အိုမီခရွန် မျိုးကွဲသစ် ပျံ့နှံ့နေချိန်မှာ အဝတ်နှာခေါင်းစည်း မတပ်ကြဖို့၊ ၃ လွှာနဲ့ N95 နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ အကြံပြုချက် ထွက်ပေါ်

27.12.2021yyl10.jpg

ကူးစက်မြန် အိုမီခရွန် ကိုဗစ်မျိုးကွဲသစ် ပျံ့နှံ့နေချိန်မှာ နှာခေါင်းစည်းတပ်ဆင်မှု ညွှန်ကြားချက်တွေကို ပြန်လှန်သုံးသပ်ဖို့ လိုအပ်နေပြီး အဝတ်နှာခေါင်းစည်းတပ်ဆင်တာမျိုး မလုပ်ကြဖို့ ကျန်းမာရေးပညာရှင်တစ်ဦးက ပြောပါတယ်။

” အဝတ်နှာခေါင်းစည်းတွေက မျက်နှာအလှဆင်ရုံထက် မပိုပါဘူး။ အိုမီခရွန် မျိုးကွဲသစ် ပျံ့နှံ့လာချိန်မှာ အဝတ်နှာခေါင်းစည်းတွေဝတ်လို့ မရတော့ပါဘူး။ သိပ္ပံပညာရှင်တွေနဲ့ ပြည်သူ့ကျန်းမာရေးအရာရှိတွေကလည်း ဒီအကြောင်းကို ပြောနေတာ လနဲ့ချီနေပါပြီ” လို့ ဂျော့ဝါရှင်တန်တက္ကသိုလ် မီလ်ကန်ပြည်သူ့ကျန်းမာရေးသိပ္ပံမှာ ကျန်းမာရေးမူဝါဒနဲ့ စီမံခန့်ခွဲမှုပညာရပ် ပို့ချနေတဲ့ ဧည့်ပါမောက္ခ ဒေါက်တာ လင်နာဝမ်က ပြောပါတယ်။

” အနည်းဆုံး ၃ လွှာပါတဲ့ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း တပ်ဆင်ရမှာပါ။ အဲဒီအပေါ်ကနေ အဝတ်နှာခေါင်းစည်း တပ်ချင်တပ်ပေါ့။ ဒါပေမဲ့ အဝတ်နှာခေါင်းစည်းတစ်ခုတည်းတော့ မတပ်ပါနဲ့။ လူထူထပ်တဲ့နေရာတွေကို သွားရင်တော့ KN95 ဒါမှမဟုတ် N95 နှာခေါင်းစည်းတွေ တပ်ဆင်သင့်တယ်” လို့ လင်နာဝမ်က ဆိုပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလ အစောပိုင်းမှာ ကျန်းမာရေးဝန်ထမ်းတွေအတွက် တစ်ကိုယ်ရေကာကွယ်ရေးပစ္စည်းတွေ ပြတ်လပ်ခဲ့လို့ ပြည်သူတွေအနေနဲ့ N95 လို နှာခေါင်းစည်းတွေကို အလုအယက် မဝယ်ကြဖို့ ကျန်းမာရေးပညာရှင်တွေက မေတ္တာရပ်ခံခဲ့ကြပါတယ်။ အမေရိကန်နိုင်ငံ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာကတော့ အခုအချိန်အထိ N95 နှာခေါင်းစည်းတွေအစား ၂ လွှာနဲ့အထက် ပါဝင်တဲ့ နှာခေါင်းစည်းတွေပဲ တပ်ဆင်ကြဖို့ ညွှန်ကြားထားဆဲပါ။ ဒါဟာ လွဲမှားမှုတစ်ရပ်ဖြစ်တယ်လို့ လင်နာဝမ်က ပြောပါတယ်။ ” လူတွေက နှာခေါင်းစည်းတပ်ဆင်လေ့မရှိဘူး။ ဒါပေမဲ့ နှာခေါင်းစည်းတပ်ဖို့လည်း လိုတယ်။ အဲဒီလိုဆိုရင် အမှန်တကယ် ကာကွယ်ပေးနိုင်တဲ့ နှာခေါင်းစည်းမျိုး တပ်ဆင်ကြအောင် အကြံပြုသင့်ပါတယ်” လို့ သူက ဆိုပါတယ်။

အဝတ်နှာခေါင်းစည်းတွေက ကြီးမားတဲ့ အရည်စက်တွေကို တားဆီးပေးနိုင်ပေမဲ့ N95 လို နှာခေါင်းစည်းတွေကတော့ ကြီးမားတဲ့ အရည်စက်တွေရော၊ အမှုန်အမွှားငယ်တွေကိုပါ တားဆီးပေးနိုင်စွမ်း ရှိပါတယ်။ အဝတ်နှာခေါင်းစည်းက အတွင်း၊ အပြင် စိမ့်ဝင်၊ စိမ့်ထွက်မှုကို ၇၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး N95 နှာခေါင်းစည်းကတော့ အမှုန်အမွှားတွေကို ၉၅ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းတွေကတော့ N95 နဲ့ယှဉ်ရင် ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်း လျော့နည်းပါတယ်။

Ref: CNN “Why you should upgrade your mask as the Omicron variant spreads”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top