သားသမီးငယ်ငယ်လေးတွေနဲ့အတူ ခရီးထွက်ကြတဲ့ မိဘတွေကို စာဖတ်ပရိသတ်တွေက အမြဲတွေ့ဖူးကြမှာပါ။ မလေးရှားလူမျိုးဓာတ်ပုံဆရာ၊ ရုပ်ရှင်ဒါရိုက်တာ စတီဖန် ချောင် (Stefen Chow) ကလည်း သူ ခရီးထွက်တဲ့အခါတိုင်းမှာ သူ့ရဲ့သားသမီးတွေကို ခေါ်သွားတတ်ပါတယ်။ ဒါပေမဲ့ သူက သူ့သားသမီးနဲ့ သားအဖသံယောဇဉ်ပိုပြီးခိုင်မာစေဖို့အတွက် ခရီးကို ခေါ်သွားတာဖြစ်ပါတယ်။
စတီဖန်က ၂၀၁၅ခုနှစ်ကစပြီး သူ့ရဲ့ကလေး (၂) ယောက်ကို သူရဲ့တစ်ကိုယ်တော်ခရီးထွက်တဲ့အခါတိုင်း ခေါ်သွားနေခဲ့တာပါ။ သူက သူ့ရဲ့သမီး (၂) နှစ်အရွယ်ရောက်တဲ့အခါ၊ သူ့သမီးနဲ့ စကားတွေပိုပြောဖြစ်လာတဲ့အခါမှာ ခရီးထွက်တဲ့အခါ ခေါ်သွားဖို့ အကြံရခဲ့ပါတယ်။
သူဟာ သူ့သမီးနဲ့ သားအဖဆက်ဆံရေးခိုင်မာချင်ခဲ့ပါတယ်။ အိမ်မှာဆိုရင် ကလေးက သူ့ဇနီးနဲ့ ပိုအနေများတာကြောင့် သူ့သမီးနဲ့ ရင်းနှီးမှုမရသလိုခံစားခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် သူ့သမီးနဲ့အတူ ခရီးထွက်မယ်ဆိုရင် ရင်းနှီးမှုရဖို့အတွက် အလုပ်ဖြစ်နိုင်တယ်လို့ စတီဖန်က တွေးမိခဲ့ပါတယ်။ သူ့သမီး နှစ်နှစ်ခွဲမှာ သူနဲ့အတူ ပထမဆုံးခရီးကို စတင်ခဲ့ပါတယ်။
၂၀၁၉ခုနှစ် ဒီဇင်ဘာ ၂၄ ရက် ကနေ ဒီဇင်ဘာ ၃၀ ရက်နေ့ထိ သူ့သမီးနဲ့ ဗီယက်နမ်ခရီးစဉ်က ငါးကြိမ်မြောက်ခရီးဖြစ်ပါတယ်။ သူဟာ ငါးကြိမ်မြောက်ခရီးအဖြစ် သူ့သမီးနဲ့ ဗီယက်နမ်သွားတဲ့ပုံတွေကို ဖေ့စ်ဘွတ်ပေါ်တင်ခဲ့ပါတယ်။ သူ့သမီးနဲ့အတူ သွားခဲ့တဲ့ ခရီးစဉ် (၄) ခုက ၂၀၁၅ခုနှစ်က ဂျပန်၊ ၂၀၁၇ခုနှစ်က ထိုင်ဝမ်၊ ၂၀၁၈ခုနှစ်က တောင်ကိုရီးယားတို့ပဲဖြစ်ပါတယ်။
စတီဖန်က သူ့သမီးရဲ့ခေါက်ဆွဲစားနေတဲ့ပုံ၊ ပြောင်းဖူးကြိတ်ခွဲစက်ကို ကိုင်နေတဲ့ပုံတွေကို ရိုက်ထားခဲ့ပါတယ်။ သူကလည်း သူ့သမီးကို ဗီယက်နမ်စစ်ပွဲအကြောင်းနဲ့ နိုင်ငံပြန်လည်ပေါင်းစည်းတဲ့အတောအတွင်းမှာ ဗီယက်နမ်မိခင်တွေ အနစ်နာခံခဲ့ရပုံတွေကို ပြောပြပေးခဲ့ပါသေးတယ်။ ဗီယက်နမ်ခရီးစဉ်လည်း ပြီးသွားတော့ စတီဖန်က သူ့သမီးဟာ ဘယ်လောက် အရွယ်ရောက် လာတယ်ဆိုတဲ့အကြောင်း၊ ခရီးထွက်တာက သူတို့ကို ဘယ်လိုရင်းနှီးလာစေတယ်ဆိုတဲ့အကြောင်းလည်း ထုတ်ပြောပြခဲ့ပါတယ်။
စတီဖန်က သူ့သမီးနဲ့အတူ ဗီယက်နမ်ကို ခရီးမထွက်ခင်က သူ့သားနဲ့အတူ၂၀၁၉ခုနှစ် ဒီဇင်ဘာ၁၆ ကနေ ၂၃ရက်နေ့ထိ ဂျပန်ကိုခရီးထွက်ခဲ့ပါသေးတယ်။ သူ့သားနဲ့အတူ ဂျပန်ခရီးစဉ်က (၄) ကြိမ်မြောက်ခရီးဖြစ်ပြီး သူ့သားနဲ့သွားခဲ့ဖူးတဲ့ခရီးတွေက၂၀၁၇ခုနှစ်က ဆာရာဝါခ်၊ ၂၀၁၈ခုနှစ်က ယိုနန်၊ ၂၀၁၉ခုနှစ် ဇွန်လမှာ ထိုင်ဝမ်တို့ဖြစ်ပါတယ်။
သူ့သား (၂) နှစ်၊ (၃) နှစ်အရွယ်ကသွားခဲ့တဲ့ ခရီးစဉ်နှစ်ခုနဲ့မတူဘဲ အခုတော့ သူ့သားက မြူးကြွပျော်ရွှင်တတ်တဲ့ခရီးသွားဖော်တစ်ယောက်ဖြစ်လာခဲ့တယ်လို့ စတီဖန်က ပြောပါတယ်။ သူ့သားငယ်နဲ့အတူ နှစ်ယောက်တည်းခရီးထွက်ရတာက သူ့နဲ့ (၂၄) နာရီလုံးအတူရှိနေရတဲ့အတွက် ဆုလာဒ်တစ်ခုလိုပါပဲလို့လည်း ပြောပါတယ်။
စတီဖင်က သူ့သားနဲ့ ရင်းရင်းနှီးနှီးနေရင်း သူ့ရဲ့ပင်ကိုယ်စရိုက်နဲ့အပြုအမူတွေကို သိရတဲ့အတွက် ဖခင်တစ်ယောက်အနေနဲ့ ပျော်ရွှင်မိတယ်လို့ ဆိုပါတယ်။ စတီဖင်က အလုပ်ပါးတဲ့အချိန် နှစ်ကုန်ခါနီးလောက်ဆိုရင် သူ့သားသမီးတွေနဲ့ ခရီးထွက်လေ့ရှိပါတယ်။ သူ့ဇနီးကလည်း ကလေးတွေနဲ့ သူတစ်ယောက်တည်းအချိန်ပေးဖို့လိုအပ်တာကို နားလည်တဲ့အတွက် ခရီးထွက်တာက သားအဖဆက်ဆံရေးမှာ ဘယ်လိုတိုးတတ်မှုရှိတယ်ဆိုတာကို သိတဲ့အတွက် သားသမီးတွေနဲ့အတူသွားတဲ့ခရီးစဉ်တိုင်းကို အပြည့်အဝထောက်ပံ့ပေးတယ်လို့ စတီဖန်ရဲ့ပြောစကားအရ သိရပါတယ်။
ကလေးတွေနဲ့ ခရီးအတူထွက်ပေးတာက လုပ်သင့်တဲ့အရာဖြစ်တဲ့အတွက် ဖြစ်နိုင်ရင် သားသမီးတွေနဲ့ အချိန်ကုန်ပေးပါလို့ စတီဖန်က အကြံပြုထားပါတယ်။
Ref: M’sian photographer brings his S’porean toddlers on solo travels for bonding & life lessons
WL (ရိုးရာလေး)