မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင် ဂုဏ်ပြုစကားဆို

15-12-2020-yyl23.jpg

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင် မဲပေးမှုရလဒ်အရ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မဲကိုယ်စားလှယ်တွေက (၃၀၆ မဲ – ၂၃၂ မဲနဲ့) ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ အနိုင်ရသူအဖြစ် တရားဝင် အတည်ပြုခဲ့တာပါ။

ကမ္ဘာ့ခေါင်းဆောင်အများစုက နိုဝင်ဘာလ ၃ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာမှာ ဂျိုးဘိုင်ဒင်ကို ဂုဏ်ပြုစကားဆိုခဲ့ပေမဲ့ ပူတင်ကတော့ ၁ လခွဲလောက် အချိန်ယူပြီးမှ ဂုဏ်ပြုစကားဆိုခဲ့တာပါ။ ( ပူတင်ဟာ ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာတော့ ရွေးကောက်ပွဲအပြီး တစ်ရက်အကြာမှာပဲ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဂုဏ်ပြုစကားဆိုခဲ့ပါတယ်)

ခရင်မလင်နန်းတော်ရဲ့ ထုတ်ပြန်ချက်အရ ပူတင်က ဂျိုးဘိုင်ဒင်ကို အောင်မြင်မှုရရှိဖို့ ဆုတောင်းပေးခဲ့ပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ အဆက်အသွယ်လုပ်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။ ” ကမ္ဘာ့လုံခြုံရေး၊ တည်ငြိမ်ရေးအတွက် အထူးတာဝန်ရှိတဲ့ ရုရှားနဲ့ အမေရိကန်နိုင်ငံကြားမှာ မတူကွဲပြားမှုတွေ ရှိပေမဲ့ ကမ္ဘာကြီး ရင်ဆိုင်နေတဲ့ ပြဿနာတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်အောင် ကူညီနိုင်မယ်လို့ ပူတင်က ယုံကြည်ကြောင်း” ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သမ္မတအဖြစ် အိုဘားမား တာဝန်ယူခဲ့စဉ်က ဒုတိယ သမ္မတအဖြစ် ဆောင်ရွက်ခဲ့တဲ့ ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ပူတင်ကြားမှာ ဆက်ဆံရေးအေးခဲခဲ့သလို ဂျိုးဘိုင်ဒင်က ပူတင်ကို တစ်ဦးတည်းအာဏာရှင်လို့ သဘောထားတဲ့အတွက် ရုရှားနိုင်ငံကို ဒေါ်နယ်ထရမ့်လက်ထက်ကထက် ပိုပြီးတင်းတင်းမာမာ တုံ့ပြန်မယ်လို့ နိုင်ငံရေးသုတေသီတွေက သုံးသပ်ထားပါတယ်။

Ref: BBC ” US election: Putin congratulates Biden after electoral college win “
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top