စွန့်စားခန်းဝတ္တုလေးတွေဖတ်ရင်း စိတ်ဓာတ်မြှင့်တင်ရအောင်

30713706_520071268387159_7162254494640635904_n.jpg

ရိုးရာလေးပရိသတ်ထဲမှာ စွန့်စားခန်းဖွင့်ဖို့ ဝါသနာပါကြသူများရှိသလား။ ဒါဆိုရင် ကိုယ်နဲ့ အကျင့်တူသွားပြီ။ တကယ်တော့ စွန့်စားခန်းဝတ္တုလေးတွေဟာ လူကို စိတ်ဓာတ်တက်ကြွစေရုံသာမက စိတ်ဓာတ်ကိုပါ ကြံ့ခိုင်စေပါတယ်။

အခက်အခဲတွေကို ဖြေရှင်းတဲ့နေရာမှာ ဖြတ်ထိုးဉာဏ်ရင့်သန်စေပြီး ဘယ်လိုအတားအဆီးကိုမဆို စိတ်ဓာတ်မာမာနဲ့ ဖြတ်ကျော်နိုင်ဖို့ တွန်းအားတွေပေးနိုင်ပါတယ်။ ကဲ ဒီလောက်ဆို စွန့်စားခန်းဝတ္တုတွေဖတ်ဖို့ စိတ်ပါလာကြပြီထင်ပါတယ်။ ဒီတော့ ပိတ်ရက်လေးမှာကွေးရင်း ဖတ်လို့ကောင်းမယ့် စာအုပ်လေးတွေညွှန်းပေးပါရစေ။

Adventures of Tom Sawyer (Mark Twain)

တွမ်ဆောယားရဲ့ စွန့်စားခန်းများစာအုပ်ဟာ စာရေးဆရာကြီး မာ့တွိုင်းရဲ့ ဂန္ဓဝင်ဝတ္တုတစ်ပုဒ်ဖြစ်ပါတယ်။ စွန့်စားခန်းဆိုလို့ တကယ့်တောကြီးမျက်မည်းထဲက အကြမ်းပတမ်းလို့ ထင်ရင်တော့ မှားသွားပါလိမ့်မယ်။ တွမ်ဆောယားဆိုတဲ့ ကလေးသာသာ လူငယ်လေးတစ်ယောက်ရဲ့ မစ္စစပီမြစ်ကြောင်းတစ်လျှောက် လုပ်ဆောင်ခဲ့တဲ့ စွန့်စားခန်းတွေအကြောင်း ဖတ်ရှုရမှာ ဖြစ်ပါတယ်။

မိဘမဲ့ကလေးတစ်ယောက်ဖြစ်တဲ့ တွမ်ဟာ အန်တီပူလီရယ် သူ့တစ်ဝမ်းအစ်ကို ဆစ်ရယ်နဲ့ အတူနေပါတယ်။ အန်တီပူလီက ကျောင်းထားပေးပေမယ့် ကျောင်းတက်ရမှာ သိပ်စိတ်မပါတဲ့ တွမ်ဟာ သူငယ်ချင်း ဟက်ကယ်ဘယ်ရီဖင်း (Huckleberry Finn) နဲ့အတူ ရေကူးလိုက် ထူးထူးဆန်းဆန်း ကစားနည်းတွေ ကစားလိုက်နဲ့သာ နေပါတယ်။ တွမ်ရဲ့ဖြတ်ထိုးဉာဏ်နဲ့ လိမ္မာပါးနပ်မှုကတော့ လူတိုင်းလက်ဖျားခါရပါတယ်။ တစ်နေ့မှာတော့ လူငယ်မြှီးကောင်ပေါက်ပီပီ နှလုံးသားရေးကိစ္စ အရှုပ်အထွေးနည်းနည်း တွေ့လာရတဲ့အချိန်မှာ တွမ်ဟာ ဟက်ကယ်နဲ့အတူတူ စွန့်စားခန်း တစ်ခုလုပ်ရင်း အမှတ်မထင် အရှုပ်အထွေးတွေကြားထဲ ဝင်ပါမိလျက်သား ဖြစ်သွားပါတော့တယ်။ ဒီဝတ္တုလေးဟာ မာ့တွိုင်းရဲ့ အရောင်းရဆုံးသော ဂန္ဓဝင်ဝတ္တုတစ်အုပ်ဖြစ်တဲ့အပြင် စာရေးသူရဲ့ favourite တွေထဲက တစ်ခုမို့ ညွှန်းပေးလိုက်ရပါတယ်။

Adventures of Huckleberry Finn (Mark Twain)

ဒီစာအုပ်လေးကတော့ စောစောက တွမ်ဆောယားရဲ့ စွန့်စားခန်းများစာအုပ်ရဲ့ အဆက်လို့လည်းပြောလို့ရသလို သီးခြားစီ ဖတ်မယ်ဆိုရင်လည်း ဖတ်လို့ရတဲ့စာအုပ်လေးပါ။ ဒီစာအုပ်လေးမှာတော့ တွမ်ရဲ့ သူငယ်ချင်း ဟက်ကယ်ရဲ့ တွမ်မရှိတဲ့အချိန် သူ တွေ့ကြုံစွန့်စားခဲ့ရတဲ့ စွန့်စားခန်းတွေအကြောင်း တစ်ဝကြီးဖတ်ရှုရမှာဖြစ်ပါတယ်။ တိုက်တွန်းရမယ်ဆိုရင် တွမ်ကိုအရင်ဖတ် ပြီးရင် ဟက်ကယ်အကြောင်း ဆက်ဖတ်စေချင်ပါတယ်။ ဒါဆိုရင် မစ္စစပီဒေသရဲ့ လူနေမှုဘဝနဲ့ လူငယ်တွေအကြောင်း တော်တော်လေး တီးမိ ခေါက်မိ ဖြစ်သွားမယ်ထင်ပါတယ်။

တွမ်လိုပဲ ဟက်ကယ်ဟာလဲ မုဆိုးမတစ်ဦးဖြစ်သူ အန်တီဒေါက်ကလပ်စ်ရဲ့ စောင့်ရှောက်မှုအောက်မှာ နေရတဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဟက်ကယ့်မှာ ဖခင်ဖြစ်သူတော့ ရှိပါတယ်။ ဒါပေမယ့် စိတ်မထင်ရင် မထင်သလို နှိပ်စက်တတ်တဲ့ လူဆိုးလူမိုက်တစ်ဦး ဖြစ်ပါတယ်။ အန်တီဒေါက်ကလပ်စ်မှာ စည်းကမ်းတင်းကြပ်ပြီး ရက်စက်တတ်တဲ့ ညီမဖြစ်သူ အန်တီဝပ်ဆင်ဆိုတာ ရှိပါတယ်။ အန်တီဝပ်ဆင်ရဲ့ ကျွန်တစ်ဦးဖြစ်တဲ့ လူမည်းအမျိုးသား ဂျင်ကို လွတ်မြောက်အောင် ကူညီရင်း ဟက်ကယ်ကိုယ်တိုင်လည်း သူ့ဖခင် လူမိုက်ကြီးရဲ့ ဖမ်းဆီးမှုတွေက လွတ်မြောက်အောင်ကြိုးစားလို့ မစ္စစပီမြစ်ရိုးတစ်လျှောက်ကို ဖောင်ကလေးနဲ့ စုန်ဆင်းရင်း ဘယ်လို စွန့်စားခန်းတွေ တွေ့ကြုံရမလဲဆိုတာ စာအုပ်လေးဖတ်ရင်း စီးမျောကြရအောင်။

Frankenstein (Mary Shelley)

ဖရန်ကင်စတိန်းကို တော်တော်များများ ကြားဖူးနားဝ ရှိကြမယ်ထင်ပါတယ်။ ပြည့်ပြည့်စုံစုံ သိချင်ရင်တော့ မေရီရှယ်လေရဲ့ မူရင်းဝတ္တုကို ဖတ်စေချင်ပါတယ်။ ကြောက်စရာကောင်းတဲ့ monster ကြီးရဲ့ ဖြစ်တည်လာမှု မူလအစတွေ အကြောင်းတရားတွေကို သိရှိစေချင်လို့ပါ။ မေရီရှယ်လေဟာ ဒီဝတ္တုကိုရေးသားစဉ်က အသက် ၁၈နှစ်သာ ရှိပါသေးတယ်။ ရူးသွပ်တဲ့ သိပ္ပံပညာရှင် ဇာတ်လမ်းတွေရဲ့ ရှေ့ဆောင် မူလအစလို့တောင် ပြောနိုင်တဲ့ ဝတ္တုဖြစ်ပါတယ်။

ဝတ္တုလေးရဲ့အစကို လူသူကင်းမဲ့တဲ့ မြောက်ဝင်ရိုးစွန်းတစ်နေရာမှာ ကပ္ပတိန်ဝပ်ဆန် တွေ့မြင်ရတဲ့ အရိပ်နှစ်ခုအကြောင်းနဲ့ ဖွင့်ထားပါတယ်။ အရိပ်တစ်ခုက ပုံမှန်ဖြစ်ပြီး တစ်ခုကတော့ ပုံမှန်ထက် ပိုကြီးမားပါတယ်။ ကပ္ပတိန်တို့ဟာ အစာရေစာ ငတ်ပြတ်နေပြီး အားမရှိတဲ့ ပုံမှန်လူတစ်ယောက်ကို သင်္ဘောပေါ် ကယ်တင်ပြီး ပြုစု စောင့်ရှောက်ပေးခဲ့ပါတယ်။ ဗစ်တာ ဖရန်ကင်စတိန်းလို့ခေါ်တဲ့ ဒီလူဟာ ထူးချွန်ထက်မြက်တဲ့ သိပ္ပံပညာရှင်တစ်ဦး ဖြစ်ပါတယ်။ သူပုံမှန်နီးပါး ပြန်ကျန်းမာလာတဲ့အခါမှာ သူ့ရဲ့ တီထွင်မှုတွေထဲက ကြောက်စရာအကောင်းဆုံး တီထွင်မှုတစ်ခုအကြောင်းနဲ့ အဲဒီအရာရဲ့ နောက်ဆက်တွဲကြောင့် လုပ်ခဲ့ရတဲ့ စွန့်စားမှုတွေ ပြီးတော့ သတ္တဝါကြီးရဲ့ဘက်က ခံစားမှုတွေအကြောင်း၊ အတွေးတွေရဲ့အကြောင်း သူ့ရဲ့ပြောပြချက်တွေကနေ သဲထိတ်ရင်ဖို ဖတ်ရှုရမှာဖြစ်ပါတယ်။

Papillon (Henri Charriere)

ဒီစာအုပ်ကတော့ စွန့်စားခန်းဝတ္တု ကြိုက်နှစ်သက်တတ်တဲ့သူတွေအတွက် တကယ့်စာအုပ်ပါပဲ။ ကိုယ့်ကို စွန့်စားခန်းဝတ္တုတွေကို ကြိုက်နှစ်သက်လာစေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်နေပါတယ်။ မူရင်းဝတ္တုကတော့ ပြင်သစ်ဝတ္တု ဖြစ်ပါတယ်။ ပါပီလွန်နဲ့ ဗင်ကို ဆိုပြီး ဆရာဦးလှဝင်း(လေသူရဲတစ်ဦး)က ဘာသာပြန်ပေးထားပါတယ်။ လောကဓံရိုက်ချက်တွေ စွန့်စားမှုတွေကို ကြံ့ကြံ့ခံနိုင်မှုနဲ့ ပတ်သက်ပြီး လုံးဝကိုအသက်ဝင်တဲ့ ဝတ္တုတစ်အုပ်ဖြစ်ပါတယ်။ ဒါ့အပြင် အဲ့ဒီခေတ်စနစ်တွေကိုလည်း မီးမောင်းထိုးပြထားပါသေးတယ်။ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာက ဒီစာအုပ်ဟာ တစ်ကယ့်အဖြစ်အပျက်ပေါ်မှာ အခြေခံပါတယ်။

ဒုတိယကမ္ဘာစစ်မတိုင်မီက ပြင်သစ်အကျဉ်းထောင်တွေရဲ့ တစ်ကျွန်းစနစ်ဟာ အရက်စက်ဆုံးလို့ ပြောနိုင်ပါတယ်။ ထွက်ပြေး လွန်မြောက်ဖို့ မပြောနဲ့ အသက်မသေအောင် နေရတာကပဲ အလွန်ခက်ခဲလှတဲ့ အလုပ်တစ်ခုပါ။ တစ်ကျွန်းအပို့ခံရတဲ့ အကျဉ်းသားတွေဆိုတာကလည်း သူ့ထက်သူ လူဆိုးတွေချည်းပါပဲ။ အချင်းချင်းဖြစ်တဲ့ သတ်ပွဲတွေကြားမှာလည်း ဘယ်ထောင်အမှုထမ်းကမှ အပင်ပန်းခံ အမှုဖော်မနေပါဘူး။ ဒီလိုအခြေအနေတွေကြားမှာ ပါပီလွန်ဟာ ၁၃နှစ်ကျော်အောင် ကြံ့ကြံ့ခံနေခဲ့ပြီး ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ လွတ်မြောက်ပြီးနောက်ပိုင်းလည်း ဘယ်လိုအခက်အခဲတွေက သူ့ကို ဆက်ပြီး စောင့်ကြိုနေသလဲဆိုတာ ဆက်သာ ဖတ်ရှုလိုက်ပါတော့။

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top