ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို ကတ္တရာလမ်းမကြီးအဖြစ် ပြောင်းလဲပစ်ခဲ့သူ

12-3-2020-yyl-018.jpg

အခုခေတ်မှာ လူအများစုဟာ ပလတ်စတစ်ညစ်ညမ်းတဲ့ ပြဿနာတွေကို သတိထားမိနေကြပြီး ဒါကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကို ရှာဖွေနေကြရပါတယ်။ အစိုးရနဲ့ပြည်သူတွေက ပလတ်စတစ်သုံးစွဲမှုကို လျော့ချတာကစလို့ တစ်ခါသုံးပလတ်စတစ်အသုံးပြုမှုကို တားမြစ်တာအထိ လုပ်ဆောင်ပြီး တိုက်ဖျက်နေကြပါတယ်။ ပလတ်စတစ်တွေက ဆွေးမြေ့သွားဖို့ရာ နှစ်ထောင်ချီအချိန်ယူရတာကြောင့် ပတ်ဝန်းကျင်နဲ့ ပင်လယ်နေသတ္တဝါတွေကို ထိခိုက်စေနိုင်ပါတယ်။ ပလတ်စတစ် စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပစ်ဖို့ နည်းလမ်းရှာဖွေ ကြိုးစားနေသူတွေထဲမှာ အင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ တိုဘီ မက်ကာနေးလည်း အပါအဝင်ပါပဲ။ သူက ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေကို အကောင်းဆုံးအသုံးပြုနိုင်မယ့်နည်းကို ရှာဖွေတွေ့ရှိထားတဲ့ သူလည်းဖြစ်ပါတယ်။

တိုဘီကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေ တိုက်ဖျက်ဖို့ရာ တွန်းအားဖြစ်စေတဲ့အရာ နှစ်ခုရှိခဲ့ပါတယ်။ ပထမတစ်ခုက သူ့ရင်ထဲကိုထိရှစေတဲ့ သမုဒ္ဒရာထဲက များပြားလှတဲ့ပလတ်စတစ်အမှိုက်ပမာဏနဲ့ ပတ်သက်တဲ့ သူ့သမီးရဲ့ စိုးရိမ်ပူပန်မှုပါ။ သူ့သမီးရဲ့စိုးရိမ်ပူပန်မှုက သူ့ရဲ့ကလေးကို ပလတ်စတစ်အမှိုက်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးမှာ မကြီးပြင်းသင့်ဘူးဆိုတာကို နားလည်ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒုတိယတစ်ခုက အိန္ဒိယကို ခရီးထွက်စဉ် တိုဘီဟာ လမ်းမပေါ်က ချိုင့်ကွက်တွေကို ပလတ်စတစ်စွန့်ပစ်ပစ္စည်းတွေနဲ့ဖာနေတာကို မြင်တွေ့ခဲ့တာကြောင့်ပါ။ ဒါက သူ့ကို ကုမ္ပဏီထောင်ဖို့ တွန်းအားဖြစ်စေခဲ့ပါတယ်။

တိုဘီဟာ သူ့သူငယ်ချင်းတွေနဲ့အတူ MacRebur အမည်ရတဲ့ကုမ္ပဏီကို ၂၀၁၆ခုနှစ် ဧပြီလမှာ တည်ထောင်ခဲ့ပါတယ်။ အဲဒီကုမ္ပဏီရဲ့အလုပ်က ပြန်လည်အသုံးပြုလို့ရတဲ့ပစ္စည်းတွေကို စုဆောင်းဖို့နဲ့ အမှိုက်တွေကို အသုံးဝင်တဲ့အရာအဖြစ်ပြောင်းလဲပစ်ဖို့အတွက် ရောင်းချဖို့ပါပဲ။ ကုမ္ပဏီက ဝန်ထမ်းတွေ စုဆောင်းခဲ့တဲ့ ပလတ်စတစ်စွန့်ပစ်ပစ္စည်းတချို့ကို ချိုင့်ခွက်တွေထဲထည့်၊ အဲဒါတွေအပေါ် ဒီဇယ်ဆီလောင်းချပြီး ပလတ်စတစ်အမှိုက်တွေ ချိုင့်ခွက်ထဲရောက်သွားပြီး ဖာလို့ရတဲ့အထိ အမှိုက်တွေကို လောင်ကျွမ်းအောင်လုပ်ခဲ့ကြတာပါ။

ဒါပေမဲ့ UK ရဲ့ ကောင်စီတွေက ပလတ်စတစ်နဲ့ဒီဇယ်ဆီလောင်ကျွမ်းတဲ့နည်းကို အရမ်းမကြိုက်တာကို တိုဘီသိရှိသွားခဲ့ပါတယ်။ ဒါကြောင့် ဒီထက်ပိုကောင်းတဲ့နည်းကို ရှာဖွေခဲ့ပါတယ်။ အဲဒီကနေစပြီး တိုဘီက သူ့သူငယ်ချင်းတွေနဲ့အတူ ပလတ်စတစ် စွန့်ပစ်ပစ္စည်းကိုအသုံးပြုပြီး လမ်းတည်ဆောက်ဖို့ဆိုတဲ့ ရည်မှန်းချက်ရောက်အောင် နည်းပညာတစ်ခု စတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ သူတို့က အိမ်မှာ အသုံးပြုတဲ့ပလတ်စတစ်တွေရော၊ အရောင်းဆိုင်ရောက်နေတဲ့ ပလတ်စတစ်အမှိုက်တွေကိုပါ ဝယ်ယူခဲ့ပြီး (၅) မီလီမီတာလောက်မရှိတဲ့ အပိုင်းအစအသေးလေးတွေဖြစ်အောင် လုပ်ဆောင်ခဲ့ပါတယ်။ ပလတ်စတစ်အပိုင်းအစ အသေးလေးတွေနဲ့ သူတို့ရဲ့နည်းပညာတို့ကို အသုံးပြုရောစပ်ပြီး လမ်းခင်းကြတာပါ။

သာမန်နိုင်လွန်ကတ္တရာက ရေနံကတ္တရာ၊ ကျောက်ခဲတွေနဲ့ အများဆုံးပြုလုပ်ထားတာပါ။ ဒါပေမဲ့ အဲဒီရေနံကတ္တရာတွေကို MacReburရဲ့နည်းပညာနဲ့ အစားထိုးခဲ့ပြီး လောင်စာအသုံးပြုမှုကို လျော့ချထားပါတယ်။ ကုမ္ပဏီက ပလတ်စတစ်အမှုန်အမွှားတွေ မထွက်အောင်နဲ့ သဘာဝတရားကြီးကို မညစ်ညမ်းစေဖို့ သင့်တင့်တဲ့အပူချိန်ကို အသုံးပြုကြပါတယ်။ “ကတ္တရာကို လုပ်တဲ့အခါ ၁၈၀ဒီဂရီ ဆဲလ်စီယပ်ဝန်းကျင်လောက် အပူချိန်ကို လိုအပ်ပါတယ်။ ကျွန်တော်တို့အသုံးပြုတဲ့ ပလတ်စတစ်တွေကို အဲဒီထက် ပိုနည်းတဲ့အပူချိန် ၁၂၀ ဒီဂရီဆဲလ်စီယပ်ဝန်းကျင်မှာ အရည်ပျော်ရပါတယ်။ ဒါကြောင့် ပလတ်စတစ် စွန့်ပစ်ပစ္စည်းအားလုံးကို အသုံးပြုလို့မရပါဘူး။ ဒါပေမဲ့ အနက်ရောင်ပလတ်စတစ် အပါအဝင် ပြန်လည်အသုံးပြုရတာခက်ခဲတဲ့ အရာအများစုကို အသုံးပြုလို့ရပါတယ်”လို့ ပြောပါတယ်။

သူတို့ရဲ့အထူးသီသန့် နည်းပညာကြောင့် သူတို့ခင်းတဲ့လမ်းမတွေက သာမန်လမ်းတွေထက် (၆၀) ရာခိုင်နှုန်း မာကြောပါတယ်။ သူတို့ရဲ့ထုတ်ကုန်နဲ့ ပြုလုပ်ထားတဲ့လမ်းမတွေက ရိုးရိုးလမ်းတွေထက်ပိုပြီး သုံးဆလောက် ကြာရှည်ခံနိုင်တယ်လို့ တိုဘီက အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။

Ref: This Company Is Turning Plastic Bottles Into Roads And They Might Actually Last 3 Times Longer Than Asphalt

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top