ဇာတ်ကားအသစ်ရိုက်ကူးရင်းနဲ့ ထိတ်လန့်စရာအဖြစ်အပျက်ကြုံခဲ့ရတဲ့ ဂျက်ကီချန်း

yyl-001-14.jpg

မင်းသားကြီး ဂျက်ကီချန်းဟာ သူ့ရဲ့အက်ရှင်ဇာတ်ကားတွေမှာ လူစားမထိုးဘဲ အက်ရှင်ခန်းတွေကို သူကိုယ်တိုင် အပီအပြင်သရုပ်ဆောင်တဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်လည်း နိုင်ငံတကာမှာ အောင်မြင်ကျော်ကြားနေရတာလို့ပြောရင် ဘယ်သူမှ ငြင်းကြမယ်မထင်ပါဘူး။ သူက အသက်အရွယ်ကြီးလာပေမဲ့လည်း အခုထိ အက်ရှင်ဇာတ်ကားတွေရိုက်ကူးနိုင်နေဆဲပါပဲ။ အခုလည်း ရုပ်ရှင်ဇာတ်ကားအသစ် “Vanguard” မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။ အဲဒီဇာတ်ကားမှ ဇာတ်ဝင်ခန်းတစ်ခန်းကို ရိုက်ကူးနေစဉ်မှာ ဂျက်ကီချန်းဟာ ထိတ်လန့်စရာအဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရပြီး ဒါရိုက်တာတောင် မျက်ရည်ကျခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီအဖြစ်အပျက်ကတော့ ဇာတ်ကားရိုက်ကူးနေရင်း ဂျက်ကီချန်း ရေနစ်တော့မလိုဖြစ်ခဲ့တာပါပဲ။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး ဂျက်ကီချန်းက Beijing Press Conference မှာ ရုပ်ရှင်ကားကို မိတ်ဆက်ရင်း ထုတ်ပြောပြခဲ့တာဖြစ်ပါတယ်။

ဂျက်ကီချန်းက Jet Ski စီးတဲ့အခန်းအတွက် ပင်လယ်မှာ ရိုက်ကူးရင်း Jet Ski ဟာကျောက်တုံးနဲ့ ညပ်မိပြီး ဂျက်ကီချန်းကိုယ်တိုင် ရုန်းထွက်မရဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် သူဟာ ရေနစ်မလိုဖြစ်ခဲ့ပြီး ကိုယ့်ကိုယ်ကို ထိတ်လန့်မသွားဖို့ ထိန်းထားခဲ့ရပါတယ်။ နောက်ဆုံးမှာတော့ သူ့ကို ရိုက်ကူးရေးအဖွဲ့သားတွေ ကယ်ဆယ်ခဲ့တယ်လို့ တရုတ်သတင်းဌာနအရ သိရပါတယ်။

အဲဒီဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာ စတန့်လေ တုန်ကလည်း ကမ်းစပ်မှာ စောင့်နေရင်း ထိတ်ထိတ်လန့်လန့်ကို ဖြစ်သွားခဲ့ပြီး ဂျက်ကီချန်း ရေထဲက ပေါ်လာတာကို မြင်လိုက်ရော သူ ငိုမိခဲ့ပါတယ်။ “ကျွန်တော့မျက်ရည်တွေကို ထိန်းမထားနိုင်ခဲ့ဘူး”လို့ ဆိုပါတယ်။

ဂျက်ကီချန်းက သူ့အကယ်ခံလိုက်ရတဲ့အချိန်မှာ ဝမ်းသာခဲ့ပြီး ဒါရိုက်တာနဲ့ အခြားရုပ်ရှင်အဖွဲ့သားတွေကိုတောင် အားပေးနှစ်သိမ့်ခဲ့ရပါတယ်။ ထိတ်လန့်စရာအဖြစ်အပျက်ဖြစ်တဲ့အတွက် အဲဒီနေ့ညမှာ ဂျက်ကီချန်းက အဲဒီဖြစ်ရပ်ကို ပြန်မြင်ယောင်မိခဲ့ပါတယ်။ “ကျွန်တော် အဲဒီညက ရေချိုးတဲ့အခါမှာ အဲဒီအဖြစ်အပျက်ကို သတိရမိသွားခဲ့ပါတယ်။ ရုတ်တရက် ကြောက်သလိုခံစားခဲ့ရပြီး တုန်ယင်နေခဲ့ပါတယ်။ ကျွန်တော် လွယ်လွယ်နဲ့ သေသွားနိုင်တယ်ဆိုတာကို စဉ်းစားမိနေ ခဲ့ပါတယ်”လို့ ဂျက်ကီချန်းကပြောပါတယ်။

မင်းသားကြီး ဂျက်ကီချန်းဟာ ရိုက်ကူးရေးလုပ်နေတုန်း သေဘေးနဲ့ ကြုံတွေ့ခဲ့ရတာက ဒါဟာပထမဆုံးအကြိမ်မဟုတ်ပါဘူး။ သူက Project A ဇာတ်ကားရိုက်ကူးရင်း ကျောရိုးပြင်းပြင်းထန်ထန်ထိခိုက်ခဲ့သလို “Armour of God II: Operation Condor” ဇာတ်ကားမှာလည်း ပြုတ်ကျပြီး ရင်ညွန့်ရိုးအဆစ်လွဲသွားခဲ့ပါတယ်။ ဒါ့အပြင် “Armour of God I” ရိုက်ကူးစဉ်ကလည်း ပြုတ်ကျရာကနေ ဦးခေါင်းခွံအက်သွားတဲ့အတွက် ဦးခေါင်းခွဲစိပ်ခဲ့ရပါသေးတယ်။

Ref: Jackie Chan almost drowns while filming new movie

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top