ရှေးဟောင်းသမိုင်ဝင် ယဉ်ကျေးမှုနယ်မြေ အဖြစ် သတ်မှတ်ထားသော ဖိုလ်ဝင်တောင်

phowin-01.jpg

အလောင်းတော်ကဿပခရီးမှ အပြန်လမ်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရှိသော ဖိုလ်ဝင်တောင်သို့ ဝင်ရောက်ဖြစ်သည်။

ရွှေလသာဝါဝါဝင်း ဖိုလ်ဝင်တောင်ဘုရားပေါင်း ဆိုသည့်အတိုင်း ရုပ်ပွားတော်နှင့် စေတီပေါင်း ၄၄၆၄၄၄ဆူ ရှိသည်ဟု သိရှိရသည်။

ဖိုလ်ဝင်တောင်ရှိ ရုပ်ပွားတော်နှင့် စေတီများမှာ အလွန်ရှေးကျလှပြီး ကျောက်ဂူနံရံများရှိ ရှေးနံရံဆေးရေး ပန်းချီများကို လေ့လာခွင့်ရခဲ့သည်။

မှတ်တမ်းဓာတ်ပုံများ ရိုက်ယူခြင်း၊ ဖူးမျှော်ခြင်းတို့ ပြီးစီးသောအခါ စာဖတ်သူတို့ကို ပြန်လည်မျှဝေနိုင်ရန်အတွက် ဆောင်းတန်းတွင် ရောင်းချသည့် အရှင်သုမန ရေးသားသည့် ဖိုလ်ဝင်တောင်သမိုင်းစာအုပ်ကို ဝယ်ယူခဲ့သည်။

လှပသော နံရံဆေးရေးပန်းချီများ

ထိန်းသိမ်းစောင့်ရှောက်ရန် အရေးပေါ်လိုအပ်နေသည့် နံရံဆေးရေးပန်းချီးများ

လှပသော နံရံဆေးရေးပန်းချီများ

ကောဇာသက္ကရာဇ် ၃၇၉ခုတွင် ပေါက္ကံပြည်ကို အနော်ရထာမင်းစော ထီးနန်းစိုးစံသည်။ အနော်ရထာမင်းစောနှင့် ထီးပြိုင်နန်းပြိုင်မင်းများမှာ သထုံပြည့်ရှင် မနူဟာမင်း၊ ဟလင်္ကပူရပြည်မှ ဗန္ဓဝမင်းတို့ ဖြစ်ကြသည်။ ထိုစဉ်က သထုံပြည်မှလွဲပြီး ကျန်ဒေသများတွင် အရည်ကြီးသာသနာ ကြီးစိုးနေချိန်ဖြစ်သည်။ အနော်ရထာမင်းသည် ရှင်အရဟံ၏ ကျေးဇူးဖြင့် ပေါက္ကံပြည်ကြီးအား ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သူဖြစ်သည်။ ရွှေစည်းခုံထီးတော်တင်ပွဲကို ကြွရောက်ရန်အတွက် အနော်ရထာမင်းသည် မိတ်ဆွေဖြစ်သူ မဟာဗန္ဓဝမင်းထံ သံတမန်များဖြင့် ဖိတ်ခေါ်သည်။ ရွှေစည်းခုံထီးတော်တင်ပွဲမှ အပြန်တွင် မဟာဗန္ဓဝမင်းသည် ပုဂံပြည်၏ ဗုဒ္ဓသာသနာထွန်းကားပုံကို အားကျကာ မိမိတိုင်းပြည်သို့ ပြန်ရောက်ချိန်တွင် စေတီပုထိုး၊ ဘုရားများ တည်ရန် သင့်လျော်သည့်နေရာ ရှာဖွေရန် ပညာဗလအမတ်အား တာဝန်ပေးအပ်သည်။ ပုဂံမှတ်တမ်းတွင် အနော်ရထာမင်းသည် ရွှေစည်းခုံစေတီကို ထီးတော် မတင်နိုင်ခင် နတ်ရွာစံသည်ဟု ဖော်ပြထားသဖြင့် ဖိုလ်ဝင်တောင် မှတ်တမ်းနှင့် ကွဲလွဲနေသည်ကို သတိပြုမိသည်။

လှပသော နံရံဆေးရေးပန်းချီများ

ပညာဗလအမတ်သည် သလ္လာဝတီမြစ်ကို ဆန်တက်ပြီး အနီးရှိ လက်ပန်တောင်းတောင်အစရှိသော တောင်၃၃လုံးတို့အတိုင်း စူးစမ်းရှာဖွေရာ ပိန်ကောမလှေမှောက်ထားသကဲ့သို့ ရှိသော တောင်တစ်လုံးကို တွေ့ရှိလေသည်။ ပညာဗလအမတ်သည် ထိုတောင်အား နှစ်သက်ခြင်းဖြစ်ကာ မဟာဗန္ဓဝမင်းထံ အကြောင်းပြန်သည်။

မင်းကြီးသည် တိုင်းပြည်အတွင်းရှိ ကျောက်ဆစ်ပညာရှင်၊ ဗိသုကာပညာရှင် နှင့် ပန်းချီပညာရှင်များအား ဆင့်ခေါ်ပြီး အိမ်ရှေ့မင်း၊ မိဖုရား၊ မောင်းမ၊ မှူးမတ်၊ ဗိုလ်ပါမကျန် ခေါ်ဆောင်ကာ ပညာဗလအမတ် ရှာဖွေတွေ့ရှိသောတောင်တွင် စေတီပုထိုး၊ ဂူဘုရားများကို တည်စေသည်။ မင်းနေပြည်တော်အား မယ်တော်အား ယာယီ အုပ်ချုပ်စေသည်။

ဇိနမာန်အောင်ရွှေသာလျှောင်းဘုရားကြီး

တစ်ညသောအခါ ဗန္ဓဝမင်းသည် ဘုရားတည်နေသောတောင်ပေါ်တွင် မြတ်စွာဘုရား ဖလသမာပတ်ဝင်စားသည်ဟု အိမ်မက်မြင်လေသည်။

ဖိုလ်ဝင်တောင်ထိပ်

တောင်အား အမည်နာမပေးရန် တိုင်ပင်ရာ မှူးမတ် ဗိုလ်စုံ ဝိုင်းဝန်းခစားကြသဖြင့် ဗိုလ်ဝိုင်းတောင်၊ ညဉ့်အခါ ပိုးစုန်းကြူးများ ဝင်းဝင်းပပ ထွက်ပေါ်လာတတ်သဖြင့် ပိုးဝင်းတောင်၊ ဥစ္စာစောင့်မောင်ဖိုးဝိုင်း နှင့် မသင်းကြိုင်တို့ စောင့်ရှောက်သောကြောင့် ဖိုးဝိုင်းတောင် ဟု ခေါ်ဆိုသင့်ကြောင့် အမျိုးမျိုးလျှောက်တင်ကြသည်။ မင်းကြီးသည် ထိုအမည်နာမများကို မနှစ်သက်ဘဲရှိလေသည်။ ပညာဗလအမတ်မှ ဤတောင်တွင် မြတ်စွာဘုရား ဖလသမာပတ် ဝင်စားသည်ဟု မင်းကြီး အိမ်မက်မက်သည်ကို အကြောင်းပြုပြီး ဖိုလ်ဝင်တောင်ဟု ခေါ်သင့်ကြောင်း လျှောက်လေသည်။ မင်းကြီးလည်း နှစ်သက်တော်မူပြီး ဖိုလ်ဝင်တောင် ဟုတွင်စေသည်။ ရမ္မဝတီ၊ ဗန္ဓဝ၊ ပညဝဍ္ဎုန သုံးမည်ရ ဗန္ဓဝမင်းသည် သက္ကရာဇ် ၄၁၂ခုတွင် ဘုရားအနေကဇာတင်ခြင်း အခမ်းအနား အလှူတော်ကို ပြုလုပ်တော်မူသည်။ ဤကားအကျဉ်းမျှသာဖြစ်သည်။ ဖိုလ်ဝင်တောင်နှင့် အလွန်နီးကပ်စွာရှိသော ရွှေဘတောင်သည်လည်း သွားရောက်လေ့လာရန် သင့်လျော်လှသည်။ သို့သော် အချိန်မရသဖြင့် ရွှေဘတောင်သို့ မတက်ဖြစ်ခဲ့တော့ပေ။

ကျောက်ထွင်းပန်းပုလက်ရာ

ဖိုလ်ဝင်တောင်ရှိ မျောက်ကလေး

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top