ပိုမိုရှည်လျားလာနေတဲ့ ကမ္ဘာမြေရဲ့ နေ့ရက်များ

49087178_1453917701406638_6485726072401821696_n.jpg

တစ်နေ့တစ်နေ့ အချိန်တွေက အကုန်မြန်လွန်းလိုက်တာလို့ တွေးမိဖူးကြမယ်ထင်ပါတယ်။ တကယ်တမ်းက ကမ္ဘာကြီးရဲ့ နေ့ရက်တွေဟာ တဖြည်းဖြည်းနဲ့ ပိုမိုရှည်လျားလာနေတာကြောင့် ဖြစ်ပါတယ်။ ရှည်လျားလာတဲ့ အချိန်ပမာဏက နည်းပါးလွန်းလို့သာ ကျွန်တော်တို့တွေ သတိမပြုမိကြတာပါ။ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်း နေးကွေးလာနေတာကို သိပ္ပံပညာရှင်တွေက သက်သေပြနိုင်ခဲ့ပါပြီ။

ကမ္ဘာကြီးရဲ့ လည်ပတ်နှုန်း နှေးလာနေတာကို သိပ္ပံပညာရှင်တွေ သိနေခဲ့တာတော့ ကြာပါပြီ။ ယခင်က ဖြစ်ပွားခဲ့ဖူးတဲ့ နေကြတ်ခြင်း၊ လကြတ်ခြင်းတွေကို လေ့လာခြင်းအားဖြင့် ကမ္ဘာရဲ့ လည်ပတ်နှုန်းကို သတိပြုမိနိုင်ပါတယ်။ အမှန်ကတော့ ကမ္ဘာရဲ့ လည်ပတ်နှုန်းဟာ နှေးသွားလိုက်၊ မြန်လာလိုက်ဖြစ်နေပြီး မူမမှန်တော့တာ ရာစုနှစ် တစ်ခုစာလောက် ရှိနေပါပြီ။ ဒါဟာကျွန်တော်တို့ ကမ္ဘာရဲ့ အတွင်းဘက် အကျဆုံးနေရာက ချော်ရည်ပူ ဝင်ရိုးတွေကြောင့်လို့ ထင်ရဖွယ်ရှိပါတယ်။ ဒါပေမဲ့လည်း အဓိကအကျဆုံး လက်သည်က ကမ္ဘာရဲ့ ဒီရေ အတက်အကျကို ဖြစ်စေနိုင်တဲ့ လ (The Moon) ဖြစ်ပါတယ်။

ဝင်စကွန်ဆင် မာဒီဆွန် (Wisconsin Madison) တက္ကသိုလ်က လေ့လာသူတွေဟာ ကမ္ဘာရဲ့ လည်ပတ်နှုန်းကို လေ့လာဖို့ ကိန်းဂဏန်း အချက်အလက်တွေ၊ ဘူမိဗေဒဆိုင်ရာ အညွှန်းကိန်းတွေကို တွက်ချက်ခဲ့ကြပါတယ်။ ဒီနေရာမှာ လတစ်ခုတည်းကပဲ ကမ္ဘာကို ဆွဲငင်နေတာ မဟုတ်တာကို ထည့်ပြီး စဉ်းစားရပါတယ်။ နေစကြဝဠာထဲက အရာရာတိုင်းဟာ အချင်းချင်း သက်ရောက်မှုတွေရှိနေပြီး ဒါတွေက ကမ္ဘာက နေကို လှည့်ပတ်နေတဲ့ လမ်းကြောင်းကိုပါ သွေဖယ်စေမှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒီသွေဖယ်မှုတွေကို မီလန်ကိုဗစ် (Milankovitch) စက်ဝိုင်း လို့ခေါ်ပါတယ်။ ဒီ သွေဖယ်မှုတွေက နေရဲ့ အလင်းရောင် ကမ္ဘာကို ရောက်ရှိမှုကိုပါ အကျိုးသက်ရောက်စေပြီး ကမ္ဘာရဲ့ ရာသီဥတုတွေအထိပါ သက်ရောက်နိုင်ပါတယ်။ ဒီလို ရာသီဥတု သွေဖယ်မှုတွေ ဖြစ်ပြီဆိုရင် ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေလည်း ပြောင်းလဲသွားနိုင်ပါတယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေဟာ ခေတ်အဆက်ဆက်က ဘူမိဗေဒဆိုင်ရာ အချက်အလက်တွေကို လေ့လာခဲ့ပြီး အဲဒီကနေ အဆင့်ဆင့် ဂြိုဟ်တွေကြောင့် ဖြစ်ပေါ်တဲ့ သွေဖယ်မှုတွေကို လေ့လာနိုင်ခဲ့ကြပါတယ်။

ဒါပေမဲ့ သိပ္ပံပညာရှင်တွေ အနည်းငယ် ချွတ်ချော်သွားတဲ့အချက်က အတိတ်က အရာတွေနောက်ကို အပြည့်အဝ မလိုက်နိုင်ခဲ့တာပါပဲ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း များစွာတုန်းက လနဲ့ အခြား ဂြိုဟ်တွေဟာ ကမ္ဘာရဲ့အနီးမှာ ဘယ်လိုသွားလာနေခဲ့တယ်ဆိုတာကို သိနိုင်ခဲ့မယ်ဆိုရင် ဒီသွေဖယ်မှု ဖြစ်ရပ်တွေကို သေချာလေ့လာနိုင်မှာပါ။ ဒါဟာ အင်မတန် ရှုပ်ထွေးလွန်းတဲ့ အရာဖြစ်ပြီး လေ့လာဖို့ အလွန်ခက်ခဲလွန်းပါတယ်။ ကံကောင်းစွာနဲ့ပဲ ကိုလံဘီယာတက္ကသိုလ်ရဲ့ ပါမောက္ခတစ်ဦးဟာ ဒီပြသနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကို ရှာတွေ့ခဲ့ပါတယ်။ ဝင်စကွန်ဆင်တက္ကသိုလ်က ဘူမိသိပ္ပံ ပါမောက္ခ စတီဖင်မေယာ (Stephen Meyers) နဲ့ ကိုလံဘီယာတက္ကသိုလ်ရဲ့ ပါမောက္ခ အယ်လ်ဘာတို မာလင်ဗာနို (Alberto Malinverno) တို့ ပူးပေါင်းပြီး တီထွင်ခဲ့တဲ့ ဒီနည်းလမ်းမှာ အာကာသသိပ္ပံ၊ ဘူမိဗေဒ အညွှန်းကိန်းနဲ့ အချက်အလက်ဆိုင်ရာ နည်းဥပဒေသတို့ကို ပေါင်းစည်းပြီး ထည့်သွင်းခဲ့ကြပါတယ်။

သူတို့ဟာ နှစ်ကာလ သက်တမ်း ၁.၄ ဘီလျံ (၁ ဘီလျံ = သန်း ၁,၀၀၀) ရှိတဲ့ တရုတ်ပြည်မြောက်ပိုင်းက ရှေးဟောင်း ကျောက်လွှာတွေနဲ့ တောင်အတ္တလန်တစ် သမုဒ္ဒရာထဲက နှစ်ကာလ သက်တမ်း ၅၅ သန်းရှိတဲ့ ကျောက်လွှာတွေကို လေ့လာခဲ့ပြီး သူတို့ရဲ့ သီအိုရီနဲ့ ပေါင်းစပ်လိုက်တဲ့အခါ လွန်လေပြီးတဲ့ နှစ်ပေါင်းများစွာက ကမ္ဘာ့ရဲ့ ဝင်ရိုးနားမှာ ဘာတွေဖြစ်ခဲ့တယ်၊ ပတ်လမ်းကြောင်းမှာ ဘယ်လိုတွေ ဖြစ်ခဲ့တယ်ဆိုတာကို အနီးစပ်ဆုံး ပြောနိုင်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၁၄၀၀ လောက်က ကမ္ဘာပေါ်က တစ်နေ့တာဟာ ၁၈ နာရီကျော်ကျော်ပဲရှိပြီး လဟာ ကျွန်တော်တို့ကမ္ဘာနဲ့ ကီလိုမီတာ ၄၃,၅၀၀ ပိုပြီးနီးကပ်နေခဲ့တယ်လို့ ဆိုပါတယ်။ (ယခုအချိန်မှာ လဟာ ကမ္ဘာကနေ ၃၈၄,၄၀၀ ကီလိုမီတာအကွာမှာ ရှိနေပါတယ်)

Ref: Curiosity ”Days on Earth are getting longer,here’s why”

Zuluu (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top
Englishဗမာစာ