ကမ္ဘောဇဘဏ်က ပြည်တွင်းရှိ အသေးစားလုပ်ငန်းရှင်များအတွက် COVID-19 Credit Assistance Program for SMEs အစီအစဉ်ဖြင့် ပံ့ပိုးကူညီမယ်

KBZ-Bank-COVID-19-Credit-Assistance-Program-for-SMEs_Credit-to-KBZ-Bank.jpg

COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ကမ္ဘောဇဘဏ်က လက်ရှိ SME customers များနှင့် customers အသစ်များကို အရေးပေါ် ငွေကြေးထောက်ပံ့မှုပေးအပ်နိုင်ရန် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့မှာ စတင်မိတ်ဆက်လိုက်တဲ့ အဲဒီအစီအစဉ်မှတစ်ဆင့် SME လုပ်ငန်းရှင်များ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရတဲ့ ကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သက်သာရာရစေရန် အောက်ပါ ငွေကြေးထောက်ပံ့မှု သို့မဟုတ် ချေးငွေ ပုံစံအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

၁။ လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan) နှင့် ကာလသတ်မှတ်ချေးငွေ (Term Loan) များကို (၆) လအထိ သက်တမ်းထပ်တိုးခြင်း

၂။ လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့ပေးခြင်းနှင့်

၃။ လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့၍ အတိုးအရင်းပေါင်း အချိုးကျ ပြန်လည်ပေးဆပ်စေခြင်း

အထက်ပါ ငွေကြေးထောက်ပံ့မှုပုံစံ အမျိုးမျိုးကို ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနတွင် ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ သို့မဟုတ် JICA SME နှစ်ဆင့်ချေးငွေ ရယူထားသူများ လျှောက်ထားနိုင်ပါတယ်။ COVID-19 Credit Assistance Program for SMEs အစီအစဉ်မှတစ်ဆင့် ပေးဆပ်ရမည့်ချေးငွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ထားနိုင်သောကြောင့် SMEs လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စွာ ငွေကြေးလည်ပတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီလုပ်ငန်းများအနေဖြင့် မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေးကိုသာ ဦးစားပေး လုပ်ကိုင်ကာ ငွေကြေးလည်ပတ်မှုများ ပြန်လည် အဆင်ပြေကောင်းမွန်လာစေပြီး နိုင်ငံတော်ရဲ့ ကဏ္ဍပေါင်းစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်လက် ပါဝင်ပံ့ပိုးပေးနိုင်မှာဖြစ်ပါတယ်။

COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မြန်မာနိုင်ငံ အစိုးရအဖွဲ့ရဲ့ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဖန်တီးပုံဖော်ခဲ့ခြင်း ဖြစ်ပါတယ်။ CERP တွင် ဖော်ပြထားတဲ့ ပန်းတိုင်အမှတ် ၂.၁.၆ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ကာလရှည်ကြာ အရင်းနှင့် အတိုး ပုံမှန်ပေးဆပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ (MSMEs) ချေးယူထားသော ချေးငွေများကို restructure နှင့် reschedule ပြုလုပ်ခွင့်ပေးပြီး ချေးငွေပေးဆပ်ရမည့်ကာလ၊ အတိုးနှုန်းတို့ကို ဘဏ်များမှ သတ်မှတ်နိုင်ရန် ခွင့်ပြုပေးခဲ့ပါတယ်။

မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်း (၉၀) ရာခိုင်နှုန်းကျော်ကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်နှင့်အမျှ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့်လည်း SME လုပ်ငန်းများသည် တိုင်းပြည်အနာဂတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း အသိအမှတ်ပြု လက်ခံထားပွတယ်။ COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများကို အသေအချာ တွက်ချက်မထားနိုင်သေးသော်လည်း SME လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများမှာ ၎င်းတို့ရဲ့ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဝယ်လိုအားကျဆင်းနေသောကြောင့် အခက်အခဲ၊ အကျပ်အတည်းများအတွင်း ရှင်သန်ရပ်တည်နိုင်ရန် ကြိုးစားနေရတယ်လို့ ခန့်မှန်းထားပါတယ်။ SME လုပ်ငန်းများမှာ အကူအညီ အထောက်အပံ့များစွာ ပိုမို လိုအပ်လာခြင်း၊ လုပ်ငန်းအရွယ်အစားအပေါ် မူတည်၍ ဆက်လက် ရပ်တည်နိုင်ခြေ နည်းလာခြင်း စသည့် အကျိုးသက်ရောက်မှုများကို အဓိက တွေ့ကြုံလာရမှာဖြစ်ပါတယ်။

COVID-19 Credit Assistance Program for SMEs အစီအစဉ်တွင် လျောက်ထားလိုသော SME လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိ customer များဖြစ်ပါက KBZ SME ချေးငွေဝန်ဆောင်မှုများ အနည်းဆုံး (၂) နှစ်ရယူထားပြီးသူများ၊ ကမ္ဘောဇဘဏ်ကို အဓိက အသုံးပြုနေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မပျက်မကွက် ငွေပြန်လည်ပေးသွင်းခဲ့သည့် customer များ ဖြစ်ရပါမည်။ customer အသစ်များအတွက် ကမ္ဘောဇဘဏ်မှ လျှောက်ထားသူရဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းပုံစံကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေသော ဝန်ဆောင်မှုနှင့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် SME လုပ်ငန်းများကို အထူး ဦးစားပေး ခွင့်ပြုသွားမည် ဖြစ်ပါတယ်။ လျောက်ထားသူ အားလုံးမှာ လိုအပ်သည့် ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းများနှင့် အရေးပေါ် စီးပွားရေးကုစားမှု အစီအစဉ်တစ်ခုကို တင်ပြရန် လိုအပ်ပါတယ်။

အခုအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း၊ ဆွေးနွေးလိုပါက (သို့မဟုတ်) လျှောက်ထားလိုပါက SME လုပ်ငန်းများအနေဖြင့် နီးစပ်ရာဘဏ်ခွဲများနှင့် ကမ္ဘောဇဘဏ်ရဲ့SME Banking ဌာနရှိ သက်ဆိုင်ရာ Relationship Manager များကို တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း၊ ကမ္ဘောဇဘဏ်ရဲ့ SME Banking စီးပွားရေးဘဏ်လုပ်ငန်းဌာနသို့ ဖုန်းနံပါတ် – ၀၁ ၃၇၃၇၈၅၊ ၀၁ ၃၇၂၉၇၉၊ ၀၁ ၃၇၂၉၇၇၊ ၀၁ ၃၇၇၇၁၆ (သို့မဟုတ်) [email protected] အီးမေးလ်လိပ်စာမှတစ်ဆင့် ဆက်သွယ်နိုင်တယ်လို့လည်း သိရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top