သရဲပူးခံရတယ်ဆိုသူတွေကို ကုသပေးနိုင်ဖို့ အိန္ဒိယတက္ကသိုလ်က ဆရာဝန်တွေအတွက် သင်ရိုးသစ် ဖွင့်လှစ်

yyl-005-14.jpg

သရဲတစေ္ဆကို မြင်ရတယ်၊ သရဲပူးခံရတယ်ဆိုသူတွေကို ကုသပေးရမယ့် နည်းလမ်းနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့ နာမည်ကျော် တက္ကသိုလ်တစ်ခုက ဆရာဝန်တွေအတွက် သင်တန်းဆင်းလက်မှတ်ပေးအပ်မယ့် သင်ရိုးတစ်ခု ဖွင့်လှစ်လိုက်ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဗာရာဏသီမြို့မှာရှိတဲ့ ဘာနာရာဟိန္ဒူတက္ကသိုလ် (Banaras Hindu University-BHU)ဟာ လာမယ့်ဇန်နဝါရီလကစပြီး (၆)လကြာမြင့်မယ့် သင်ရိုးကို စတင်သင်ကြားပေးမှာပါ။

သိပ္ပံနယ်လွန်ဖြစ်ရပ်ဆန်းတွေနဲ့ ရောထွေးလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ကစဉ့်ကလျားဖြစ်မှုတွေကို အဓိကအာရုံစိုက်သွားမယ်လို့ BHU တက္ကသိုလ်ရဲ့ အရာရှိတွေက ပြောပါတယ်။ ဒီသင်ရိုးကို အာယုဗေဒဌာနကနေ သင်ကြားပေးမှာဖြစ်ပါတယ်။ အာယုဗေဒဆိုတာ ဆေးပညာနဲ့ ဗိန္ဓောဆိုင်ရာ ရှေးဟောင်းဟိန္ဒူနည်းတစ်ခုပါ။ BHU တက္ကသိုလ်မှာ Bhoot Vidya (Ghost Studies) ဆိုတဲ့ သရဲတစေ ္ဆလေ့လာရေး အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းထားတယ်လို့ BHU အရာရှိတစ်ယောက်က ပြောပါတယ်။ BHU တက္ကသိုလ်ဟာ အိန္ဒိယနိုင်ငံရဲ့ တက္ကသိုလ်တွေထဲမှာ ဆရာဝန်တွေကို သရဲတစေ ္ဆဆိုင်ရာ နာမကျန်းမှုတွေနဲ့ပတ်သက်ပြီး အာယုဗေဒကုထုံးတွေ သင်ကြားပေးတဲ့ ပထမဆုံးတက္ကသိုလ် ဖြစ်ပါတယ်။

အာယုဗေဒကုထုံးတွေထဲမှာ ပုံမှန်အားဖြင့် သစ်ဥ၊ သစ်ဖုတွေကနေရတဲ့ ဆေးဝါး တိုက်ကျွေးတာ၊ နှိပ်နယ်တာ၊ စားသောက်မှုပုံစံ ပြောင်းခိုင်းတာ၊ ဝင်လေ၊ ထွက်လေ မှတ်တာနဲ့ တခြားလေ့ကျင့်ခန်းလုပ်ခိုင်းတာတွေ ပါဝင်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ စိတ်ကျန်းမာရေးနဲ့ အာရုံကြောသိပ္ပံဆိုင်ရာ အမျိုးသားသိပ္ပံဌာနရဲ့ သုတေသနအရ အိန္ဒိယနိုင်ငံသား ၁၄ ရာခိုင်နှုန်းလောက်က စိတ်ကျန်းမာရေးပြဿနာရှိနေတယ်လို့ တွေ့ရပါတယ်။ အိန္ဒိယနိုင်ငံသား ၂၀ ရာခိုင်နှုန်းက သူတို့ဘဝရဲ့ တစ်ချိန်ချိန်မှာ စိတ်ကျဝေဒနာ ခံစားရနိုင်တယ်လို့ ၂၀၁၇ ခုနှစ်မှာ WHO က ခန့်မှန်းခဲ့ပါတယ်။ လူဦးရေ ၁.၃ ဘီလျံရှိတဲ့ အိန္ဒိယနိုင်ငံမှာ စိတ်ကျန်းမာရေးပညာရှင် ၄၀၀၀ အောက်ပဲရှိပြီး စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သတိထားမှု နည်းပါးကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top