သူ့ရဲ့ဘုရင်မအဖြစ် ဇနီးဖြစ်သူကို ချီးကျူးလိုက်ခြင်းဖြင့် ကွာရှင်းတော့မယ်လို့ ထင်ကြေးပေးမှုတွေကို ပြန်ချေပလိုက်တဲ့ ရန်ဗီယာဆင်း

6-10-2022-yyl01.jpg

မကြာသေးခင်က ဘောလိဝုဒ်ရဲ့နာမည်ကြီးစုံတွဲ မင်းသားရန်ဗီယာဆင်းနဲ့ မင်းသမီးဒီပီကာပက်ဒူကုန်းတို့အိမ်ထောင်သက် (၄) နှစ်အကြာမှာ ကွာရှင်းကြတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလိုထင်ကြေးပေးမှုတွေနဲ့ပတ်သက်ပြီး ရန်ဗီယာဆင်းနဲ့ ဒီပီကာတို့က ဘာမှမပြောခဲ့ကြပေမဲ့ ဇနီးဖြစ်သူ ဒီပီကာကို သူ့ရဲ့ဘုရင်မအဖြစ် ရန်ဗီယာက တင်စားပြီးချီးကျူးပြောဆိုလိုက်တဲ့အခါမှာ ထင်ကြေးပေးမှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။

ဒီပီကာကို နာမည်ကြီးလက်ဝတ်ရတနာတံဆိပ် Cartier ရဲ့ brand ambassador အဖြစ် ကြေညာခဲ့ပြီးတဲ့နောက်မှာ ရန်ဗီယာက “ကျွန်တော့်ဘုရင်မ….ကျွန်တော်တို့ကို ဂုဏ်ယူရအောင် လုပ်နေတယ်” လို့ လူမှုကွန်ယက်ပေါ်မှာ ရေးသားခဲ့တာပါ။ ဒါမတိုင်ခင်ကလည်း ဒီပီကာရဲ့ပို့စ်တွေမှာ ရန်ဗီယာက အသည်းကွန်မန့်တွေ ပေးခဲ့ပါသေးတယ်။

တွစ်တာအကောင့် Umair Sandu က ရန်ဗီယာနဲ့ ဒီပီကာတို့ကြား အရာရာအဆင်မပြေဘူးလို့ ပြောလာတဲ့အချိန်မှာ ကွာရှင်းတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ စတင်လာခဲ့တာပါ။ ဒီထင်ကြေးပေးမှုတွေကြောင့် ပရိသတ်တွေက စိုးရိမ်ခဲ့ကြရပါတယ်။ ‌ကောလာဟလမတိုင်ခင် ပွဲတစ်ပွဲမှာ ရန်ဗီယာက ၂၀၂၂ ခုနှစ်ဟာ သူတို့ရဲ့ချစ်သူသက်တမ်း ၁၀ နှစ်ပြည့်ဖြစ်တယ်ဆိုတာအပြင် ပရိသတ်တွေက သူတို့နှစ်ယောက်ကို ဇာတ်ကားမှာ အတူမြင်တွေ့ရမှာဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။

“၂၀၁၂ ခုနှစ်မှာ ကျွန်တော်တို့ တွေ့ဆုံပြီး တွဲခဲ့ကြတာဖြစ်လို့ ၂၀၂၂ ခုနှစ်က ကျွန်တော်နဲ့ ဒီပီကာအတွက် ဆယ်နှစ်ပြည့်ပါ။ ကျွန်တော် သူ့ကို အရမ်းလေးစားတယ်။ ကျွန်တော့်ရဲ့ကိုယ်ရေးကိုယ်တာဘဝမှာ သူ့ဆီက အများကြီးသင်ယူခဲ့ရတယ်။ ပရိသတ်တွေအားလုံးအတွက် အံ့အားသင့်စရာတစ်ခုရှိပါတယ်။ မကြာခင် ကျွန်တော်တို့ကို အတူတူမြင်တွေ့ရတော့မှာပါ။ သူက ကျွန်တော့်အတွက် အကောင်းဆုံးအရာတွေထဲက တစ်ခုဖြစ်ပြီး ကျွန်တော့်ဘဝမှာ သူ့ကို အရမ်းကျေးဇူးတင်မိတယ်”လို့ ရန်ဗီယာက ဆိုပါတယ်။

ရန်ဗီယာဆင်းနဲ့ ဒီပီကာပက်ဒူကုန်းတို့ဟာ Goliyon Ki Raasleela ဇာတ်ကားရိုက်ကူးရင်း ၂၀၁၂ ခုနှစ်မှာ ချစ်သူတွေဖြစ်ကာ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပါတယ်။

Ref: Tribune “Ranveer Singh hails Deepika Padukone as his ‘queen’ amid divorce rumours”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top