ဂိုးပြတ်နိုင်ပွဲတွေနဲ့အတူ ကွာတားဖိုင်နယ် တက်သွားတဲ့ လီဗာပူးနဲ့ ဘာစီလိုနာ

ဘိုင်ယန်မြူးနစ်နဲ့ လီဗာပူးပွဲစဉ်မှာ လီဗာပူးက (၁-၃) ဂိုးနဲ့အနိုင်ယူပြီး နှစ်ကျော့ပေါင်းရလဒ် (၁-၃) ဂိုးနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် တက်ရောက်သွားခဲ့ပါတယ်။ ပွဲချိန် (၂၆) မိနစ်မှာ ဗန်ဒစ်ဖ် ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို မာနေးရသွားပြီး မလိုအပ်ဘဲ ရှေ့တက်လာတဲ့ ဂိုးသမား နျူအာကို လှည့်ထွက်ပြီး အဖွင့်ဂိုး သွင်းယူခဲ့တာပါ။ ဂိုးပေးလိုက်ရပြီးနောက်မှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မြှင့်လာခဲ့ပြီး ပွဲချိန် (၃၉) မိနစ်မှာ ချေပဂိုးရသွားပါတယ်။ ညာတောင်ပံကနေ ဂနာဘရီ ဆွဲဝင်လာပြီး ဧရိယာထဲ ချိုးပေးတဲ့ဘောလုံးကို ဂျိုးမာတစ် ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့တာပါ။

အဝေးဂိုးပေးလိုက်ရလို့ အနိုင်ရဖို့ လိုအပ်တဲ့ ဘိုင်ယန်မြူးနစ်က တိုက်စစ်ဆင် ကစားခဲ့ပေမဲ့ လီဝမ်ဒေါစကီး ခြေစွမ်းမပြနိုင်ခဲ့သလို လီဗာပူးခံစစ်ကြောင်းကလည်း အမှားအယွင်းမရှိ ကစားနိုင်ခဲ့ပါတယ်။ ပွဲချိန် (၆၉) မိနစ်မှာ ဂျိမ်းမီလ်နာရဲ့ ထောင့်ကန်ဘောကနေ ဗန်ဒစ်ခ်က ခေါင်းတိုက်ပြီး ဒုတိယဂိုး သွင်းခဲ့ပါတယ်။ ဗန်ဒစ်ခ်ဟာ ၂၀၀၇ ခုနှစ်က ဘယ်လာမီနောက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာ ဂိုးဖန်တီးပေးနိုင်သလို
ကိုယ်တိုင်ဂိုးသွင်းနိုင်တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါဟာ
လီဗာပူးအတွက် ဗန်ဒစ်ခ်ရဲ့ ပထမဆုံး ချန်ပီယံလိဂ်ဂိုးပါ။

ပွဲချိန် (၈၄) မိနစ်မှာ ဆာလာ အနီးကပ် မ,တင်ပေးလိုက်တဲ့ဘောလုံးကို မာနေးက ခေါင်းတိုက်ပြီး လီဗာပူးအတွက် ပွဲသိမ်းဂိုးသွင်းခဲ့တာပါ။ လီဗာပူးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းတွေဖြစ်တဲ့ မန်ယူ၊ စပါး၊ မန်စီးတီးတို့နဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။

ဘာစီလိုနာနဲ့ လိုင်ယွန်တို့ပွဲစဉ်မှာတော့ ဘာစီလိုနာက မက်ဆီရဲ့ သွင်းဂိုး (၂) ဂိုး၊ ကော်တင်ဟို၊ ဒမ်ဘီလီ၊ ပီကေးတို့ရဲ့ ဂိုးတွေနဲ့အတူ နူးကမ့်ကွင်းမှာ လိုင်ယွန်ကို (၅-၁) ဂိုးနဲ့ အနိုင်ရခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် (၅-၁) ဂိုးနဲ့ နောက်တစ်ဆင့် တက်သွားပါတယ်။ မက်ဆီဟာ ကစားသမားဘဝတစ်လျောက် ပြိုင်ပွဲစုံမှာ ပထမဆုံးအကြိမ်အဖြစ် အခုပွဲစဉ်မှာ (၂) ဂိုးသွင်းပြီး (၂) ဂိုးဖန်တီးမှု လုပ်နိုင်ခဲ့ပါတယ်။

https://www.youtube.com/watch?v=II1W9MSlvsI

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top