ဉီးနှောက်ချို့ယွင်းခြင်းရဲ့ကြိုတင်သတိပေးလက္ခဏာများ

31-8-2021-yyl16.jpg

လူတစ်ယောက်ဟာ ဘယ်အသက်အရွယ်ပဲဖြစ်ဖြစ် အနည်းငယ်မေ့လျော့ခြင်းက ပုံမှန်ပါပဲ။ ကားသော့၊ အိမ်သော့ ဘယ်နားထားမှန်းမသိတာ၊ ပိုက်ဆံအိတ်မေ့ကျန်တာ၊ ပစ္စည်းတစ်ခုခုမေ့ကျန်တာ၊ အသိမိတ်ဆွေတစ်ယောက်နဲ့ ရုတ်တရက်တွေ့ပြီး နာမည်မေ့တာတွေ ကျွန်တော်တို့ဖြစ်ကြပါတယ်။ ကျွန်တော်တို့တစ်နေ့တာမှာ မတူညီတဲ့လုပ်ဆောင်ချက်တွေကို ဉီးနှောက်က မှတ်သားထားရပါတယ်။ တစ်ခါတလေ အရေးမကြီးတဲ့၊ ကိစ္စအသေးအမွှားတွေကို ခေါင်းထဲက ထုတ်ပစ်မိကြပါတယ်။ ဒါပေမဲ့ အဲဒီလိုဖြစ်တာတွေ ပြင်းထန်လာတဲ့အချိန်မှာပြဿနာဖြစ်လာဖြစ်ပြီး တစ်နေ့တာလုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက်ဖြစ်လာရပါတယ်။

အသက်အရွယ်ရလာတာနဲ့အမျှ ဉီးနှောက်ချို့ယွင်းခြင်းလို့ ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေတွေဖြစ်လာနိုင်ဖို့ အလားအလာပိုရှိလာပါတယ်။ ဒါက တိကျတဲ့ရောဂါမဟုတ်ပါ။
ဉီးနှောက်ချို့ယွင်းခြင်းမဖြစ်ပွားခင် အသိပေးလက္ခဏာရပ်တချို့ရှိပါတယ်။ ဒီစိတ်ကျန်းမာရေးအခြေအနေအတွက် ကုစရာဆေးမရှိသလိုကာကွယ်လို့လည်းမရဘူးပေမဲ့ အစောဆုံးသိပြီးကုသတာက ဒီရောဂါကို ကောင်းကောင်းကိုင်တွယ်ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ကုသမှုစောစောစခြင်းကပိုကောင်းတဲ့နည်းလမ်းနဲ့ကူညီစီမံနိုင်တယ်။

ဉီးနှောက်ချို့ယွင်းခြင်းရဲ့ကြိုတင်သတိပေးလက္ခဏာရပ်တွေကတော့

ပြောစကားကို သတိပြုနိုင်စွမ်းမရှိခြင်း

အောက်စဖို့ဒ်သုတေသီတွေပြုလုပ်တဲ့လေ့လာချက်အသစ်အရ ဆူညံတဲ့ပတ်ဝန်းကျင်ကစကားပြောသံကို သတိပြုနိုင်စွမ်း၊ ကြားနိုင်စွမ်း၊ ခွဲခြားနိုင်စွမ်းမရှိတာက ဉီးနှောက်ချို့ယွင်းခြင်း ဖြစ်နိုင်ချေအလားအလာရှိတယ်ဆိုတာကို ညွှန်ပြနေတယ်လို့ သိရပါတယ်။ ပြောစကားကို သိနိုင်စွမ်း၊ကြားနိုင်စွမ်း၊ ခွဲခြားနိုင်စွမ်းမရှိတာ ယေဘုယျအားဖြင့် အကြားအာရုံဆုံးရှုံးတဲ့လက္ခဏာတစ်ခုလို့ ယူဆနိုင်ပေမဲ့ အောက်စဖို့ဒ်သုတေသီတွေက ဒါကဉီးနှောက်ချို့ယွင်းခြင်းနဲ့လည်း ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ သုတေသီတွေရဲ့အဆိုအရ ဆူညံတဲ့ပတ်ဝန်းကျင်မှာ ပြောစကားတွေကြားရဖို့ ရုန်းကန်နေရသူတွေဟာ အကြားအာရုံအခက်အခဲမရှိတဲ့သူတွေထက် ဉီးနှောက်ချို့ယွင်းခြင်းဖြစ်နိုင်ခြေနှစ်ဆပိုများတယ်လို့ သိရပါတယ်။

မှတ်ဥာဏ်ဆုံးရှုံးခြင်း

မှတ်ဉာဏ်ဆုံးရှုံးခြင်းက ဉီးနှောက်ချို့ယွင်းခြင်းရဲ့အစောဆုံးလက္ခဏာရပ်တွေထဲက တစ်ခုပါပဲ။ ဒီအခြေအနေဖြစ်ခါနီး လူတစ်ဦးက အကြောင်းအရာတွေကို ပြန်လည်မှတ်မိဖို့ခက်ခဲကြပါတယ်။ သူတို့က ဒီလိုအသေးစိတ်အချက်အလက်တွေကို မှတ်ထားဖို့ မိသားစုနဲ့သူငယ်ချင်းတွေကိုအားကိုးကြရပါတယ်။ အဖြစ်အပျက်တစ်ခုခုကို ရံဖန်ရံခါမေ့သွားပြီး နောက်မှာ ပြန်မှတ်မိတာကတော့ ဉီးနှောက်ချို့ယွင်းခြင်းလို့ သတ်မှတ်လို့မရပါဘူး။ ဒါက အသက်အရွယ်နဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပါပဲ။

လုပ်နေကျနေ့စဉ်အလုပ်တွေကို ပြီးမြောက်အောင်လုပ်ဖို့အခက်တွေ့ခြင်း

ဉီးနှောက်ချို့ယွင်းခြင်းနဲ့အတူ လက်ဖက်ရည်တစ်ခွက်ဖျော်တာ၊ ကွန်ပျူတာသုံးတာလို့ အခြေခံအလုပ်တာဝန်တွေ ဆောင်ရွက်ဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒါတွေက နှစ်ပေါင်းများစွာ သင် လုပ်ခဲ့ဖူးတဲ့ အလုပ်တချို့ဖြစ်ပေမဲ့လည်း ဉီးနှောက်ချို့ယွင်းခြင်းဖြစ်လာတော့မယ်ဆိုရင် အဲဒီအလုပ်တွေ ပြီးမြောက်ဖို့ စိန်ခေါ်မှုဖြစ်နေပါတယ်။ ဒီအခက်အခဲကို အလုပ် (သို့) အိမ်မှာ ရင်ဆိုင်ရနိုင်ပါတယ်။

စကားစမြည်းပြောဖို့နဲ့ မှန်ကန်သောစကားလုံးရှာဖို့ အခက်ကြုံနေခြင်း

ဉီးနှောက်ချို့ယွင်းခြင်းဖြစ်လာနိုင်ခြေရှိတဲ့သူတွေက စကားဝိုင်းဖွဲ့ပြောဖို့နဲ့ အတွေးတွေကို စကားလုံးအဖြစ် ပြောင်းပြောဖို့ အခက်အခဲတွေ့နိုင်ပါတယ်။ ဉီးနှောက်ချို့ယွင်းခြင်းဖြစ်တော့မဲ့သူတွေက သူတို့ပြောတဲ့အကြောင်းအရာ (သို့) အခြားသူပြောတဲ့အကြောင်းအရာတွေကို မေ့သွားတတ်ကြပါတယ်။ စာလုံးပေါင်းမှားလာမယ်။ သဒ္ဒါအတားအသိုမှားလာမယ်။ လက်ရေးတွေက ဖတ်ဖို့တောင် အခက်အခဲဖြစ်လာနိုင်ပါတယ်။

စိတ်ခံစားချက်အပြောင်းအလဲမြန်ခြင်း

မကြာခဏစိတ်ခံစားချက်ပြောင်းလဲတာက ဉီးနှောက်ချို့ယွင်းခြင်းရဲ့လက္ခဏာရပ်လို့ အလွယ်တကူသတ်မှတ်နိုင်ပါတယ်။ တစ်ခါတလေ အခြားသူတွေ စိတ်မကောင်းစရာဖြစ်နေရင် သင်က ပျော်ရွှင်သလို ခံစားရနေတယ်။ ကိုယ်ရည်ကိုယ်သွေးတွေ တဖြည်းဖြည်းပြောင်းလဲလာမယ်။ စိတ်ကျရောဂါခံစားနေရသူတွေကလည်း ဒီအခြေအနေမျိုးဖြစ်လာတတ်ပါတယ်။

Ref: 5 early warning signs of dementia

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top