ ပီရူးနိုင်ငံရဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဆန်တာမိုနီကာအကျဉ်းထောင်မှာ ထောင်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။ မူးယစ်ဆေးဝါး ကုန်ကူးမှုအတွက် အမြင့်ဆုံးပြစ်ဒဏ်က ထောင်ဒဏ် ၁၅ နှစ်အထိ ချမှတ်နိုင်ပေမဲ့ အာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့လို့ ပြစ်ဒဏ်တစ်ဝက်လျှော့ချခံရကာ ထောင်ဒဏ် ၆ နှစ်၊ ၈ လပဲ ချမှတ်ခံရပြီး လွတ်ငြိမ်းချမ်းသာခွင့်အရ ထောင်ဒဏ် ၃ နှစ်ပဲ ကျခံခဲ့ရပြီး ၂၀၁၅ ခုနှစ် မတ်လမှာ ပြန်လည်လွတ်မြောက်ခဲ့တာပါ။

အခုအခါမှာတော့ အသက် ၂၉ နှစ်အရွယ် မက်ကော်လံက ကလေးနှစ်ယောက် အမေ ဖြစ်နေပြီး မြောက်အိုင်ယာလန်နိုင်ငံ အယ်လ်စတားတက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှု၊ ဈေးကွက်၊ သက်ဆိုင်ရာ ပံ့ပိုးရေးဝန်ဆောင်မှု ဘာသာရပ်နဲ့ ဒီပလိုမာဘွဲ့ ရခဲ့တာပါ။

Ref:Peru Two’ drugs mule Michaella McCollum, 29, graduates university 10 years after she was jailed for smuggling cocaine

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top