အမြင်အာရုံ ချို့တဲ့သူတွေအတွက် ရည်ရွယ်ဖန်တီးလိုက်တဲ့ ဂူးဂဲလ်ရဲ့ Operating System အသစ်

maxresdefault.jpg

နောက်ငါးနှစ်အတွင်း အန်းဒရိုက် (Android) ကို နေရာယူပစ်ဖို့ ဂူးဂဲလ်က အခုထဲက Operating System တစ်မျိုးကို ပြင်ဆင်နေပါပြီ။

Fuchsia လို့ နာမည်ပေးထားပြီး ဒီပရော့ဂျက်ကို လုပ်ဆောင်နေတဲ့ အင်ဂျီနီယာဦးရေ တစ်ရာကျော်တယ်လို့လည်း သိရပါတယ်။

အန်းဒရိုက်နဲ့ မတူတဲ့အချက်ကတော့ သူက စမတ်ဖုန်းတွေလိုမျိုး Touchscreens ပါဝင်တဲ့ပစ္စည်းတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ မဟုတ်ဘဲ အသံထိန်းချုပ်မှုနဲ့ AI ကို အဓိကထား ဖန်တီးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် အမြင်အာရုံ ချို့တဲ့သူတွေအတွက် သိပ်ကို အဆင်ပြေစေမယ့် OS တစ်မျိုး ဖြစ်လာမှာ အမှန်ပါပဲ။

Bloomberg ရဲ့ တင်ပြချက်အရ Fuchsia က အသံနဲ့ ခိုင်းစေနိုင်ဖို့ အဓိကထား ဒီဇိုင်းဆွဲထားတာဖြစ်ပြီး အင်တာနက် ချိတ်ဆက်နိုင်တဲ့ ဘယ်လိုပစ္စည်းမျိုးမှာမဆို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ တီထွင်သူတွေရဲ့ ပြောကြားချက်အရ ဒီစနစ်ကို သုံးနှစ်အတွင်း လက်ပ်တော့တွေမှာပါ ကောင်းကောင်းအသုံးပြုနိုင်တော့မှာပါ။

Fuchsia ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ၎င်းကို တီဗီတွေ၊ ကားတွေနဲ့ ရေခဲသေတ္တာတွေအထိ မျက်နှာပြင် အရွယ်အစား အမျိုးမျိုးမှာ အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။

Fuchsia ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံက အန်းဒရိုက်နဲ့ ကွဲပြားခြားနားပါတယ်။ Fuchsia က microkernel တစ်မျိုးဖြစ်တဲ့ Zircon ပေါ် အခြေခံ တည်ဆောက်ထားတာပါ။

အသားကျနေတဲ့ OS ကနေ အသစ်တစ်မျိုးကို ကူးပြောင်းတဲ့အခါ စစချင်းတော့ အဆင်မပြေတာတွေ ဖြစ်နိုင်ပေမဲ့ ပိုကောင်းတဲ့ နည်းပညာအသစ်ကို သုံးဖို့ဆိုရင်တော့ နည်းနည်းတော့ စိတ်ရှည်ရမှာပါပဲ။ Fuchsia နဲ့ဆို ဆော့ဖ်ဝဲ update တွေလည်း ပိုမြန်မြန်ရနိုင်မယ်လို့ သိရပါသေးတယ်။

ခုချိန်မှာတော့ Fuchsia က စမ်းသပ်နေတဲ့ အဆင့်မှာပဲ ရှိသေးတဲ့အပြင် ဂူးဂဲလ်ကလည်း ဒီနည်းပညာအတွက် အချိန်သိပ်မပေးသေးဘူးလို့ ကြားသိရပါတယ်။ နည်းပညာသစ် ဖြစ်တဲ့အတွက် Fuchsia ကို ဖန်တီးနေတဲ့ အင်ဂျီနီယာတွေ ကိုယ်တိုင်တောင် အလုပ်လုပ်ပုံကို သေချာ မသတ်မှတ်နိုင်သေးပါဘူး။

တရားဝင် မကြော်ငြာသေးတဲ့အတွက်ကြောင့် သိရတဲ့သတင်းကတော့ အတော်လေး နည်းနေပါသေးတယ်။ ဒါပေမဲ့လည်း ခုပြောပြပေးသွားတာတွေကို ကျေနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဘယ်လို OS ပဲဖြစ်ဖြစ် အန်းဒရိုက်ကို အစားထိုးနေရာယူလာမယ့် OS က ဂူးဂဲလ်က ထွက်ရှိလာမယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်နိုင်ဖို့ များပါတယ်။

Ref: NewsRepublic “Google is creating an app that will identify objects for the blind”

Scarlett (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top