ပထမဆုံး ကျည်ဆန်ရထား စီမံကိန်းကို စတင်ခဲ့တဲ့ အိန္ဒိယနိုင်ငံ

97797494_mediaitem97796649.jpg

အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ဂျပန်ဝန်ကြီးချုပ် အာဘေးတို့ကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့က ဂျပန်နိုင်ငံ ကိုဘေးမြို့ရှိ ကျည်ဆန်ရထား တစ်စီးရှေ့တွင်မြင်တွေ့ရပုံ

ဂျပန်နိုင်ငံမှ ချေးငွေ ဒေါ်လာ ၁၇ ဘီလီယံဖြင့် အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်ရှိ အာမာဒဘတ်မြို့မှ (Ahmedabad) မွမ်ဘိုင်းမြို့သို့ ပြေးဆွဲမယ့် အိန္ဒိယ ပထမဆုံး မီးရထားစီမံကိန်း ကို အိန္ဒိယဝန်ကြီးချုပ်မိုဒီက စတင်ခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေးရဲ့ အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီရဲ့ ဇာတိ ဖြစ်တဲ့ ဂူဂျာရတ် ပြည်နယ်မှာ မြန်နှုန်းမြင့် ကျည်ဆန်ရထား ပြေးဆွဲနိုင်ဖို့  ကူညီမှုတစ်ခုလည်း ဖြစ်ပါတယ်။

ကျည်ဆန်ရထားစီမံကိန်းဟာ ၅ နှစ်ကြာမြင့်မှာဖြစ်ပြီး ၂၀၂၂ နှစ်မှာ ပြီးဆုံးမှာ ဖြစ်ကာ ကျည်ဆန်ရထားစီမံကိန်း ပြီးသွားရင်တော့ လက်ရှိမှာ ၈ နာရီကြာ သွားနေရတဲ့ခရီးကို ၃ နာရီအတွင်း သွားနိုင်တော့မှာဖြစ်ပါတယ်။

ဂျပန်နိုင်ငံရဲ့ မဟာမိတ်နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံကို ရှင်ဇိုအာဘေးဟာ ၂ ရက်ကြာ ခရီးစဉ်အဖြစ် အလည်အပတ်ရောက်ရှိနေပြီး “ကျွန်တော်ရဲ့  သူငယ်ချင်းကောင်း နာရန်ဒရာ မိုဒီက ရေရှည်ကို မျှော်ကြည့်တတ်တဲ့ ခေါင်းဆောင်မျိုးပါ။ သူဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက  အိန္ဒိယနိုင်ငံ လမ်းပန်းဆက်သွယ်ရေးမှာ ကျည်ဆန်ရထားတွေ တပ်ဆင်ပြီး အိန္ဒိယနိုင်ငံကို ပြောင်းလဲဖို့ ရည်ရွယ်ခဲ့တာပါ ”လို့  ကြာသာပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ခုံပေါင်း ၇၅၀ ခန့်ပါဝင်မယ့် ကျည်ဆန်ရထားဟာ ၂၀၂၂ ခုနှစ် ဩဂတ်လမှာ စတင်ပြေးဆွဲသွားမှာ ဖြစ်ပါတယ်။ အိန္ဒိယ မီးရထားပို့ဆောင်ရေးဟာ တစ်နေ့ကို ခရီးသည် ၂၂ သန်းခန့် သယ်ယူပို့ဆောင်ပေးနေပြီး စက်ပစ္စည်းအများစုဟာ သက်တမ်းလွန်နေပြီ ဖြစ်တဲ့အတွက် မတော်တဆမှုတွေလည်း ခဏခဏ ဖြစ်ပွားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံ မြောက်ပိုင်း အူတာ ပရာဒတ်ရှိ ပြည်နယ် (Uttar Pradesh) မှာ ခရီးသည်ပေါင်း ၂၃ ယောက်သေဆုံးခဲ့တဲ့ မီးရထား မတော်တဆမှု အပြီးမှာ မစ္စတာ မိုဒီဟာ မီးရထားဝန်ကြီးကို ထုတ်ပယ်ခဲ့ပါတယ်။

ယခုစတင်ခဲ့တဲ့ စီမံကိန်းကြောင့် အိန္ဒိယနိုင်ငံသားများရဲ့ သွားလာရေးဟာ ပိုမိုလွယ်ကူသွားမှာ ဖြစ်ပြီး မြို့ကြီးများမှာ ယာဉ်ကြောပိတ်ဆို့မှုများကိုပါ လျှော့ချနိုင်မှာဖြစ်ကာ မီးရထားလမ်းတစ်လျှောက် ဒေသများရဲ့ အခြေခံအဆောက်အအုံများလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ မစ္စတာ မိုဒီကတော့ မီးရထားသယ်ယူပို့ဆောင်ရေး အကြီးအကျယ်ပြောင်းလဲစေရမယ်လို့ ကတိပေးခဲ့ပြီး  ကျည်ဆန်ရထားစီမံကိန်းဟာ ၂၀၁၄ ရွေးကောက်ပွဲတုန်းက သူပေးခဲ့တဲ့ ကတိတစ်ခုလည်း ဖြစ်ပါတယ်။

ကျည်ဆန်ရထားဟာ တစ်နာရီ ၃၅၀ ကီလိုမီတာ (၂၁၇ မိုင်) သွားနိုင်မှာဖြစ်ပြီး ဒီအမြန်နှုန်းဟာ လက်ရှိ အိန္ဒိယနိုင်ငံမှာ အမြန်ဆုံးဆိုတဲ့ ရထားတွေသွားနှုန်းရဲ့  ၂ ဆ ရှိပါတယ်။ ဂျပန်နိုင်ငံဟာ မီးရထားဆက်သွယ်ရေး စနစ်မှာ ရှေ့ဆောင်တီထွင်သူ တစ်ယောက်ဖြစ်ပြီး ဂျပန်နိုင်ငံရဲ့ ရထားတစ်ချို့ဟာ ကမ္ဘာအမြန်ဆုံးရထားများစာရင်းမှာ ရပ်တည်နိုင်တဲ့ ရထားတွေ ဖြစ်ပါတယ်။

ရှင်ဇိုအာဘေးရဲ့ အိန္ဒိယခရီးစဉ်အတွင်းမှာ ဂျပန်စက်မှုဇုံတစ်ခု ဖွင့်လှစ်ဖို့ စီမံကိန်းအပါအဝင် စာချုပ်တော်တော်များများကို လက်မှတ်ထိုးသွားကြမယ် လို့သိရပါတယ်။ ဂျပန်နဲ့ အိန္ဒိယ နှစ်နိုင်ငံဟာ ရင်းနှီးတဲ့မဟာမိတ်နိုင်ငံတွေဖြစ်ပြီး မိုဒီကလည်း ဝန်ကြီးချုပ်ဖြစ်တဲ့အချိန်မှ စပြီး အရှေ့တောင်အာရှ အပြင်ဘက်ရှိနိုင်ငံတွေထဲမှာ ဂျပန်နိုင်ငံကို အရင်ဆုံးသွားခဲ့တာလည်းဖြစ်ပါတယ်။  အိန္ဒိယရော ဂျပန်နိုင်ငံပါ တရုတ်နိုင်ငံနဲ့ နယ်နမိတ်ပိုင်ဆိုင်မှု အငြင်းပွားနေရတဲ့နိုင်ငံတွေဖြစ်ပြီး ဒီနှစ်နိုင်ငံရဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်မှုဟာ ဒေသတွင်းမှာ ဩဇာကြီးထွားလာတဲ့ တရုတ်နိုင်ငံကို တုံ့ပြန်မှုတစ်ခုလို့လည်း နိုင်ငံရေးကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

Ref : BBC News : India launches first bullet train project

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top