ရုံတင်ရုပ်ရှင်အညွှန်း : ဥပါယ်တံမျဉ် (Deception)

movie.png

“ဥပါယ်တံမျဉ်” ဆိုတဲ့ ရုပ်ရှင်အကြောင်းကို မပြောခင်မှာ မြန်မာ့ရုပ်ရှင်တွေ ဘာဖြစ်လို့ အဆင့်အတန်း နိမ့်ကျလာရသလဲ ဆိုတာ ပြန်တွေးကြည့်ရအောင်။

အဖြေက ရှင်းပါတယ်။ လုံလောက်သော အားထုတ်မှု မရှိလို့ပါ။ မြန်မာနိုင်ငံက အနုပညာရှင်တော်တော်များများက သူတို့ဘဝတွေ၊ အချိန်တွေကို ပရိသတ်တွေအတွက် ပြန်ပေးဆပ်နေပါတယ်လို့ သိပ်ကို ပြောလေ့ရှိပါတယ်။ တကယ်လိုအပ်နေတာက ပေးဆပ်မှုမဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားကို အဆင့်အတန်းရှိရှိ ထွက်လာအောင် ကြိုးစားပေးတဲ့ လုံလောက်တဲ့ အားထုတ်မှုပါ။ ကဲ.. ဥပါယ်တံမျဉ် ရုပ်ရှင်ဇာတ်ကားအကြောင်းကို ဆက်သွားလိုက်ရအောင်။

မင်းထက် နဲ့ ဇင်မာဆိုတဲ့ ချစ်ခင်စ ကြင်နာခါစ ဇနီးမောင်နှံနှစ်ဦး ရှိပါတယ်။ ဇင်မာက နှလုံးရောဂါရှိပြီး ချူချာတယ်။ မင်းထက်က ပန်းချီပြခန်း တစ်ခု ဖွင့်ထားပြီး ရှေးဟောင်းပစ္စည်း အရောင်းအဝယ်လုပ်တယ်။ ပုံမှန်အတိုင်း ဖြတ်သန်းနေတဲ့ မိသားစုဘဝလေး။ တစ်နေ့တော့ သူတို့ရဲ့ ဘေးခြံကို စုံတွဲ တစ်တွဲပြောင်းလာခဲ့တယ်။ ကောင်မလေးက ချစ်စရာ ထိုင်းမလေး။ အဲ့ဒီ ထိုင်းမလေးနဲ့ သူ့ရဲ့ ချစ်သူကြား မပြေလည်တဲ့ ဆက်ဆံရေးတွေကို မင်းထက်က  မြင်တွေ့လိုက်ရပြီး ထိုင်းမလေးကို ဂရုဏာသက်မိသွားတဲ့အခါ…။

ပုံမှန်အတိုင်းကြည့်မယ်ဆိုရင်တော့ ဇာတ်လမ်းက ရိုးရှင်းတဲ့ ဇာတ်ကြောင်းလေးပါပဲ။ Trailer ထဲမှာ မြင်တွေ့ခဲ့ရတာနဲ့ဆိုရင်တော့ ပုံမှန် ဖောက်လွဲဖောက်ပြန် အိမ်ထောင်ရေးကားတစ်ကားလို့ မြင်မိပါလိမ့်မယ်။ မဟုတ်ပါဘူး။ အဲ့ဒီထက်ပိုပါတယ်။ ပိုစတာပုံကို ကြည့်တာနဲ့ ဘယ်ဇာတ်လမ်းဇာတ်ကွက်ကို မဆို ခန့်မှန်းလို့ ရနေတဲ့ တခြားမြန်မာပေါကားတွေကို ခဏမေ့ထားလိုက်ပါ။ ဇာတ်အလှည့်အပြောင်း လေးတွေက အစ၊ သဘာဝကျတဲ့ စကားပြောဆိုပုံ ဒိုင်ယာလော့လေးတွေအပြင်၊ ရုပ်ထွက်ကာလာ၊ နောက်ခံ တေးဂီတအထိ သေချာ ကြိုးစားအားထုတ်ထားမှန်း သိသာတဲ့ ရုပ်ရှင်တစ်ကားလို့ ဆိုရပါမယ်။

ဇာတ်လမ်းအကြောင်းကို မိတ်ဆက်ပြီးပြီဆိုတော့ ပါဝင်တဲ့ သရုပ်ဆောင်တွေဖက်ကို မိတ်ဆက်ပေးချင်ပါတယ်။ အဓိက သရုပ်ဆောင်တွေက မင်းထက် အဖြစ် ဇာဏ်ခီ၊ ဇင်မာ အဖြစ် သက်မွန်မြင့်၊ သိန်းစိုး အဖြစ် အောင်မြင့်မြတ် တို့ပါဝင်ထားပါတယ်။

ဒီဇာတ်ကားမှာ သမ္ဘာရင့်ပြည်တွင်းသရုပ်ဆောင်ဆိုလို့ သက်မွန်မြင့်နဲ့ မင်းဦး တို့ပဲ ပါဝင်ပြီး မင်းဦး ကတော့ အရေးပါတဲ့ ဇာတ်ပို့တစ်နေရာပါ။ ဇဏ်ခီ ဟာ အဓိက မင်းသားဇာတ်ကောင်နေရာသာ မကပဲ ဇာတ်ညွှန်းနဲ့ နောက်ခံတေးဂီတ တို့ကိုပါ တာဝန်ယူခဲ့ပါတယ်။ ဒါရိုက်တာကတော့ ခရစ်(စ)တီးနားခီ ဖြစ်ပြီး Central Base ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တာ ဖြစ်ပါတယ်။

‘ဥပါယ်တံမျဉ်’ ဟာ နာမည်နဲ့လိုက်အောင် ပရိသတ်တွေ မထင်လောက်တဲ့ လှည့်ဖျားမှုတွေနဲ့ တည်ဆောက်ထားတယ်။ ဇာတ်လမ်း၊ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်အမူအရာတွေ၊ ဒိုင်ယာလော့ဂ်တွေကို ကြိုးကြိုးစားစား ဖန်တီးထားပြီး ပုံမှန်မြန်မာကားတွေမှာ တွေ့ရလေ့ရှိတဲ့ မလိုအပ်ပဲ ဒိုင်ယာလော့ဂ်တွေများနေတတ်တာကို လုံးဝမတွေ့ရပါဘူး။

Starium ရုံမှာ ကြည့်ခဲ့ရလို့ပဲလားတော့ မသိပါဘူး။ စကားပြောတဲ့ နေရာတွေမှာ အသံက ဟိန်းထွက်နေပြီး အရုပ်နဲ့ ပြောစကားတွေကို သက်သက်ပြန်ထည့်ထားသလို ဖြစ်နေပါတယ်။ ပုံမှန်ရုံမှာ ကြည့်ရင်တော့ ဒီပြဿနာက ရှိချင်မှရှိပါလိမ့်မယ်။

စကားပြောတွေ ကျစ်လစ်တယ်။ အထူးသဖြင့် ဇဏ်ခီနဲ့ အောင်မြင့်မြတ်တို့ သရုပ်ဆောင်တာ အပိုအလိုမရှိသလောက်ဖြစ်ပြီး သဘာဝကျတယ်။ မထင်ရှားတဲ့ ဇာတ်ပို့အချို့က လွဲရင် အဓိက သရုပ်ဆောင်တွေက နိုင်ငံခြားကားတစ်ကားကို ကြည့်နေရသလိုကို သဘာဝကျစွာ သရုပ်ဆောင်၊ ပြောဆိုတာကို တွေ့ရတဲ့အတွက် ဒါရိုက်တာကို ချီးကျူးရမှာပါ။

လူတန်းစား မညီမျှမှုတွေ၊ ဘဝလုံခြုံမှု ဘဝအာမခံချက် မရှိတဲ့ အခြေခံလူတန်းစားတွေရဲ့ နေထိုင် ဖြတ်သန်းရပုံတွေကိုလည်း ဒီရုပ်ရှင်ထဲမှာ ပြကွက်ကောင်းကောင်းတွေ၊ အိုင်ဒီယာကောင်းကောင်းတွေနဲ့  ပြသွားတာကိုမြင်ရမှာပါ။ ခြုံပြီး ပြောရရင်တော့ “ဥပါယ်တံမျဉ်” ရုပ်ရှင်ဟာ ရုပ်ရှင်ကြည့်ဖို့ ပေးရတဲ့ အချိန်နဲ့ ညီမျှတဲ့ ခံစားမှု တစ်ခုခုကို ပေးန်ိုင်တာကတော့ သေချာပါတယ်။ ရုံတင်ရက် တစ်ပတ်ပဲ ရထားတာဖြစ်တဲ့အတွက် အချိန်မှီသွားရောက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။

Rating: 7/10

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top