အပူလှိုင်းဖြတ်ချိန်မှာ မလိုအပ်တဲ့ လျှပ်စစ်မီးတွေကို ပိတ်ထားဖို့ ဂျပန်အစိုးရ တိုက်တွန်း

27-6-2022-yyl10.jpg

အပူလှိုင်းဖြတ်ချိန်မှာ လျှပ်စစ်သုံးစွဲမှု မြင့်တက်လာမယ့်အတွက် တိုကျိုမြို့နဲ့ အနီးတစ်ဝိုက်မှာ နေထိုင်သူတွေအနေနဲ့ မလိုအပ်တဲ့ လျှပ်စစ်သုံးစွဲမှုတွေကို လျှော့ချဖို့ ဂျပန်အစိုးရက တိုက်တွန်းထားပါတယ်။

ဇွန်လ ၂၇ ရက် ဒေသစံတော်ချိန် မွန်းလွဲပိုင်းမှာ အပူလှိုင်းကြုံရမှာဖြစ်လို့ စွမ်းအင်သုံးစွဲလိုမှု အလွန်များပြားလိမ့်မယ်လို့ ဂျပန်နိုင်ငံ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ အဲဒီအတွက် မွန်းလွဲ ၃ နာရီကစပြီး ၃ နာရီကြာအချိန်အတွင်း အပူလှိုင်းကို ရှောင်လွှဲဖို့ လေအေးပေးစက် ဖွင့်ထားသင့်ပေမဲ့ မလိုအပ်တဲ့ မီးတွေကို ပိတ်ထားသင့်တယ်လို့ ဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

အပူချိန်မြင့်တက်လာလို့ လျှပ်စစ်စွမ်းအင် လိုအပ်ချက် ဖြစ်ပေါ်လာနိုင်တာကို ပြီးခဲ့တဲ့သီတင်းပတ်တွေကတည်းက ဂျပန်အာဏာပိုင်တွေက သတိပေးခဲ့တာပါ။ ပြီးခဲ့တဲ့အားလပ်ရက်မှာ တိုကျိုမြို့လယ် အပူချိန်ဟာ ၃၅ ဒီဂရီဆဲလ်စီးယက်ကျော်အထိ မြင့်တက်ခဲ့ပြီး တိုကျိုမြို့ အနောက်မြောက်ဘက် အိုင်စဲဆာကီမြို့မှာ စံချိန်တင် အပူချိန် ၄၀.၂ ဒီဂရီဆဲလ်စီးယက်အထိ ရှိခဲ့ပါတယ်။ ဒါဟာ ဂျပန်နိုင်ငံမှာ အမြင့်ဆုံး ဇွန်လအပူချိန် ဖြစ်ပါတယ်။

တနင်္လာနေ့ မွန်းလွဲပိုင်းမှာ တိုကျိုမြို့နဲ့ ပတ်ဝန်းကျင် စီရင်စု ၈ ခုအတွက် လျှပ်စစ်စွမ်းအင် ပိုလျှံမှုပမာဏက ၃.၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားလိမ့်မယ်လို့ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနဲ့ စက်မှုလုပ်ငန်းဝန်ကြီးဌာနက ခန့်မှန်းထားပါတယ်။ လျှပ်စစ်စွမ်းအင် တည်ငြိမ်စေဖို့အတွက် ပိုလျှံတဲ့ စွမ်းအင်ပမာဏက အနည်းဆုံး ၃ ရာခိုင်နှုန်း ရှိသင့်တယ်လို့ ဝန်ကြီးဌာနက သတ်မှတ်ထားတာပါ။

ပြီးခဲ့တဲ့မတ်လက ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသမှာ ငလျင်လှုပ်ခတ်ခဲ့ပြီး နျူကလီးယားစွမ်းအင်စက်ရုံတချို့ ပိတ်ခဲ့ရပြီးနောက်ပိုင်း ဂျပန်နိုင်ငံရဲ့ စွမ်းအင်ဖြန့်ဖြူးမှုပိုင်းမှာ အကျပ်အတည်း ကြံခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချနိုင်ဖို့ ဟောင်းနွမ်းနေပြီဖြစ်တဲ့ တွင်းထွက်လောင်စာ စွမ်းအင်စက်ရုံတော်တော်များများကိုလည်း ဂျပန်အာဏာပိုင်တွေက ပိတ်ခဲ့ရပါတယ်။


ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက တိုကျိုမြို့မှာ အပူလှိုင်းဖြတ်မှုကြောင့် ဆေးရုံရောက်ခဲ့သူ ၄၆ ယောက် ရှိတယ်လို့ NHK သတင်းဌာနက ဖော်ပြပါတယ်။

Ref: BBC ” Japan urges 37 million people to switch off lights “

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top