ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံပြီး မြေပြိုလို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံး

27-10-2022yyl26.jpg

ဖိလစ်ပိုင်နိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၄၅ ယောက် သေဆုံးခဲ့ပါတယ်။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း မာဂွင်ဒါနာအိုပြည်နယ်ဟာ အပူပိုင်းမုန်တိုင်း နယ်ဂေး(Nalgae)ဒဏ် အပြင်းထန်ဆုံး ခံစားခဲ့ရတာပါ။ ဖိလစ်ပိုင်မြို့တော် မနီလာမှာလည်း မိုးသည်းထန်စွာ ရွာသွန်းမယ်လို့ ခန့်မှန်းထားပါတယ်။ မြေပြိုမှုကြောင့် ရွံထဲနစ်နေတဲ့ ရုပ်အလောင်းတော်တော်များများကို ကယ်ဆယ်ရေးသမားတွေက ဆွဲထုတ်ခဲ့ရပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဖွဲ့က မင်ဒါနာအိုကျွန်းမှာ ကူးတို့ပြေးဆွဲမှုတွေကို ဆိုင်းငံ့ထားပါတယ်။ လူတော်တော်များများကိုလည်း ခိုလှုံရာနေရာတွေဆီ ရွှေ့ပြောင်းပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ကစလို့ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး မုန်တိုင်းဟာ အခုအားလပ်ရက်မှာ အားအကောင်းဆုံး ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် စာသင်ကျောင်းတချို့ကို ပိတ်ထားရပြီး ဘတ်စ်ကား ပြေးဆွဲမှုတွေကိုလည်း ရပ်ဆိုင်းထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ နှစ်စဉ်နှစ်တိုင်း တိုင်ဖွန်း (သို့) အပူပိုင်းမုန်တိုင်း အကြိမ် ၂၀ ကြုံရလေ့ရှိပြီး ပစိဖိတ်သမုဒ္ဒရာမှာ ဖြစ်ပေါ်တာပါ။ နယ်ဂေးမုန်တိုင်းဟာ အင်အားပြင်းမုန်တိုင်း မဟုတ်ပေမဲ့ မုန်တိုင်းနယ်နမိတ်ကြီးမားလွန်းပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ ဒေသအများအပြား မုန်တိုင်းဒဏ် ခံခဲ့ရတာပါ။ တည်ငြိမ်မှုမရှိတဲ့ ပထဝီဝင်အနေအထားနဲ့ သစ်တောပြုန်းတီးနေတဲ့ တောင်တွေကြောင့် ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဟာ ဖိလစ်ပိုင်နိုင်ငံအတွက် အကြီးမားဆုံး အန္တရာယ်တစ်ရပ်ဖြစ်ပါတယ်။

Ref: Philippines storm Nalgae kills dozens in floods and mudslides

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top